ချင်းပြည်နယ်၊ ဟားခါးမြို့အနီး CDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံ ခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး CDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံ ခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိ

နေပြည်တော်၊ ဩဂုတ် - ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး CDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် ယနေ့တွင် အပြစ်မဲ့ ပြည်သူအမျိုးသမီး ၁ ဦးသေဆုံးပြီး  အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ဖြင့် လူနာများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ်ဖော်ထုတ်ခဲ့ရာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ ဦးကောလျန်(ဘ) ဦးလာတင်ဟုတ် သည် ၎င်း၏ ဇနီးဖြစ်သူ  ဒေါ်ရှန်းနမ်ကျဲရ်(ဘ)ဦးတွောင်လိန်းဆုန် နှင့်  ညီဖြစ်သူ ဦးကပ်ထန်ဟရဲ(ဘ)ဦးလာတင်ဟုတ် တို့လိုက်ပါ၍ ဟားခါးမြို့မှ Landcruiser  အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2B/------- ဖြင့် ရန်ကုန်မြို့သို့ သွားရောက်စဉ် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဟားခါးမြို့၏  အထွက် ၄ မိုင်ခန့် အကွာသို့ အရောက်၌ CDF အမည်ခံအကြမ်းဖက်သမားများ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေါ်ရှန်းနမ်ကျဲရ် မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးကောလျန်နှင့် ဦးကပ်ထန်ဟရဲ တို့ ၂ ဦးတွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်အားလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် CDF အမည်ခံအကြမ်းဖက်သမားများအား တိုင်းရင်းသားပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။