ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  သြဂုတ်  ၂၃

ယူရီးယားမြေသြဇာ  ဝယ်ယူဖြန့်ဖြူး ရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ  ယူရီးယားမြေသြဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး  ဦးဆောင်ကော်မတီ  ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးလှမိုးက ဓာတ်မြေသြဇာများ ပြည်ပမှ တင်သွင်းနိုင်ရေး အတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို ထောက်ခံပေးလျက်ရှိပြီး မေ ၁၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ ယူရီးယားတန်ချိန် ၃၄၉၀၅၅ တန်နှင့် ကွန်ပေါင်းတန်ချိန် ၄၇၅၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီး ဖြစ်ကြောင်း၊ တင်သွင်းပြီးတန်ချိန် ၁၇၇၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူး ရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅၀၀၀ ခန့် ရောင်းချပြီးဖြစ်ကြောင်းနှင့် တင်သွင်းရန် ကျန်ရှိနေသော မြေသြဇာများအား အချိန်မီ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ထို့ပြင် အကျိုးတူ လယ်ယာစနစ် (Contract Farming)စနစ်ဆောင်ရွက်မည့် ပဲတီ စိမ်းနှင့် နွေစပါးစိုက် တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုးသော တောင်သူများ အား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်မှုနှင့်  လက်ရှိအခြေအနေ၊   ထပ်မံ ဝယ်ယူရမည့်  တန်ချိန်များကို တွက်ချက်ပြီး လက်ဝယ်ရောက်ရှိသင့်သည့် ကာလနှင့် အချိန်ကိုက်ဖြစ်စေရေး    ကြိုတင်စီစဉ် ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း။

နွေစပါးနှင့် ဆောင်းသီးနှံအတွက် လိုအပ်သော ဓာတ်မြေသြဇာများ အမြန်တင်သွင်းနိုင်ရန်နှင့် တောင်သူများ၏  စိုက်ပျိုးရေး လုပ်ငန်းများတွင် သတ်မှတ်ချိန်အမီ သုံးစွဲနိုင်ရန်၊ နေကြာစိုက်တောင်သူများကို လာမည့်  အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ပံ့ပိုးပေးနိုင်ရန်တို့အတွက် ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်ဆွေးနွေး တင်ပြပေးရန်နှင့် ဦးဆောင်ကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ဓာတ်မြေသြဇာများကို ဈေးနှုန်းသက်သာစွာ  တောင်သူများ ဝယ်ယူသုံးစွဲနိုင်ရေး အတွက်  နိုင်ငံခြားငွေ ဝယ်ယူခွင့်ရရှိရေး မည်သို့ဆောင်ရွက် ပေးနိုင်မည်ကို သက်ဆိုင် ရာဝန်ကြီးဌာနက ဆွေးနွေးပေးနိုင်ရန်နှင့် လိုအပ်သည်များ ရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးကြရန် ပြောကြားသည်။

ထို့နောက် ယူရီးယားမြေသြဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် Consortium အဖွဲ့ တာဝန်ရှိသူ တစ်ဦးတို့က ဦးဆောင်ကော်မတီ၏ စိစစ် ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင် ရရှိမှု၊ တင်သွင်း ရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချ ဈေးနှုန်းများကို လည်းကောင်း၊ မြန်မာနိုင်ငံ  ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦး က လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းဆိုင်ရာများ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။