ကျောက်ချက်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ၃၃၅ ကတ်ကို ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ထုတ်ပေးနိုင်

ကျောက်ချက်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ၃၃၅ ကတ်ကို ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ဆောင်ရွက်ထုတ်ပေးနိုင်

နေပြည်တော်  သြဂုတ်  ၁၇

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည်   ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်     ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာရှိ ဓမ္မသုခလယ်ပြင်ဦး ကျောင်းတိုက်ဓမ္မာရုံ၌ ကျောက်ချက်ကျေးရွာ အုပ်စုအတွင်းရှိ ကျောက်ချက်၊ အလယ်ရွာ၊ ထိန်ပင်၊ ရှမ်းရွာ၊ အိုင်စောက် စသည့်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများကို တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်အတွက် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲနိုင်ရေး အတွက် e-ID စနစ်ကို မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  နောင်တွင် နိုင်ငံသားကတ် ရရှိပြီးသူများ အနေဖြင့် e-ID စနစ် လုပ်ငန်းဆောင်ရွက်ရာ၌ အလွယ်တကူ ချိတ်ဆက်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားအားလုံး နိုင်ငံသားကတ် ရရှိကိုင်ဆောင်နိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ကာ  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရပ်မိရပ်ဖများကလည်း   မိမိဒေသခံ ပြည်သူများအနက် နိုင်ငံသားကတ် မရှိသေးသူစာရင်းများ ပြုစု၍ သက်ဆိုင်ရာမြို့နယ်ရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးကြစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းနှင့်   ပတ်သက်၍ သိရှိလိုသည်များနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြား၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက ်ပေးသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောက်ချက်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများအတွက် ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက    ပေးအပ်ကြရာ သက်ဆိုင်ရာ ကာယကံရှင်များက လက်ခံရယူကြပြီး ရွာသူရွာသားများ ကိုယ်စား ဒေသခံ ပြည်သူတစ်ဦးက    ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ကျောက်ချက်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အနက် နိုင်ငံသားကတ် မရှိသူများ၊ အသက်ပြည့်မီလာသူများ၊ ပျောက်ဆုံး၊ ပျက်စီးမှုနှင့် လဲလှယ်သူများ အပါအဝင် နိုင်ငံသား စိစစ်ရေးကတ်ပြား စုစုပေါင်း ၃၃၅ ကတ်ကို ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် ဆောင်ရွက် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓမ္မသုခ လယ်ပြင်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိလောကအား သွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ သာသနာရေး ဆိုင်ရာများ မေးမြန်းလျှောက်ထားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း  သိရသည်။