မြိတ်မြို့နယ်၌ ရော်ဘာလုပ်ငန်းများ စတင်ချိန် ရာသီအဖွင့်တွင် တစ်ပိဿာပေါက်ဈေး

မြိတ်မြို့နယ်၌ ရော်ဘာလုပ်ငန်းများ စတင်ချိန် ရာသီအဖွင့်တွင် တစ်ပိဿာပေါက်ဈေး

ငွေကျပ် ၅၀၀၀ ရှိနေ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ယခုနှစ် ရော်ဘာလုပ်ငန်းများ စတင်လုပ်ကိုင်ချိန် ရာသီအဖွင့်တွင်  ရော်ဘာ တစ်ပိဿာကို ပေါက်ဈေးငွေကျပ် ၅၀၀၀ အထိရှိနေပြီး ဈေးကောင်းရရှိနေကြောင်း ရော်ဘာထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

ယခုလက်ရှိတွင်   ရော်ဘာမှိုင်းခံပြား အဆင့်သုံး တစ်ပိဿာကို ငွေကျပ် ၄၉၀၀၊ ရော်ဘာနေလှန်းပြား(ခေါင်းဝိုင်း) တစ်ပိဿာကိုငွေကျပ် ၅၀၀၀၊ နေလှန်းပြား(လေးထောင့်)တစ်ပိဿာကို ငွေကျပ် ၄၉၀၀၊ အစေးရည် DRC (၁၀၀ ရာခိုင်နှုန်း)   တစ်ပိဿာကို ငွေကျပ် ၅၀၀၀၊ ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် (အသန့်)   DRC (၁၀၀ ရာခိုင်နှုန်း)တစ်ပိဿာကို ငွေကျပ် ၅၀၀၀၊ ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် DRC (၁၀၀ ရာခိုင်နှုန်း)တစ်ပိဿာကို ငွေကျပ် ၄၉၀၀၊ အစေးခဲ/အစေးရည်ခဲ တစ်ပိဿာကို ငွေကျပ် ၄၈၀၀ နှင့်   ဂေါ်လီချေး/ခွက်ကပ်(အခြောက်)တစ်ပိဿာကို  ငွေကျပ် ၂၂၀၀ အထိ ဈေးပေါက်နေသည်။

မြိတ်မြို့နယ်ရှိ ရော်ဘာခြံများ၌ ရော်ဘာလုပ်ငန်းများကို စက်တင်ဘာလအစပိုင်းက စတင်၍ ရော်ဘာခြံများအတွင်း တောခုတ်ခြင်း၊တောရှင်းခြင်းများနှင့် မြေသြဇာကျွေးခြင်းတို့ကိုပြုလုပ်ကြပြီး ရော်ဘာအစေးလှီးခြင်း၊ ရော်ဘာအပြား ထုတ်လုပ်ခြင်း လုပ်ငန်းများကို များသောအားဖြင့် အောက်တိုဘာလဆန်းပိုင်းလောက်တွင်  စတင်လုပ်ကိုင်ကြကာ ရော်ဘာထုတ်လုပ်  ရောင်းချသူများသည် မှိုင်းခံရော်ဘာ အပြားများကိုသာ အဓိက ထုတ်လုပ်ရောင်းချကြပြီး တချို့သောရော်ဘာခြံများတွင်   ရော်ဘာအစေးရည်များနှင့် ခွက်လုံးအခဲများကိုပါ ထုတ်လုပ်ရောင်းချကြသည်။

မြိတ်မြို့နယ်တွင်  ရော်ဘာထုတ်လုပ် ရောင်းချသူများသည် ရော်ဘာများကို ဒေသအတွင်း ဝယ်လက်များ၊ မြို့ပေါ်ရှိ ရော်ဘာအဝယ်ဒိုင်များနှင့် ရော်ဘာအစေးရည် ဝယ်ကုမ္ပဏီများသို့ တင်ပို့ရောင်းချလျက်ရှိကြပြီး   ထားဝယ်ဘက်နှင့် ပုလောမြို့နယ်တို့မှ လာရောက် ဝယ်ယူသူများကိုလည်း ရောင်းချလျက်ရှိကြသည်။ ယခုလက်ရှိတွင် မြိတ်မြို့နယ်အတွင်းရှိ ရော်ဘာဝယ်ယူရောင်းချသူများ၏ ဈေးကွက်များအတွင်း၌ ရော်ဘာတစ်ပိဿာကို   ပေါက်ဈေးငွေကျပ်  ၅၀၀၀ အထိရှိနေကြောင်း သိရသည်။