ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ကာ ယှဉ်ပြိုင်ကြစေလို

ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ကာ ယှဉ်ပြိုင်ကြစေလို

ပဲခူး စက်တင်ဘာ ၁

    ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် (၂၃)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုကျင်းပသည့် ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဘာသာတရား ကိုင်းရှိုင်းမှုကို ဖော်ပြသည့်  ပွဲတော်တစ်ခု ဖြစ်ပြီး မျိုးဆက်သစ်များ အနေဖြင့် တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် ပြိုင်ပွဲဝင်မောင်/မယ်များ အနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်ကာ ရိုးသားကြိုးစားစွာ ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

   ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ပဲခူးတိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊   တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်နှင့် အနုပညာ ထူးချွန်ပထမအဆင့်ရ  မြန်မာနိုင်ငံသဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးစိန်မြအောင်တို့က (၂၃)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား ပြိုင်ပွဲဝင်များက ဗိုလ်ရှုသဘင်သီချင်းဖြင့် လည်းကောင်း၊ မင်းသားအကဖြင့် လည်းကောင်း၊ အိုးစည် အတီးအကဖြင့် လည်းကောင်း ဧည့်ခံဖျော်ဖြေ ခဲ့ကြရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုငွေများ ပြန်လည်ချီးမြှင့်သည်။

 (၂၃)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ပဲခူးမြို့ မြို့တော်ခန်းမ၊ ဗုဒ္ဓအသံဓမ္မဗိမာန်နှင့် သီရိဟံသာခန်းမ စသည့်နေရာ သုံးခုခွဲ၍ ကျင်းပရာ တိုင်းဒေသကြီး အတွင်းရှိ အနုသုခုမပညာရှင်/ဝါသနာရှင် စုစုပေါင်း ၁၃၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနသို့ သွားရောက်ကာ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်)နှင့် စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း)  သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး သင်တန်းသား၊   သင်တန်းသူများအား ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်အားပေးသည်။  

အဆိုပါသင်တန်းအား သင်ကြားရေး ဆေးရုံဖြစ်သော ပဲခူး၊ တောင်ငူနှင့် ပြည် ဆေးရုံကြီးတို့တွင် ခြောက်လကြာ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။