မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၊ သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိ

နေပြည်တော်၊ ဩဂုတ်- ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာအနီး မန္တလေး- မုံရွာ ကားလမ်းပေါ်၌ ဩဂုတ် ၁၂ ရက်ညနေ ၅ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်မော်တော်ယာဉ်တစ်စီးကို ဒေသန္တရလက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ဂွေးပင်တောကျေးရွာအနီး၌ ဒေသန္တရ လက်လုပ်မိုင်း ၂ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဖောက်ခွဲ တိုက်ခိုက် ခြင်းကြောင့် ယာဉ်၏ ဘေးဘယ်၊ ညာ မှန်များ ကွဲကြေပျက်စီးခဲ့ပြီး ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသည့် သံဃာတော် ၂ ပါးနှင့် အမျိုးသား ၁ ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် အဆိုပါနေရာသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်ခြင်းခံရသည့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ် လိုင်းဝန်ထမ်း ၄ ဦး၊ ခရီးသည် ၁၁ ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ သည်။

ဖြစ်စဉ်တွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးနှင့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီး၍ ဥပဒေအရအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။