အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနဖွင့်ပွဲ အခမ်းအနားကျင်းပ

အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  သြဂုတ်  ၁၇

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကျန်းမာ ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စံ သတ်မှတ်ရေးကော်မတီမှ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင် အတွက်  အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနဖွင့်ပွဲအခမ်း အနားကို  ယနေ့တွင်  သူနာပြုသင်တန်း ကျောင်း(နေပြည်တော်)၌ကျင်းပသည်။

အစီအစဉ် ပထမပိုင်းတွင် အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင် အတွက်  အမျိုးသား အဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနကို  အလုပ်အကိုင်နှင့်  ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊  မြန်မာနိုင်ငံလုပ်သားများ  ကျွမ်းကျင်မှု စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊   ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အမျိုးသားအဆင့်ကျွမ်းကျင် မှုစစ်ဆေးအကဲဖြတ်ရေးဌာနအတွင်းသို့ လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

ယင်းနောက် အစီအစဉ်ဒုတိယပိုင်းကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် အကူသူနာပြု အပါအဝင် အလုပ်အကိုင် ၁၀ မျိုးအတွက် ကျွမ်းကျင်မှုအဆင့်အလိုက်  ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန ၁၄ ခုကို အသိအမှတ်ပြု ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်းမာ ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု စံ သတ်မှတ်ရေးကော်မတီဖွဲ့စည်းထားပြီး Nurse Aid (Level-2) အလုပ်အကိုင်နှင့် Elderly Care Assistant (Level-2) အလုပ်အကိုင်တို့အတွက်  ကျွမ်းကျင်မှု စံ များရေးဆွဲ၍  Trial Test များ ပြုလုပ်နိုင်ခဲ့ကာ ယခု Nurse Aid (Level-2) အလုပ်အကိုင်အတွက်   ပထမဆုံးရရှိသည့်   အမျိုးသားအဆင့်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးထံသို့ အကူသူနာပြု (Nurse Aid-Level-2) အလုပ်အကိုင်အတွက် NSSA ၏ အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန     အသိအမှတ်ပြု လက်မှတ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။