နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ- အပိုင်း(၂)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ-  အပိုင်း(၂)

    ဆက်လက်ပြီး   ကမ္ဘောဒီးယားနိုင်ငံ၊ဖနောင်ပင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့ကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ ဖော်ပြချက်များကို သိသာထင်ရှားစွာ ချိုးဖောက်နေသည့်အတွက်    မြန်မာနိုင်ငံအနေဖြင့် ကိုယ်စားလှယ်စေလွှတ် တက်ရောက်ခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ထိပ်သီးအဆင့် အစည်းအဝေးများတွင် ချန်လှပ်ထားရန် ဆုံးဖြတ်လုပ်ဆောင်သည့် အာဆီယံနိုင်ငံအချို့၏   အဆင်အခြင်မဲ့ လုပ်ရပ်များသည် အာဆီယံ၏ ထိရောက်မှုနှင့် ပုံမှန်လုပ်ငန်း လည်ပတ်မှုများကို ဆိုးရွားစွာ အကျိုးသက်ရောက်မှု ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ကြီးသို့ စတင်ဝင်ရောက်ခဲ့စဉ်ကပင် အာဆီယံပဋိညာဉ် စာတမ်းပါမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာခဲ့ကြောင်း၊ အာဆီယံ တူညီဆန္ဒနှင့် တိုင်ပင်ဆွေးနွေးခြင်း အခြေခံမူများသည် အာဆီယံအဖွဲ့ကြီး၏ ကာလကြာရှည်စွာ ကိုင်စွဲကျင့်သုံးခဲ့သည့် အခြေခံမူများဖြစ်ကြောင်း၊ အာဆီယံပဋိညာဉ်အပိုဒ် ၂၀(၁)တွင် “အခြေခံမူတစ်ရပ် အဖြစ် အာဆီယံတွင်   ဆုံးဖြတ်ချက်ချမှတ်မှုကို တိုင်ပင်ဆွေးနွေးခြင်းနှင့် အဖွဲ့ဝင် အားလုံး၏ တူညီဆန္ဒပေါ်တွင် အခြေခံရမည်”ဟု တရားဝင်အတိအလင်း ဖော်ပြထားကြောင်း ပြောကြားသည်။

အာဆီယံပဋိညာဉ်စာတမ်း ASEAN Way ၊ ASEAN Spirit နှင့် ASEAN Practicesတို့သည် အာဆီယံအသင်းကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက် ရမည့်အခြေခံ ဥပဒေများပင်ဖြစ်ကြောင်း၊ အာဆီယံထိပ်သီး အစည်းအဝေးများကို ၁ နှစ်လျှင် ၂ ကြိမ်ကျင်းပပြီး အာဆီယံ ဥက္ကဋ္ဌရာထူးကို ရယူထားသည့်   နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရကြောင်း၊ အာဆီယံ ပဋိညာဉ်အပိုဒ်(၇)တွင် “အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့ အကြီးအကဲများ ပါဝင်ရမည်” ဟုဖော်ပြထားကြောင်း၊ ထို့ကြောင့် ထိပ်သီး အစည်းအဝေးများတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏  နိုင်ငံတော် အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ   စုံညီစွာ တက်ရောက်မှု မရှိခြင်း သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ခုံနေရာ လွတ်နေခြင်း ဖြစ်ပါက”အာဆီယံထိပ်သီး အစည်းအဝေး” ဟူ၍ပင် ခေါ်ဆို၍ မရနိုင်ဟု ထင်မြင်ယူဆ ပါကြောင်း၊ လက်ရှိအချိန်တွင် အာဆီယံ၏ အစဉ်အဆက် ထိန်းသိမ်းခဲ့သည့် အခြေခံမူများကို ပြင်ပစွက်ဖက်မှုများ၊ ဖိအားများနှင့် အချို့အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ရပ်များကြောင့် လျော့ပါးလာသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရကြောင်း၊   အာဆီယံနိုင်ငံ အချို့လျှင် ပြင်ပဖိအားများကို မခံနိုင်သည့် အတွက် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကိုပင် ပြောင်ပြောင်တင်းတင်း ချိုးဖောက် လာကြသည်ကို   တွေ့ရှိနေရကြောင်း ပြောကြားသည်။

မိမိကို မီဒီယာတစ်ခုမှ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး  စွပ်စွဲပြောကြားခဲ့မှုနှင့် ပတ်သက်ပြီး မေးမြန်းခဲ့တာရှိခဲ့ကြောင်း၊ မိမိပြန်လည် ဖြေဆိုထားတာလည်း ရှိကြောင်း၊ ထပ်ပြီးတင်ပြလိုကြောင်း၊ ပထမဆုံးအနေဖြင့် အာဆီယံဘုံ သဘောတူညီချက်(၅)ရပ် လုပ်ဆောင်သည့်အခါတွင်   လိုက်ပါလုပ်ဆောင်မှု မရှိဘူးဟုဆိုသည့် စွပ်စွဲပြောဆိုချက်နှင့် ပတ်သက်ပြီးပြောရလျှင် အဆိုပါ ပြောဆိုချက်သည် အဖြစ်မှန်ကို လျစ်လျူရှု၍ ကြည့်ချင်သည့်ဘက် တစ်ဖက်ထဲမှ ကြည့်၍ တစ်ဖက်သတ်ပြောဆိုခြင်း ဖြစ်သည်ဟု ပြောလိုကြောင်း၊   အာဆီယံဘုံသဘော တူညီချက်(၅)ရပ်ကို မိမိတို့စတင် ဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများ၊ နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကိုမထိခိုက်စေဘဲ ထိုအချက်များကို အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်တွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် လွန်ခဲ့သည့်နှစ်များက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပြည်တွင်းရှိ PDF ၊ NUG စသည့် အကြမ်းဖက်အဖွဲ့များ၏   အကြမ်းဖက် လုပ်ရပ်များကြောင့် နှောင့်နှေးခဲ့ရကြောင်းနှင့် ကြိုးစား လုပ်ဆောင်သွားမည် ဆိုသည် ကိုလည်း ပြောခဲ့ပြီးဖြစ်ကြောင်း၊ ဘုံသဘောတူညီချက် (၅)ရပ်နှင့်ပတ်သက်၍  မိမိတို့ လုပ်ဆောင်နေသည့် အကြောင်းအရာများကို ပြောလိုကြောင်း၊ နံပါတ်(၁)အချက်ဖြစ်သည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ရပ်တန့်ရန်နှင့် အားလုံးက ထိန်းထိန်းသိမ်းသိမ်းနှင့် ဝိုင်းဝန်းဆောင်ရွက်သွားရန် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ပြောရမည်ဆိုပါက ၎င်းတို့၏ ပြောဆိုချက်များတွင် PDF အမည်ခံ၊ NUG အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် သေဆုံးခဲ့သည့် ပြည်သူများနှင့် ထိခိုက်ဒဏ်ရာရခဲ့သူများ၏ အကြောင်းကို တစ်လုံးတစ်ပါဒမျှ ထည့်၍ပြောဆိုခဲ့ခြင်း မရှိကြောင်း၊ အာဆီယံ အစည်းအဝေးတွင်လည်း မရှိကြောင်း၊ ယင်းတို့နှင့်ပတ်သက်၍   Asean Envoy လာရောက်သည့် အချိန်တိုင်းတွင် ထိုကိစ္စများကို လျစ်လျူရှုမထားပါနှင့်ဟု ပြောခဲ့ပြီးဖြစ်ကြောင်း၊ Asean Envoy ဟုဆိုရာတွင် ယခု Asean Envoy မှသာ ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း၊ ယခင်  Asean Envoy ဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ Asean Envoy ကိုလည်း ထိုကဲ့သို့ပင် ပြောပြခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ၎င်းတို့၏ပြောဆိုမှုများသည် အဖြစ်မှန်များကို လျစ်လျူရှုထားသည်ကို တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခု ဇူလိုင်လအထိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ လုပ်ကြံမှု သတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာ၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ ၃၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း၊ လူဦးရေ ၃၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊  ထို့ပြင် ပစ်ခတ်မိုင်းခွဲ တိုက်ခိုက်ခံရမှု  အကြိမ်ရေ ၇၀၀၀ ကျော်နှင့်  မီးရှို့ဖျက်ဆီးခံရသည့် အကြိမ်ရေ ၁၀၉၄ ကြိမ်ရှိကြောင်း၊  ယင်းတို့ကို လျစ်လျူရှုထားသည်မှာ   အံ့သြဖွယ်တွေ့မြင်ရကြောင်း ပြောကြားသည်။

