ဒုတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲ Video Conferencing ဖြင့် ကျင်းပ

နေပြည်တော်  သြဂုတ် ၂၂

ဒုတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ  အဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲ (2nd  ASEAN-  Russia Consultations of the High Representatives for Security Issues)ကို ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့   မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁)    ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင် တက်ရောက်သည်။

ဆွေးနွေးပွဲတွင်   အာဆီယံ-ရုရှား ဆွေးနွေးပွဲအတွက်   ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သုတေသနနှင့်  ထောက်လှမ်းရေးဆိုင်ရာ အထွေထွေဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်   H.E. Lieutenant General HUN Manith နှင့် ရုရှားနိုင်ငံ လုံခြုံရေး ကောင်စီအတွင်းရေးမှူး Mr. Nikolai Patru-shev တို့က အဖွင့်အမှာစကားပြောကြားပြီး အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ   တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ဒုတိယအမြဲတမ်း အတွင်းဝန် ဦးထက်အောင်က မဟာဗျူဟာမြောက် တည်ငြိမ်အေးချမ်းရေး အပါအဝင် အာရှ-ပစိဖိတ်ဒေသ   လုံခြုံရေးအပေါ်  သက်ရောက်မှုများ၊ ဒေသတွင်းအင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာချိန်တွင်    အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍    ဆွေးနွေးတင်ပြသည်။

ထို့နောက်  ဆွေးနွေးပွဲ အစီအစဉ်အရ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev နှင့် ညှိနှိုင်းရေး တာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန သုတေသနနှင့် ထောက်လှမ်းရေးဆိုင်ရာ အထွေထွေဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် H.E. Lieutenant General HUN Manith တို့က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။