နေကြာသီးနှံကို ဧက ၁ ဒသမ ၅ သန်းထိ တိုးချဲ့စိုက်ပျိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေး

နေကြာသီးနှံကို ဧက ၁ ဒသမ ၅ သန်းထိ တိုးချဲ့စိုက်ပျိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၁၇

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုကြီးကြပ် ရေးကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်မှုကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဒေါက်တာအောင်ကြီး၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန အသီးသီးမှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ   တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်နှင့်  စားသုံးဆီ ဖူလုံစေရန်ရည်ရွယ်၍ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ရေးကော်မတီက ဧပြီ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် - ၁/၂၀၂၂ ဖြင့် ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်  စားသုံးဆီ တင်ပို့ရောင်းချနိုင်ရေးအတွက် ဘဏ္ဍာနှစ် အလိုက် နေကြာနှင့် ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးရန်၊ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးလာရန် တွန်းအားပေး ဆောင်ရွက် သွားမည်ဖြစ်ရာ တောင်သူများ၏လိုအပ်ချက်၊ ပုဂ္ဂလိကပိုင်း၏ လိုအပ်ချက်များ    ဖြည့်ဆည်း ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

အစည်းအဝေး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးတွင် နေကြာသီးနှံကို ဧက ၁ ဒသမ ၅ သန်းထိ တိုးချဲ့စိုက်ပျိုးရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရန်ကိစ္စ၊ စီမံကိန်းအတွက် လိုအပ်သောရန်ပုံငွေရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊ သွင်းအားစုများ ဖြစ်သော မျိုး၊ မြေသြဇာ၊ ဒီဇယ်ဆီတို့ကို ရာသီအချိန်မီ ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမည့်ဧကများကို ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် လျာထားအထွက်ရရှိရေး  ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးထွက် ရှိသော  နေကြာသီးနှံများ ဈေးကွက်ရရှိရေးနှင့် ဆီထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရေးအတွက် တောင်သူလယ် သမားများ၊ သီးနှံဝယ်ယူသူများနှင့် ဆီကြိတ်ခွဲရေး လုပ်ငန်းရှင်များအကြား မိတ်ဖက်ဖွဲ့စည်း ခြင်းဖြင့် နေကြာသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ရန်ကိစ္စ ရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း   သိရသည်။