နံပါတ်(၂)အချက်မှာ   ငြိမ်းချမ်းစွာ အဖြေရှာမှုပြုရန်ဖြစ်ကြောင်း၊ သက်ဆိုင်သူ အားလုံးနှင့်    အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏   တိုးတက်မှုနှောင့်နှေးရသည့် အကြောင်းရင်းကို  မိမိတို့နိုင်ငံသား အားလုံး နားလည်သဘောပေါက်ကြောင်း၊ နှစ်ပေါင်း ၇၀ ကျော်ခန့်ရှိပြီ ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခသည်      အခြေခံအကြောင်းရင်း ဖြစ်ကြောင်း၊  ထိုအရင်းခံ အကြောင်းအရာကို ဖြေရှင်းနိုင်ရန်အတွက် မိမိတို့ကြိုးစားလျက် ရှိကြောင်း၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင်လည်း မိမိတို့အနေဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားပါမည်ဟု ထုတ်ပြန်ပြီးဖြစ်ကြောင်း၊   လက်ရှိတွင် EAO များကို အထူးဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးလျက်ရှိရာ EAO အဖွဲ့(၁၀)ဖွဲ့ဖြင့် ဆွေးနွေးပြီးဖြစ်ကြောင်း၊  EAO များနှင့်တွေ့ဆုံဆွေးနွေးမှုကို နိုင်ငံတော် ဝန်ကြီးချုပ် ကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကရည်မှန်းချက် တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စု တည်ဆောက်ရေးကို အားလုံးက သဘောတူညီပြီးဖြစ်ကြောင်း၊ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည့် အဖွဲ့တိုင်းနှင့်လည်း သဘောတူညီချက် လက်မှတ်များ ရေးထိုးနိုင်ခဲ့ကြောင်း၊ ဒုတိယအကျော့ ဆွေးနွေးပွဲများကိုလည်း     ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်  နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုကို   UEC နှင့်သာမက ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်   ဦးဆောင်သည့် ညှိနှိုင်းရေး အဖွဲ့တို့နှင့်ပါ ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းထက်ပို၍ ထူးခြားသည်မှာ ယင်းအဖွဲ့များနှင့်  Asean Envoy ကို တွေ့ခွင့်ပေးခဲ့ကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္က္ကဋ္ဌ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်စဉ်တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်များ ရှိကြောင်း၊   ထိုအဖွဲ့ များနှင့်   Asean Envoy ကိုလည်း တွေ့ခွင့်ပေးခဲ့ကြောင်း၊  အမှန်တကယ် လည်း တွေ့ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများနှင့်  တွေ့ဆုံခဲ့သည်များလည်း ရှိကြောင်း၊ ထို့ကြောင့် ဒုတိယအချက်နှင့် ပတ်သက်၍ အဖြေရှာမှု မလုပ်ဘူးဟုဆိုသည့် စွပ်စွဲချက်မှာ   တစ်ဖက်သတ် ပြောဆိုချက်သာဖြစ်ကြောင်း၊   ၎င်းတို့လိုချင်သည့်အရာမှာ မည်သည့်အရာဖြစ်သည်ကို သိလိုကြောင်း၊ မိမိတို့က အကြမ်းဖက်အဖြစ် ကြေညာထားသည့်သူများနှင့် တွေ့ဆုံရန် လိုလားနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိပြောလိုသည်မှာ   ထိုသူများနှင့် တွေ့ဆုံသောကြောင့် ၎င်းတို့လိုချင်သည့် အဖြေကိုရရှိနိုင်မည်လား ဆိုသည်ကို သိလိုကြောင်း၊    မိမိတို့အနေဖြင့်  မိမိတို့၏အရင်းခံ အကြောင်းရင်းနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်နေခြင်းဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏   သမိုင်းကြောင်းတစ်ခုလုံးကို   ပစ်ပယ်ရာရောက်သည်ဟု မိမိပြောလိုကြောင်း ပြောကြားသည်။

