မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ ဩဂုတ်-၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်များ အတွင်း သြဂုတ် ၁၁ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေစီးဆင်းမှုကြောင့်  တာချီလိတ်မြို့နှင့် မိုင်းတုံမြို့ပေါ်ရှိ လမ်းများနှင့် နေအိမ်များအတွင်း ရေများဝင်ရောက်ခြင်း၊ မိုင်းတုံ- ပုံပါကျင်သွားကားလမ်းပေါ် မိုင်တိုင် ၂၄/၂၅ ကီလိုမီတာကြားရှိ လမ်းပိုင်းများ၊ တံတားများ‌ရေတိုက်စား၍ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ယနေ့တွင် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံပြည်သူများက ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ကူညီဆောင်ရွက်ပေး ခြင်း၊ ရေချောင်းများအား မြေဖို့ပေးခြင်း၊ လမ်းများပြန်လည်ပြုပြင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟံဂံကျေးရွာအတွင်းရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၇)နှင့် ရပ်ကွက်(၈)တို့အတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ ရာ ရေဘေးသင့်ပြည်သူများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။