သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ တက်ရောက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ - ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်တွင် လိုက်ပါလာသည့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus တွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် နှင့်အတူ ပါဝင်တက်ရောက်သည်။

အဆိုပါ 2nd International Tiger Conservation Forum သို့ နိုင်ငံပေါင်း (၁၄) နိုင်ငံမှ တာဝန်ရှိသူများက ပါဝင်တက်ရောက်ကြပြီး ဖိုရမ်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က ယဉ်ကျေးမှု ကပွဲများဖြင့် စတင်ဖွင့်လှစ်ပြီးနောက် ကျားတံဆိပ်ခေါင်း အထိမ်း အမှတ်ထုတ်ဝေရေးအတွက် ပြည်ထောင်စုဝန်ကြီး (၄)ဦးမှ ရက်စွဲရိုက်နှိပ် လက်မှတ်ရေးထိုး ပြီးနောက် အထိမ်းအမှတ်ပြခန်းကို လှည်လည်ကြည့်ရှုကြပါသည်။ ထို့နောက်ဖိုရမ်၏ မျက် နှာစုံညီ အစည်းအဝေးကို ကျင်းပရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ကျားကျက်စားရာ (၁၄) နိုင်ငံအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရေး ဝန်ကြီး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်ရှိသည့် နိုင်ငံများမှ ဒုတိယ ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံအလိုက် ဆောင်ရွက်ချက်များကို ဆွေးနွေးကြ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ကျားကျက်စားနယ်မြေ အပါအဝင်ဖြစ်သည့် သဘာဝထိန်းသိမ်းရေး နယ်မြေ များတိုးချဲ့ဖွဲ့စည်းထားရှိမှုများ၊ မြန်မာနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ခုနှစ် အတွင်း မှတ်တမ်းတင် ထားသော ကျားအရေအတွက်၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည် ထူထောင် ခြင်းအစီအစဉ်အောက်မှ ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ကျားကောင်ရေ ထိန်းသိမ်းရေးအတွက် (၂၀၂၀-၂၀၂၅)ခုနှစ် စီမံချက်ရေးဆွဲပြီး ပြည်တွင်း ပြည်ပအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ ကမ္ဘာ့ကျားထိန်းသိမ်းရေး စီမံချက်ပါအတိုင်း မျှော်မှန်း ရလဒ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက်မွန်းလွဲပိုင်းတွင် ကျားထိန်းသိမ်းရေးနည်းလမ်းကောင်းများနှင့် ထိန်းသိမ်းခြင်း ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ အရေးပါမှု ခေါင်းစဉ်များဖြင့် ဆက်လက်ဆွေးနွေး ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး Alexander Kozlov က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဖိုရမ်ကို ဒေသစံတော်ချိန် ၁၈:၃၀ နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။