နံပါတ်(၃)အချက်တွင်မူ   အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ကို သီးသန့် ဆွေးနွေးရာတွင် ပံ့ပိုးကူညီရန်နှင့် လိုအပ်သည့် အကူအညီများကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ပံ့ပိုးရန်ပြောထားကြောင်း၊ မိမိတို့အနေဖြင့်    ရှင်းရှင်းလင်းလင်း ဖြစ်ကြောင်း၊  EAO အဖွဲ့များ၊ ငြိမ်းချမ်းရေး အဖွဲ့များနှင့်သာမက  နိုင်ငံရေး ပါတီများနှင့်ပါ  တွေ့ဆုံခွင့်ပေးထားပြီး ဖြစ်ကြောင်း၊ မိမိတို့ကန့်သတ်ထားသည့် ကိစ္စမှာ လက်ရှိတရား ရင်ဆိုင်နေသည့်   အဖွဲ့များမှအပ အခြားသူများနှင့် လွတ်လပ်စွာ တွေ့ဆုံနိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးထားပြီးဖြစ်သည်ဟု ပြောလိုကြောင်း၊ နံပါတ်(၄)အချက်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဖြစ်ကြောင်း၊   AHA မှလုပ်ရန် ပြောထားကြောင်း၊ မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင် ဦးစီး၍ ယင်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းပြီး ဖြစ်ကြောင်း၊   မိမိတို့အနေဖြင့် လုပ်ငန်းဆောင်ရွက်မည့်  SOP  များကိုလည်း သဘောတူပြီးဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမျှ ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍  လုပ်ပိုင်ခွင့်မပေးကြောင်း၊ လုပ်ပိုင်ခွင့်ပေးသည့် နိုင်ငံများရှိပါက မိမိကို ပြစေလိုကြောင်း၊ ၎င်းတို့၏ ဦးတည်ချက်မှာ    အကြမ်းဖက်သမားများကို သီးသန့် ၎င်းတို့အစီအစဉ်ဖြင့် ပေးလိုသည့် သဘောကို ဦးတည်ပြီး ပြောနေခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကို  မည်သည့်နိုင်ငံမှ လိုက်လျောနိုင်မည် မဟုတ်ကြောင်း၊    ကိုဗစ်ကာလ ဖြစ်လာသည့် အချိန်တွင် နိုင်ငံတော် အစိုးရအနေနှင့်    ပြည်သူများအတွက် ကိုဗစ် ကာကွယ်ဆေးများကို   ယခင်အစိုးရလက်ထက်က   အိန္ဒိယနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်ပြီးချိန်တွင် အိန္ဒိယနိုင်ငံက ကိုဗစ်ရောဂါ ဖြစ်ပွားမှုများလာသည့်အတွက်  မိတ်ဆွေ နိုင်ငံဖြစ်သည့်    တရုတ်နိုင်ငံက ဝယ်ယူရကြောင်း၊ ပြည့်ပြည့်၀၀ ထိုးနှံနိုင်ရန်ဆောင်ရွက်ခဲ့ရကြောင်း၊   မိတ်ဆွေနိုင်ငံများက လှူခဲ့သည်များလည်း ရှိကြောင်း၊ ယင်းအချိန်မျိုးတွင် စွပ်စွဲနေသည့် အဖွဲ့အစည်းက မည်သည့်အရာများ လှူခဲ့သလဲ၊ မည်သည့်အချိန်ကျမှ လှူခဲ့သည်ကို အထင်အရှား ရှိကြောင်း၊ ထို့ပြင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးကို အစိုးရထံမှတစ်ဆင့် မသွားဘဲ ၎င်းတို့၏ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် လုပ်ချင်သည့် သဘောမျိုးထက်    စည်းမဲ့ကမ်းမဲ့လုပ်လိုသည့် သဘောမျိုးဖြစ်သည်ကို တွေ့ရ ကြောင်း၊ ထိုအပြုအမူမျိုးကို မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းမှ လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း၊   မိမိတို့အနေနှင့် ကိုဗစ်ကာကွယ်ဆေးများကို တိုက်ပွဲဖြစ်ပွားနေသည့် EAO နယ်မြေများအထိ တပ်မတော် ရဟတ်ယာဉ်နှင့် ရောက်အောင်ပို့ခဲ့ ကြောင်း၊ မိမိတို့အနေနှင့် ပေးလိုသည့်အကူအညီကို ပေးလိုသည့် နေရာရောက်အောင် ပို့ပေးမည်ဟူ၍    ပြောပြီးဖြစ်ကြောင်း၊ သို့သော် ၎င်းတို့က  လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ပြီး လုပ်ချင်နေခြင်းသာဖြစ်သည်ဟု ပြောလိုကြောင်း၊    ထို့နောက် အာဆီယံဥက္ကဋ္ဌ   အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်သူများနှင့် တွေ့ဆုံရန် မိမိတို့နှင့် ပြောပြီးဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမှ တရားဥပဒေ ရင်ဆိုင်နေရသည့်သူနှင့် တွေ့ခွင့်ပေးခြင်းမျိုး မရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ရပ်တည်ချက်မှာလည်း ထိုအတိုင်းသာဖြစ်ကြောင်း၊ သက်ဆိုင်သူအားလုံးနှင့် တတ်နိုင်သမျှတွေ့ခွင့်ပေးခဲ့ကြောင်း၊   တွေ့ခြင်း မတွေ့ခြင်းမှာ ၎င်းင်းတို့၏   ဆန္ဒအတိုင်းသာ ဖြစ်ကြောင်း၊ ယခင်တစ်ခေါက်က   နိုင်ငံရေးပါတီများ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ အချို့သော  အဖွဲ့အစည်းများနှင့်လည်း တွေ့ခဲ့ကြောင်း၊ ယင်းတို့ကို လျစ်လျူရှု၍ ပြောဆိုနေခြင်းဖြစ်သည်ဟု ပြောလိုကြောင်း၊ မိမိတို့ကို စွပ်စွဲပြောဆိုသည့်   မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး၏ စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍   မိမိအနေဖြင့် တစ်ခုသာ  ပြန်လည်ပြောဆို လိုကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် တာဝန်ကိုရယူခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်  မလေးရှားနိုင်ငံ၌ ကိုဗစ်ဖြစ်ပွားမှုများ များပြားခဲ့ကြောင်း၊ ထိုအချိန် တွင် မြန်မာနိုင်ငံက ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများ၊ ထိန်းသိမ်း ခံထားရသည့် မြန်မာနိုင်ငံသားများကို တပ်မတော်စစ်ရေယာဉ်  ၃ စင်းနှင့်  သွားရောက် ခေါ်ဆောင်ခဲ့ကြောင်း၊ လူပေါင်း ၁၀၈၀ ဦးပါကြောင်း၊ သွားရောက်ခေါ်ယူသည့် အချိန်တွင် အခြားနိုင်ငံများ၌ ဒုက္ခရောက်နေသည့် အချိန်တွင် မည်မျှဒုက္ခရောက်သည် ဆိုသည်ကို   မိမိတို့လုပ်ကြံနေစရာ မလိုကြောင်း၊ ၎င်းတို့ပြန်လာချိန်တွင်   ၎င်းတို့ကိုယ်တိုင် ပြောကြားချက်များ ရှိကြောင်း၊   ၎င်းတို့ကိုယ်တိုင်   အစိုးရကို တောင်းဆိုသည့် အချက်များရှိကြောင်း၊   အဓိကအားဖြင့် ၎င်းတို့ အခြားနိုင်ငံ၌ မည်သို့ဒုက္ခရောက် ခဲ့သည်ကိုပြောကြောင်း၊ ၎င်းတို့ မြန်မာနိုင်ငံကို ပြန်ရောက်သည့်အချိန်တွင် အစိုးရကို ကျေးဇူးတင်ကြောင်းပြောကြောင်း၊ ထို့ပြင် ထပ်ပြီးဒုက္ခရောက်နေသည့်သူများ ၎င်းတို့ထက်မက ရှိပါသေးကြောင်း၊ ထိန်းသိမ်းရေး စခန်းများတွင်ရှိသေးကြောင်း၊   ယင်းကို အစိုးရအနေနှင့် သွားရောက်ခေါ်ယူပေးရန် ပြောခဲ့ခြင်းများ ရှိကြောင်း၊ မိမိတို့အနေနှင့် ဆက်သွယ်ခဲ့ကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး    ပြောနေသည့်နိုင်ငံကိုက နောက်ပိုင်းတွင်  နိုင်ငံရေးရည်မှန်းချက်၊ အကြောင်းပြချက်၊ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဆက်နွှယ်ချက်အရ   လူ့အခွင့်အရေးနှင့် နိုင်ငံရေးကို ရောယှက်ထားမှုများအရ မိမိတို့နိုင်ငံက လာပြီး    မိမိတို့စရိတ် မိမိတို့အကုန်ခံပြီး လာခေါ်မည်ဆိုသည်ကိုပင် အခေါ်မခံနိုင်သည့်    အနေအထားဖြစ်ကြောင်း၊  ယခုမိမိတို့     ပြန်လည် ခေါ်ဆောင်ပေးခဲ့သည့် အတွက် နိုင်ငံအတွင်း ပြန်လည်ရောက်ရှိနေသည့် မိမိတို့နိုင်ငံသားများမှာ ၎င်းင်းတို့မိဘများ၊   မိသားစုများနှင့်အတူ စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ကြပြီဖြစ် ကြောင်း၊ မိမိတို့အနေဖြင့်  ကျန်ရှိနေသူများကို ထပ်မံ၍ သွားရောက်ခေါ်ယူ လိုသော်လည်း  လူ့အခွင့်အရေး အကြောင်းပြချက်များ၊    နိုင်ငံရေး အကြောင်းပြချက်များ၊ ရောယှက်မှုများကြောင့်     သွားရောက် ခေါ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ထိုနိုင်ငံအနေနှင့် မိမိနိုင်ငံကို အပြစ်ပြောဆိုနေခြင်း ဖြစ်ကြောင်း၊ အခြားနိုင်ငံများကို စွပ်စွဲပြောဆိုနေသော်လည်း ၎င်းတို့နိုင်ငံအတွင်းတွင်မူ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီးဖြစ်စေ၊ အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်ပြီး ဖြစ်စေ စံချိန်နှစ်မျိုးဖြင့်    ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့်နိုင်ငံဖြစ်သည်ဟု ပြောလိုကြောင်း ပြောကြားသည်။

