FBI က ထရမ့်၏နေအိမ်မှ နျူကလီးယား လက်နက်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လာရှာခြင်းဖြစ်ဟုဆို

FBI က ထရမ့်၏နေအိမ်မှ နျူကလီးယား လက်နက်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လာရှာခြင်းဖြစ်ဟုဆို

အမေရိကန်ဗဟို ထောက်လှမ်းရေး ဗျူရို (FBI) ကဖလော်ရီဒါပြည်နယ်ရှိ သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ နေအိမ်မှ နျူကလီးယား လက်နက်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လာရှာခြင်းဖြစ်ကြောင်း ထိုကိစ္စနှင့် ရင်းနှီးသည့် သတင်းအရင်းအမြစ် တစ်ခုကပြောသည်ဟု The Washington Post  သတင်းဌာနက သြဂုတ် ၁၁ ရက်တွင် ဖော်ပြထားသည်။

FBI  သည်   ယခုသီတင်းပတ်တွင် ဖလော်ရီဒါပြည်နယ်   မာရာလာဂိုးရှိ ဒေါ်နယ်ထရမ့်၏ နေအိမ်ကို ရုတ်တရက် စီးနင်းဝင်ရောက် ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီးနင်း ဝင်ရောက်ရှာဖွေမှုသည် နျူကလီးယား လက်နက်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ရှာဖွေခြင်းဖြစ်သော်လည်း FBI က ၎င်းတို့လိုချင်သည့် အချက်အလက်များကို ရရှိသွားခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍မူ သိရှိရခြင်း မရှိကြောင်း သတင်းဌာနက ဆက်လက် ဖော်ပြထားသည်။

ထိုကဲ့သို့ရှာဖွေမှုသည် ထရမ့်အနေဖြင့် ရာထူးမှဆင်းပေးချိန်တွင်  အိမ်ဖြူတော်မှ မှတ်တမ်းများကို တရားမဝင် ဖယ်ရှားလိုက်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ကြောင်းနှင့် အချို့သော မှတ်တမ်းများကို   လျှို့ဝှက်အဆင့် သတ်မှတ်ထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

FBI အနေဖြင့်   ထရမ့်၏ နေအိမ်မှ ရှာဖွေမှုအတွင်း  သေတ္တာ ၁၀ လုံးကျော်ကို ယူဆောင်သွားခြင်း ဖြစ်ကြောင်း သတင်း အရင်းအမြစ် တစ်ခုကပြောထားသည်ဟု သိရသည်။