ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအား အလှူရေစက်ချ မင်္ဂလာ အခမ်းအနားကျင်းပ

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးမြောက်ဘက် မုခ်အာရုံခံတန်ဆောင်းတော်ကြီး၌ သြဂုတ်၂၁ရက် နံနက်ပိုင်းတွင် ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းအား အလှူရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်   အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့များနှင့် အလှူရှင်များက ရွှေမော်ဓောစေတီတော်မြတ်ကြီးမြောက်ဘက်မုခ်အာရုံခံ တန်ဆောင်းအတွင်း ယာယီသီတင်းသုံးကိန်းဝပ် စံပယ်တော်မူနေသည့် ဆုတောင်းပြည့်ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာရည်များနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

ထို့နောက်  ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ယက္ခမယ်တော်တန်ဆောင်းလှူဒါန်းခြင်း ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော် အရှင်သူမြတ်များက ဆုတောင်းပြည့် ဘီလူးရန်နိုင်ဘုရား ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက  သြဝါဒါစရိယကိုးသိန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် သြဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ရွှေမော်ဓော စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အာရုံခံ တန်ဆောင်းအတွင်း ယာယီသီတင်းသုံးကိန်းဝပ် စံပယ်တော် မူနေသည့် ဆုတောင်းပြည့်ဘီလူးရန်နိုင် ဘုရားရုပ်ပွားတော်မြတ်ကြီးအား အမြဲတမ်း သီတင်းသုံးကိန်းဝပ် စံပယ်တော်မူမည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အထက်ပစ္စယာမူလစံကျောင်း   ယက္ခမယ်တော် တန်ဆောင်းအတွင်း   ပြန်လည်ပင့်ဆောင်ပူဇော်ထားရှိကြောင်း သိရသည်။