ယင်းနေရာတွင် ပြည်ဖျက်မီဒီယာများ၏ သတင်းမှား ထုတ်လွှင့်မှု၊  သတင်းမှန် များကို ဖုံးကွယ်မှုကြောင့်   မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့်    အဖြစ်မှန်ကို မသိဘဲ ဖြစ်နေကြသည့်   နိုင်ငံတကာ၏ လက်တွေ့ အခြေအနေများကို    ပြောလိုကြောင်း၊ မကြာသေးမီက နိုင်ငံတော်အဆင့် ဧည့်သည်တော် တစ်ယောက် မြန်မာနိုင်ငံကို ရောက်လာကြောင်း၊ ၎င်းတို့နိုင်ငံ၏ မီဒီယာများက ဖော်ပြချက်၊ အခြားပြည်ဖျက် မီဒီယာများ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်   အခြေအနေ တော်တော်ဆိုးနေပြီ၊ ရန်ကုန်၊   နေပြည်တော်ကဲ့သို့သော ဒေသများတွင်ပင် လူများ မသွားရဲ၊ မလာရဲဖြစ်နေပြီ၊ ပစ်ခတ်တိုက်ခိုက်မှုများ အချိန်ပြည့်ဖြစ်နေပြီ၊ မည်သည့်နေရာမှ မလုံခြုံတော့ဘူး ဟူ၍ ထင်မိသည်ဟုပြောကြောင်း၊ ယခုရောက်လာသည့်အခါတွင် တခြားစီဖြစ်နေကြောင်း၊ ရန်ကုန်လေဆိပ်မှ  မြို့ထဲသွားသည့် အခါတွင်လည်း ပုံမှန်ဖြစ်ပြီး ရန်ကုန်မှ နေပြည်တော်လာသည့် အခါတွင်လည်း ပုံမှန်အတိုင်း ဖြစ်နေကြောင်းကို  လက်တွေ့တွေ့ခဲ့ရကြောင်း၊ ၎င်းတို့အကြား၊ ၎င်းတို့အထင်များ တလွဲဖြစ်နေသည်ကို နိုင်ငံတော်အကြီးအကဲကို ပြောခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် စာတတ်မြောက်မှုနှုန်းက  ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး   အလယ်အလတ် အဆင့်ဖြစ်ကြောင်း၊ မိမိရည်ညွှန်း ပြောဆိုသွားသည့် ဂျပန်နိုင်ငံသည် စာတတ်မြောက်မှုနှုန်းသည် ရာနှုန်းပြည့်ဖြစ်ကြောင်း၊ မိမိတို့လေ့လာထားချက်အရ  ပညာရေးစစ်တမ်းများအရ အထက်တန်းပညာပြီးမြောက်၍ တက္ကသိုလ်အဆင့် တက်ရောက်နိုင်သူ ၅၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ယင်းကဲ့သို့သော နိုင်ငံပင်လျှင် မီဒီယာများ၏ လှည့်စားမှုကို ခံနေရသည်ကို တွေ့ရကြောင်း၊   မိမိတို့နိုင်ငံ၏ လူဦးရေသုံးပုံတစ်ပုံသည် အလယ်တန်းပညာ မရှိ/မပြီးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့   အလယ်တန်း ပညာရေးအဆင့်နှင့်  အောက်သာရှိသူ သုံးပုံတစ်ပုံရှိသည့် နိုင်ငံဆိုလျှင် ဆိုဖွယ်မရှိပါ ကြောင်း၊ မိမိတို့သွားနေသည်မှာ ပါတီစုံဒီမို ကရေစီစနစ်ဖြစ်ပါကြောင်း၊ ယင်းစနစ်တွင် လူတစ်ဦးချင်းစီ၏ ပညာရည်ပြည့်ဝမှုက အရေးကြီးကြောင်း၊  ထို့ကြောင့် အစိုးရအနေနှင့် လူတိုင်းပညာ သင်ကြားနိုင်ရေး၊ ပညာရည်မြင့်မားရေး  အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း၊ ယင်းကို မည်သူတို့က နှောင့်ယှက်နေပါသလဲ၊     ပြည်သူလူထု ပညာရည်မြင့်မားလာမည်ကို မည်သူတို့က ကြောက်နေကြပါသလဲ၊ ယင်းကဲ့သို့ ဒီမိုကရေစီ အမည်ခံအာဏာရှင် စနစ်ထူထောင် လိုသူများ၊  ငါနှင့်မတူ ငါ့ရန်သူ ဆိုသူများက ကြောက်နေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ၏ ပညာရေးအနာဂတ်ကို နည်းလမ်းပေါင်းစုံနှင့် ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စတုတ္ထအချက် အနေဖြင့် ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်းများကို အခြေခံပညာ အထက်တန်းကျောင်း တစ်ခုစီတွင်  တွဲဖက်ဖွင့်လှစ်နိုင်မည့် ကိစ္စများကိုပြောမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေခံကျသည့် လူမှုနယ်ပယ်သည် ကျေးလက်ဒေသဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏   ၇၀ ရာခိုင်နှုန်းသည်လည်း ကျေးလက်နေပြည်သူများသာ ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်   အသက်မွေးဝမ်းကျောင်းများကို လုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏    လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်းပြောကြားသည်။

အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ပိုမိုအဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်း ပေးခဲ့သကဲ့သို့ ခရိုင်၅၀ ရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ အတွက်   လိုအပ်သည့်  လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ ၎င်းတို့အထဲမှ ထူးချွန်သူများ အနေနှင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေး သိပ္ပံများနှင့် တက္ကသိုလ်များကို ဆက်လက်တက်ရောက်ရန်၊  ၎င်းနောက် အခြားဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့်လည်း ပုံမှန်အတိုင်း ဆက်လက်ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံ၌ ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိကြောင်း၊     ပထမအဆင့်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုတွဲဖက်သည့် အထက်တန်းကျောင်းပေါင်း ၅၀ ဖွင့်လှစ်နိုင်ရန်  လျာထားဆောင်ရွက်လျက် ရှိကြောင်း၊   ကျောင်းဖွင့်လှစ်မည့်မြို့များ ရွေးချယ်ရာတွင် ဒေသအတွင်းရှိ စိုက်ပျိုးနေသည့် မြေဧရိယာနှင့်  မွေးမြူနေသည့် တိရစ္ဆာန်ယူနစ်များဖြင့် ချိန်ထိုးဆောင်ရွက်မည်ဖြစ်ကြောင်း၊ Grade 9 တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်   ဒေသအခြေအနေ ဦးစားပေးအလိုက် ပထမဦးစားပေးခရိုင် ၅၀၊ ဒုတိယ ဦးစားပေးခရိုင် ၃၀ နှင့် တတိယဦးစားပေး ခရိုင် ၂၀၊ စုစုပေါင်း ခရိုင် ၁၀၀ တွင်ဖွင့်လှစ်ရန်  ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊  ကျောင်းများဖွင့်လှစ်ရာတွင် ဦးစားပေးအလိုက်  ရွေးချယ်ထားသည့် ခရိုင်များတွင်   တစ်ဆက်တစ်စပ်တည်း အသုံးပြုနိုင်မည့်   ကျောင်းမြေနေရာ အကျယ်အဝန်း လုံလောက်မှု၊   ခရိုင်မြို့သို့မဟုတ် သက်ဆိုင်ရာ ခရိုင်တွင်းရှိ မြို့နယ် တစ်ခုခုကျောင်းများတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေနှင့် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးကိစ္စ၊ နိုင်ငံတော် တည်ဆောက်ရေးတွင်  အရေးကြီးသည့် စက်မှု၊  လက်မှုဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများ တိုးတက်လာရန်အတွက် အားစိုက်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အနာဂတ်မြန်မာနိုင်ငံနှင့် မြန်မာ တိုင်းရင်းသားများ  ဖွံ့ဖြိုးတိုးတက်ခြင်း၊   ကြီးပွားချမ်းသာခြင်းကို လိုလား၍ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊  ပညာရေးနှင့်အတူ လူမှုစီးပွားဘဝ တိုးတက်ရေးကို ယှဉ်တွဲသိရှိစေရန်၊ ယင်းကျောင်းသားများမှတစ်ဆင့် တောင်သူလယ်သမားများကို နည်းပညာမျှဝေပြီး ပိုမိုတိုးတက်စေရန်၊ Pilot Project အဆင့်မှ  အဆင့်လိုက် တစ်နိုင်ငံလုံးကို   လွှမ်းခြုံနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နောက်ဆုံးအချက်ဖြစ်သည့် အကြမ်းဖက် NUG နှင့် PDF အဖွဲ့အစည်းများ၏ ဒေသအချို့တွင် ဖြစ်ပွားနေသည့်  လုပ်ဆောင်မှုများကို ပြောလိုကြောင်း၊ ပထမဦးဆုံး ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ အဖွဲ့ဆိုသည်မှ ထုတ်ပြန်ချက် ကိုပြောကြားလိုကြောင်း၊ NUG အဖွဲ့က စစ်ရေးအရ ကူညီပံ့ပိုးပေးမည်၊ သြဂုတ်လ ၇ ရက်နေ့မှစ၍ လှိုင်း ၃ လှိုင်းနှင့် လုပ်မည် စသဖြင့်ပြောကြကြောင်း၊   တရားဥပဒေ စိုးမိုးရေးကို တစ်ဖက်တစ်လမ်းက တာဝန်ထမ်းဆောင်နေသည့် တရားရုံးက ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ခေတ်စကားနှင့် ပြောရလျှင် “ဘာဖြစ်ချင်နေတာလဲ”ဟု မေးရမည်ဖြစ်ကြောင်း၊ လက်နက်မကိုင်ထားသည့်   အရပ်သား ပစ်မှတ်များကို ဒလန်ဟုစွပ်စွဲပြီးသတ်၊  သတင်းပေးဟု စွပ်စွဲပြီးသတ်၊ ၎င်းတို့ကို မထောက်ခံလည်းသတ်၊ ကြားနေလည်း သတ်၊ ဝန်ထမ်း လည်း သတ်၊ ကိုးကွယ်ရာ ရဟန်းသံဃာပါမချန် သတ်နေသည်မှာ တော်လှန်ရေးဆို သည်လားဟု မေးလိုကြောင်း၊ ယခုလည်း သတိထားမိအောင်   ပြောလိုကြောင်း၊ ဘာလုပ်မည်၊  ညာလုပ်မည်၊  မနက်ဖြန်ချမည်၊  သန်ဘက်ခါလုပ်မည်ဟု လွှင့်ပါကြောင်း၊ လွှင့်ပြီးပါက နောက်ကကပ်ပါလာသည်မှာ အလှူခံခြင်း ဖြစ်ကြောင်း၊ အလှူခံ၍ ငွေရသွားပါက  လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းခြင်း ခံလိုက်ရသည်ဟုဆိုကာ မြို့ပြကို စွန့်ခွာသွားပြီ ဖြစ်ကြောင်းကို ဝမ်းနည်းစွာ အသိပေးပါသည် ဆိုသည်ဟု ထပ်ပြောလာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊   ဆိုလိုသည်မှာ “နာမည်ကြီးအစီအစဉ် တစ်ခုထဲက ကဲ့သို့ မီးလေးခဏမှိတ်ထားပါ ပြန်လာပါမယ်” ယခုလည်း မီးလေးခဏမှိတ်ထားပါ၊ နောက်ထပ်ခေါင်းစဉ်တစ်ခုဖြင့်   ဖလားအသစ် တစ်လုံးကိုင်ပြီး   ပြန်လာပါမည်ဆိုသည့် သဘောသာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး NUG အဖွဲ့အကြောင်းကို ပြောလိုကြောင်း၊ ၎င်းတို့အသုံးအနှုန်းအရ သမ္မတဆိုသူများ၊ ဝန်ကြီးဆိုသူများ ပြောနေသည့်    ပြည်သူတင်သည့် အစိုးရမှာ ကိုယ်စားပြုမှု မည်မျှရှိသည် NUG ကို ဖွဲ့စည်းပေးလိုက်သည့် CRPH  တွင် ပါတီမည်မျှပါသည်၊    ကိုယ်စားလှယ်ဆိုသူ ဘယ်နှယောက်ပါသည် စသဖြင့် ပြောကြ ကြောင်း၊ ပါသည်ဆိုသည့် ကိုယ်စားလှယ်များသည် မည်သည့်အချိန်က ကိုယ်စားလှယ် ဖြစ်ခဲ့သည်၊ မည်သည့်ဒေသကို ကိုယ်စားပြုသည်ကို တွေးကြည့်စေလိုကြောင်း၊ ပြည်သူတစ်ရပ်လုံးက  ထောက်ခံသည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မည်မျှကထောက်ခံနေသည်၊   ပေါင်းနေသည်၊ အကယ်၍ ပေါင်းနေသည်ဆိုပါက ၎င်းတို့ အမိန့်ပေးသည်ကို ပေါင်းနေသည် ဆိုသည့် တိုင်းရင်းသား လက်နက်ကိုင်များက လက်ခံပါသလား ဆိုသည်ကို သတိပြု စဉ်းစားစေလိုပါကြောင်း၊ သက်တမ်းရှည်နေပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO အဖွဲ့များမဆိုထားနှင့် မကြာမီကမှပေါ်လာသည့်   PDF အမည်ခံ  အကြမ်းဖက်ခေါင်းဆောင်တစ်ဦး   မီဒီယာများနှင့် တွေ့ဆုံပြောဆိုထားသည်ကို  မီဒီယာများ သိပြီးဖြစ်မည်ဖြစ်ကြောင်း   ပြောကြား၍၎င်း၏ပြောစကား Video File ကို ဖွင့်လှစ်ပြသသည်။

