မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ PDF/YDF အမည်ခံ အကြမ်းဖက်အဖွဲ့က အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူ ၆ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မော်တော်ယာဉ် ၂ စီးအား လုယက်ယူဆောင်

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ PDF/YDF အမည်ခံ အကြမ်းဖက်အဖွဲ့က အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူ ၆ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မော်တော်ယာဉ် ၂ စီးအား လုယက်ယူဆောင်

နေပြည်တော်၊ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ PDF/YDF အမည်ခံအကြမ်းဖက်အဖွဲ့က အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ပြည်သူ ၆ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ မော်တော်ယာဉ် ၂ စီးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ဇေယျာရပ်ကွက်နေ ဦးခင်မောင်လင်းသည် ၎င်း၏မိသားစုနှင့်အတူ နေအိမ်၌ တီဗီကြည့်နေစဉ် PDF/YDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်၍ ခြံဝင်းအတွင်းရှိ Faw ယာဉ် ၁ စီးနှင့် Light Truck ယာဉ် ၁ စီးတို့အား လုယက်ယူဆောင်သွား ခဲ့သည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အဆိုပါနေအိမ်အတွင်းရှိနေသူများဖြစ်သည့် ဦးခင်မောင်လင်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ယဉ်ဝေ၊ ချွေးမဖြစ်သူ မခင်မာသက်၊ မြေးဖြစ်သူ မသက်သက်အေး၊  ညီဖြစ်သူ ဦးဇော်ဌေးနှင့် တစ်ရပ်ကွက်တည်းနေ ဦးအောင်သိန်းဝင်းတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး  တစ်ရပ်ကွက်တည်းနေ ဦးခင်မောင်ကြည်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ကာ မော်တော်ယာဉ်များအား လုယက်ယူဆောင်သွားသည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။