အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်

အသက်ထက်မြတ်သော ဂုဏ်သိက္ခာ ဇာတ်တော်ကြီး ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်

နေပြည်တော် သြဂုတ် ၃၀

    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီးဇော်မင်းထိုက်၊ တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(မြဝတီ) တပ်မှူး၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ နေပြည်တော်ရှိ အနုပညာ ဦးစီးဌာန လေ့ကျင့်ရေးဇာတ်ရုံ၌ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီး ဇာတ်တိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးသည်။

အနုပညာဦးစီးဌာနသည် ရိုးရာယဉ်ကျေးမှု အနုသုခုမ အမွေအနှစ်များကို ရှာဖွေခြင်း၊ ဖော်ထုတ် ထိန်းသိမ်းခြင်းနှင့် တိုးတက်ပြန့်ပွားစေရန် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပြီး အများပြည်သူများ စိတ်အပန်းပြေစေရန် အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို အခြေခံသည့် ဖျော်ဖြေရေး အစီအစဉ်များကို   ဖော်ထုတ်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝတ်စုံပြည့်ဇာတ်တိုက် လေ့ကျင့်ခြင်း အစီအစဉ်သို့ တက်ရောက်လာသူများအား “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဇာတ်တော်ကြီး တင်ဆက်ကပြရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာတွင် သမိုင်းတွင်ရှိပြီးဖြစ်သော ဖြစ်ရပ်မှန် အကြောင်းအရာကို မြန်မာ့ဇာတ်သဘင်၏ ဆို၊ ငို၊ ပြော ဇာတ်တော်ကြီးပုံစံအဖြစ် တင်ဆက်ကပြရခြင်း ဖြစ်သည့်အတွက်  သမိုင်းအချက်အလက် အထောက်အထား မှန်ကန်မှုရှိစေရန်နှင့် ဇာတ်တော်ကြီး၏ သမားစဉ်များနှင့် ကိုက်ညီမှုရှိစေရန် ကြိုးပမ်း တင်ဆက်ထားခြင်း ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် ရိုးရာသဘင်မှု၏  အစဉ်အလာ သမားစဉ်များကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေးယခင်ကပင် ရှိခဲ့ပြီးဖြစ်သော မြန်မာ့ဇာတ်သဘင် တင်ဆက်မှု၏ အစဉ်အလာအတိုင်း ဘုရားကန်တော့ခန်း၊ နတ်ကတော်ခန်း၊ ဇာတ်ကျောရိုးကို အခြေပြုသည့် အထုပ်အကွက်ဝင် သစ္စာထား နှစ်ပါးသွားခန်း၊ ဝန်နှစ်ပါး ဇာတ်ပန္နက်ရိုက်ခန်း၊  နန်းစီးပြည်တည်ခန်း၊ ဇာတ်တော်ကြီး တင်ဆက်ကပြခန်းများကို ပြည့်စုံစွာ စီစဉ်တင်ဆက် ထားကြောင်းဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။

ဇာတ်တော်ကြီး တင်ဆက်ကပြအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပြင်ဆင်သင့်သည့် ဇာတ်ဝင်ခန်းများ၊ ဇာတ်ဝင် ဇာတ်စာ ဇာတ်စကားများကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။ ဆက်လက်၍ ဇာတ်တော်ကြီး တင်ဆက်ကပြသော အနုပညာရှင် ဝန်ထမ်းများအား သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။

သက္ကရာဇ်(၉၄၀-၉၇၀)ဝန်းကျင်က တည်ရှိခဲ့သော ရတုဘုရင်စာဆိုရှင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတို့၏ ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ  မေတ္တာဘွဲ့ဇာတ်လမ်း၊ ဟံသာဝတီနှင့် တောင်ငူ၊ အင်း၀ အစရှိသည့် ပဒေသရာဇ်စနစ်များ၏ အားပြိုင်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းများကိုနောက်ခံပြု၍ စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိ ရှိသည်သာမက အနုသုခုမအရာတွင်လည်း ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင်သည် မိမိတို့၏ နိုင်ငံတွင်း ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစားကာ ပူးပေါင်း ဆောင်ရွက်မိသဖြင့်  မလှပသော နိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာ တစ်ရပ်အဖြစ် တင်ဆက်နိုင်ရန် သမိုင်းဆိုင်ရာ  အချက်အလက် အထောက်အထားများနှင့် ဇာတ်အိမ်ဇာတ်ညွှန်းကို သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနက စီစဉ်ပြုစု၍ ဇာတ်စာရေးဆရာကြီး ဦးနန်းမြင့်ဆွေ (မန္တလေး)က ဇာတ်စာ၊ ဇာတ်စကားများ ထည့်သွင်းရေးသား စီစဉ်တင်ဆက်ထားခြင်းဖြစ်သည်။

“အသက်ထက်မြတ်သောဂုဏ်သိက္ခာ”ဇာတ်တော်ကြီးတွင် နတ်သျှင်နောင်အဖြစ် တက္ကသိုလ်အားမာန်၊ ရာဇဓာတုကလျာအဖြစ် ဒေါ်ဇာနည်အောင်၊  ရဝေရှင်ထွေး အဖြစ် ဒေါ်သီရိမျိုးစံ၊ အင်းဝဘုရင် မင်းရဲနန္ဒမိတ်အဖြစ် ရွှေတံဆိပ်ဆုများရှင် ဦးဉာဏ်ဝင်း၊ လူရွှင်တော်များဖြစ်ကြသည့် ဝမ်းတူး၊ အာပြဲ၊ ရောင်နီ၊ လမုန့်နှင့် ဇာတ်ပို့ဆိုင်း ရွာစားနိုင်လင်းဗိုလ်နှင့် အဖွဲ့တို့က ပံ့ပိုးတီးခတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။