၎င်းခေါင်းဆောင်သည် စစ်ကိုင်းတိုင်းအတွင်းတွင် အကြမ်းဖက်မှုများကို ဦးဆောင် လုပ်နေသူဖြစ်ကြောင်း၊   ခရီးသည်တင် ကားများကို ပစ်မှတ်ထားပြီး ဆောင်ရွက်နေသူများ၏   ခေါင်းဆောင်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသတွင် ခိုအောင်းလှုပ်ရှားနေသည့် PDF များသည်  ၎င်းတို့ကိုယ် ၎င်းတို့   ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟု သုံးနှုန်းပါကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဟု သုံးနေသူများသည် လမ်းပိတ်ဆို့မှုများကို ပြုလုပ်ပါကြောင်း  ပြောကြား၍ ၎င်းတို့ လမ်းပိတ်ဆို့နေသည့် ပုံများကို ပြသသည်။ လမ်းများသုံးလျှင် တာဝန်မယူဟု  ခြိမ်းခြောက်ထားကြောင်း၊ ဒေသခံပြည်သူ လူထုအတွက်   လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် မည်မျှအထိ ထိခိုက်နစ်နာသည်ကို  သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကယားပြည်နယ်အတွင်းက ကြေညာချက် ထုတ်ပြန်ထားသည်ကို ပြောကြားလိုကြောင်း၊  ဒီးမော့ဆိုမြို့နယ် အတွင်း သြဂုတ်လ ၉ ရက်တွင် KNDF အမည်ခံပြီး ဒီးမော့ဆိုမြို့နယ်က ရွာသူ၊ ရွာသားများအား ရွာထဲမှ ထွက်ရန်၊ တောထဲရောက်နေသည့်  ရွာသူ၊ ရွာသားများကို ရွာထဲပြန်မဝင်ရန်၊  ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးများကို ရွာထဲတွင် မနေစေလိုသူ၊ တောထဲနေစေလိုသူက မည်သူဆိုသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏အဖြေသည် အလှူခံရန် အတွက်သာဖြစ်ကြောင်း၊  တိုင်းရင်းသားများ  ဒုက္ခရောက်နေအောင် စီစဉ်ပြီးလျှင် တယောသံလေးနှင့် Documentary ရိုက်၊ ဓာတ်ပုံရိုက်ပြီး အလှူခံမည်၊ ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြီး အလှူခံမည်၊ ပြည်သူကိုပြပြီး ကျည်ဖိုးတောင်းခြင်းမျိုး လာမည်ဖြစ်ကြောင်း၊ မိမိပြောခဲ့သည့် ပုံစံအတိုင်း Documentary ရိုက်သည်ဖြစ်စေ၊ ဓာတ်ပုံရိုက်သည်ဖြစ်စေ၊    နောက်ဆုံး မြန်မာတိုင်းရင်းသားနှင့်   ရုပ်ရည်ဆင်တူသည့် ပြည်ပနိုင်ငံက ဒုက္ခသည်ပုံပဲရရ  ၎င်းတို့ ဝမ်းသာကြကြောင်း၊ မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ဒုက္ခရောက်နေသည်ဟုပြောပြီး နိုင်ငံခြား တိုင်းပြည်တွင် မျက်ရည်ကျပြ၊ သနားပြပြီး အလှူခံသည်ကို တွေ့ရကြောင်း၊  ၎င်းကို ခွက်ခေါက်နည်းအဆင့် (၁)ဟု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ ခွက်ခေါက်နည်းပေါင်း များစွာထဲမှ အဆင့်လွန် ခွက်ခေါက်နည်းမှာ အချင်းချင်း ခွက်စောင်းခုတ်ခြင်း ဖြစ်ကြောင်း၊ အလှူငွေမည်မျှရသည်၊ မည်မျှလှူသည်၊ မည်သည်ကိုလှူသည်ဟု ပြောရန်မလိုသည့် အတွက် အချင်းချင်း ထချနေသည်ကိုတွေ့ရကြောင်း၊    အားလုံးက သတိထား ဆင်ခြင်ကြရန် ပြောကြားသည်။

