တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၈

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်း နှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေနတ်တောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ မာလာရုံကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ရွာဦးအောင်ကျောင်းတိုက်၊ သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်ရှိ သရက်တော ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကမ္မဌာနိကဗောဓိကျောင်းတိုက်၊ ငါးသိုင်းချောင်းမြို့ရှိ ရွှေရေးဆောင်ကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ခေမာမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အနီဃာသီလရှင်ပရိယတ္တိစာသင်တိုက်၊ ပျော်ဘွယ်မြို့နယ်၊ ဖက်တောကျေးရွာ အုပ်စု၊   ဖက်တောကျေးရွာရှိ သာသနာ့တံခွန်သီလရှင်စာသင်တိုက်၊ မိတ္ထီလာမြို့နယ်၊ အောင်ပင်သာဘုန်းတော်ကြီးကျောင်း၊ ကေတုမတီသီလရှင်ကျောင်းတိုက်၊ မင်္ဂလာရာမ တိုက်သစ်၊ ခေမာသီရိသီလရှင်ကျောင်းတို့မှ  သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွား ၄၇ ဦးအား  ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ  ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်အဖွဲ့ဝင်များက  ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ပြီး အဘိုးအဘွားများအား နယ်မြေခံဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော အဘိုးအဘွားများအား စစ်တွေမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ တက် ရောက်ကုသနိုင်‌ရေးစီစဉ်ဆောင်ရွက်ပေးသည်။

အလားတူ ဩဂုတ် ၁၇ ရက်နှင့် ယနေ့တို့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သီလဝ(၃)ရပ်ကွက်ရှိ ရွှေသင်းဘိုးဘွားရိပ်သာ၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၊ ပေါင်းတည်မြို့၊ ပေါင်းတည်ဘိုးဘွားရိပ်သာ တို့ရှိ အဘိုး၊ အဘွားများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းကြပြီး နယ်မြေခံဆေးကုသရေးအဖွဲ့များက အဘိုး၊အဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။