တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၂

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏‌ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြော ကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၆၉ ဦးတို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က သာပေါင်းမြို့၊ အဆင့်မြင့်စက္ကူစက်ရုံရှိ (၂၅ ကုတင်)ဆံ့ စက်ရုံဆေးရုံ၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်း ရရှိသည်။