ထပ်မံဖြည့်စွက်ပြောကြားလိုသည်မှာ သင်္ဃန်းကျွန်း ဖြစ်စဉ်ဖြစ်ပါကြောင်း၊ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီတွင် သင်္ဃန်းကျွန်း  လဝကရုံး၌ အကြမ်းဖက် နှစ်ဦးက လဝကဦးစီးမှူးနှင့်   ရုံးအဖွဲ့ မှတ်ပုံတင် ကိစ္စများ ဆောင်ရွက်နေသည့် ပြည်သူလူထုထဲကို  ဝင်ရောက်ပစ်ခတ်ခဲ့ပါကြောင်း၊ ဦးစီးမှူး သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဒုတိယဦးစီးမှူးက ရွပ်ရွပ်ချွံချွံ ခုခံခဲ့သည်ကို  အားလုံးသိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၎င်းငမှာ ကျဆုံးခဲ့ပါကြောင်း၊ ဒုတိယဦးစီးမှူး ဦးကျော်မိုးနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြီး   လိုအပ်သည့် စောင့်ရှောက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းကို ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ရှင်းလင်းတင်ပြရာ (က) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့်  တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို  အရေးယူဆောင်ရွက်မှု အခြေအနေ၊  (ခ)မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  ဆောင်ရွက်လျက်ရှိသည့်  လုပ်ငန်းများဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ လုပ်ငန်းစဉ်(၁)အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲတွင်   အသုံးပြုခဲ့သည့် မဲစာရင်းများ  စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊  လုပ်ဆောင် ထိုက်သည်များကို လုပ်ဆောင်ခဲ့ပါကြောင်း၊  ယင်းကဲ့သို့ ဆောင်ရွက်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များသည် သက်ဆိုင်ရာမြို့နယ်   ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများက   ကိုယ်စားလှယ်များနှင့်အတူ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ်ပေါင်း  ၃၁၅ မြို့နယ်၏  မဲစာရင်းများ စစ်ဆေးခြင်းနှင့် မဲလက်မှတ်များ မြေပြင်စစ်ဆေးခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ် တစ်ရပ်လုံးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ အပါအဝင်   သက်ဆိုင်သူအားလုံးကို  တွေ့ဆုံမေးမြန်းစစ်ဆေးမှုများ  ပြုလုပ်ခဲ့ပါကြောင်း ပြောကြားသည်။

ယင်းကဲ့သို့ဆောင်ရွက်ခဲ့ရာ စိစစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲတွင်   အသုံးပြုခဲ့သည့်  မဲဆန္ဒရှင်စာရင်းများအနက်   နိုင်ငံသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ လက်မှတ်မရှိသူများ၊ မဲစာရင်းမှာ ၂ ကြိမ်၊ ၃ ကြိမ် အထက်ပါဝင်ပြီး မဲစာရင်း ထပ်နေသူများ၊ အသက် ၁၀၀ နှစ်အထက်နှင့် အသက် ၁၈ နှစ်မပြည့်ဘဲပါသူ    အစရှိသည့်  မဲမသမာမှုပြုနိုင်သည့်  မဲဆန္ဒရှင်ပေါင်း ၁၁.၃ သန်းကျော်၊ မဲဆန္ဒရှင် စုစုပေါင်း၏ ၂၉.၅၄ % ကို  စစ်ဆေးတွေ့ရှိရကြောင်း၊ အလားတူ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့်   မဲလက်မှတ်များကို စစ်ဆေးရာတွင်လည်း   လျော့နည်း ပျောက်ဆုံးသည့်   မဲလက်မှတ် ၁.၄ သန်းကျော်နှင့်   အပိုတွေ့ရသည့်  မဲလက်မှတ် ၄.၃ သိန်းကျော် တွေ့ရှိခဲ့ရကြောင်း ပြောကြားသည်။

ထို့အတူ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ် တစ်ရပ်လုံးအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်း၊ NLD ပါတီအစိုးရ အနေနှင့်   ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် အုပ်ချုပ်ရေး အာဏာနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်ချက်များကို အလွဲသုံးပြီး နိုင်ငံတော် အာဏာကို မတရားရယူရန် ကြံစည်လုပ်ဆောင်ခဲ့ကြောင်းနှင့်  ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့်လည်း    အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးကာ ဥပဒေ၊  နည်းဥပဒေများကို  ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့ကြောင်း တွေ့ရသည့်အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို ဥပဒေနှင့်အညီ  ပယ်ဖျက်ခဲ့ရပြီး ထိုဖြစ်စဉ်တွင်ပါဝင် ပတ်သက်ကျူးလွန် ခဲ့သူများကိုလည်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အရေးယူဆောင်ရွက် ထားရှိသည့်  အခြေအနေကို ဆက်လက် တင်ပြမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၀၇၇ မှုရှိခဲ့ပြီး ၎င်းတို့အနက်  ရွေးကောက်ပွဲဥပဒေနှင့် အရေးယူဆောင်ရွက်ခဲ့သည့် အမှု ၅၄၆ မှု ရှိပါကြောင်း၊ ယင်းအမှုများနှင့်စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရရှိသည့် စာရင်းဇယားများ အရ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်း  ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲ ၁ မှုတို့ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့အတူ ၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့်  တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသည့် သမ္မတဟောင်းနှင့်  အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊  ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ၊   လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ အပါအဝင်  ကျူးလွန်သူ ၅၀၅ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် အမှုတွဲ ၃၅၀ မှုဖြင့်   တရားစွဲဆိုရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊  ပြီးစီးမှုအနေဖြင့် ကျူးလွန်သူ ၂၃၉ ဦးကို အမှုတွဲ အရေအတွက် ၁၉၅ မှုနှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၁၂၁ မှု နှင့် ပြစ်ဒဏ် ချမှတ်ရန်ကျန်   ၇၄ မှုဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်း တာဝန်များကို  ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်  ပျက်ကွက်ခဲ့သည့် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်က ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ပေါင်း ၂၄၄၉ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျူးလွန်သူ ၂၁၉၁ ဦးကို အမှုတွဲအရေအတွက် ၃၇၅ မှု နှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၃၇၄ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန် ကျန် ၁ မှုတို့ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် တစ်ဦးတည်းက မဲနှစ်ကြိမ်ပေးခဲ့ခြင်းများကိုလည်း  စိစစ်ဖော်ထုတ် အရေးယူလျက် ရှိပါကြောင်း ပြောကြားသည်။

မိမိအလေးထားပြီး တင်ပြလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများပါ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ၏အခြေခံသည် ရွေးကောက်ပွဲများ ဖြစ်ပါကြောင်း၊  ယင်းရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊    ဥပဒေနှင့်အညီ ဆောင်ရွက်သည့် သန့်ရှင်းသည့် ရွေးကောက်ပွဲများ ဖြစ်ရန် လိုပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနာဂတ်တွင် လွတ်လပ်ပြီး တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရန်ရည်ရွယ်ပြီး ယခင်ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှု ကျူးလွန်ခဲ့သူများကို အရေးယူခြင်းများနှင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်များ၊ အားနည်းချက်များကို သုံးသပ်ပြီး   ရွေးကောက်ပွဲစနစ် အပါအဝင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊  နည်းဥပဒေများကို ပြင်ဆင်ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများကိုလည်း ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊  မဲဆန္ဒရှင် ပြည်သူများ အပါအဝင် သက်ဆိုင်သူအားလုံးသည် ဒီမိုကရေစီ အခွင့်အရေးနှင့် မိမိတို့၏ တာဝန်များကိုလည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း  သိရှိနားလည်ပြီး လေးစားလိုက်နာရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မဲဆန္ဒရှင် စာရင်းများပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်း နှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို တင်ပြမည်ဖြစ် ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲစာရင်းများ ပြည့်စုံမှန်ကန် ရေး၊  ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများဖြစ်သည့် “ရွေးကောက်ပွဲကျင်းပသည့်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူများ” စာရင်းကို ပြုစုနိုင်ရေး၊ မဲပေးခွင့်မရှိသူများ မပါစေရေးနှင့် မဲစာရင်းများမထပ်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ စိစစ်ဆောင်ရွက်ရာ  သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲ များသည် အထက်ပါ မဲပေးပိုင်ခွင့်ရှိသူများကို ကိုင်ဆောင်သည့် နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသား  သို့မဟုတ်  နိုင်ငံသားပြုခွင့်ရ လက်မှတ်၊ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆) တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ မဲစာရင်း တွင် ထည့်သွင်းပြုစုမည်ဖြစ်ပါကြောင်း ပြော ကြားသည်။

ယင်းကဲ့သို့ဆောင်ရွက်နိုင်ရေးနှင့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းများ  တိုက်ဆိုင် စစ်ဆေးခြင်းရှေ့ပြေးလုပ်ငန်း စီမံချက်(Pilot Project) ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာ ကနဦးတွေ့ရှိချက်များ နှင့်ပတ်သက်ပြီး  သက်ဆိုင်ရာပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထို့နောက် မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၊ သက်ဆိုင်ရာ ဌာနများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တာဝန်ခံကော်မရှင် အဖွဲ့ဝင်များက အနီးကပ်စစ်ဆေး ကြပ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။

အထက်ပါ  မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ ယခု  အခါ တိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်ဆေးပြီးစီးမှု စာရင်းချုပ်များ ရရှိပြီးဖြစ်ပါ ကြောင်း၊ မြို့နယ်ပေါင်း ၃၂၅ မြို့နယ် အနက် နယ်မြေလုံခြုံရေး အခြေအနေအရ တိုက်ဆိုင် စစ်ဆေးမှုများကို မြို့နယ်တစ်ခုလုံးနှင့် တစ်ခုလုံးနီးပါး ဆောင်ရွက်နိုင်ခြင်း မပြုနိုင်သည့် မြို့နယ်များသည် ကချင်ပြည် နယ် ၁ မြို့နယ်၊ ကယားပြည်နယ် ၂ မြို့နယ်၊ ကရင်ပြည်နယ် ၁ မြို့နယ်၊ ချင်းပြည်နယ် ၈ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး  ၇ မြို့နယ်၊ မကွေးတိုင်းဒေသကြီး ၆ မြို့နယ်နှင့် ရှမ်းပြည်နယ် ၃ မြို့နယ်ဖြစ်သဖြင့် စုစုပေါင်း ၂၈ မြို့နယ်ဖြစ်ပါကြောင်း၊  တိုက်ဆိုင်စစ်ဆေးမှုများ  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

တစ်ချိန်တည်းတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေနှင့် သက်ဆိုင်ရာ  တိုင်းဒေသကြီး/ပြည်နယ်အလိုက် စစ်ဆေး ပြီးဖြစ်သည့် အခြေခံလူဦးရေစာရင်းချုပ် များကိုရယူပြီး ကနဦးမဲဆန္ဒရှင်များ စိစစ်ခြင်း (Initial Voter List Scrutinizer- IVLS Software) အသုံးပြုစိစစ်ခြင်းနှင့် တွေ့ရှိ ချက်မြေပြင် အခြေအနေများကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊  သက်ဆိုင်ရာ တိုင်းဒေသ ကြီး^ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများကို  ပေးပို့လျက်ရှိပါကြောင်း၊ မြေပြင် စိစစ်တွေ့ရှိချက်များ အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများက စစ်ဆေးပြင်ဆင်အတည် ပြုပြီး ပြန်လည်ပေးပို့သည့် စာရင်းများကို ရယူပြီး  လစဉ် Update လုပ်ခြင်းကို လာမည့် စက်တင်ဘာလက စတင်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုချိန်အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုနှင့် ပြည် ထောင်စုနယ်မြေ၏ အခြေခံလူဦးရေ စာရင်း ချုပ်များကို (Initial Voter List ScrutinizerIVLS Software) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် ၂ ခုတို့ကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် စဉ်ဆက်မပြတ် Update လုပ်ခြင်းဖြင့် ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒ ရှင်စာရင်းများ ရရှိမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်ပြီး    ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေနှင့်   အခြေခံမဲဆန္ဒရှင်စာရင်းများ  ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ခြင်း၊ ပြောင်းလဲ ကျင့်သုံးမည့် ရွေးကောက်ပွဲ စနစ်နှင့်အညီ  ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်ခြင်း၊  မဲဆန္ဒရှင်အသိ ပညာပေးဆိုင်ရာများ ဆောင်ရွက်ခြင်း၊ လူသား အရင်းအမြစ်များ ဖြည့်တင်းလေ့ကျင့်ခြင်း နှင့် အခြေခံ အဆောက်အအုံဖြစ်သည့် ရုံး ဌာနများ တည်ဆောက်ခြင်းတို့ လုပ်ဆောင်လျက်ရှိပါကြောင်း၊  တစ်ချိန်တည်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်  တာဝန်ခံကော်မရှင် အဖွဲ့ဝင်များသည်  သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများမှ  ဝန်ထမ်းများကို ပြောင်းလဲကျင့်သုံးမည့်   ရွေးကောက်ပွဲ စနစ်ဖြစ်သည့်  အချိုးကျကိုယ်စားပြု စနစ်(PR)နှင့် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

    နိဂုံးချုပ်အနေဖြင့်    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင်  ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ် (၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီဆောင်ရွက်လျက် ရှိကြောင်းနှင့်  အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက    လုပ်ငန်းစဉ်(၅)နှင့်အညီ   လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖော်ပြပါမည်။