ကဏန်းဈေးကွက် ဝယ်လိုအားကောင်းနေသောကြောင့် ဖမ်းဆီးရောင်းချသူများ ဝင်ငွေရရှိ

ကဏန်းဈေးကွက် ဝယ်လိုအားကောင်းနေသောကြောင့် ဖမ်းဆီးရောင်းချသူများ ဝင်ငွေရရှိ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ ယခုအခါ ကဏန်းညိုနှင့် ဝသုံးလုံး ကဏန်းများ အရောင်းအဝယ်ကောင်းနေပြီး ဈေးကွက် ခိုင်မာနေသောကြောင့် တစ်နိုင်တစ်ပိုင် ကဏန်းဖမ်းဆီးရောင်းချသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ကဏန်းမြှုံးထောင်တဲ့ နေရာမှာ ကဏန်းညိုတွေကို အဓိက ဖမ်းဆီးရမိပြီး ဈေးနှုန်းတွေကတော့ ကဏန်းညို အလေးချိန် ခြောက်ကျပ်သား အထက်ကို တစ်ပိဿာလျှင်  ငွေကျပ် ၈၀၀၀ ဈေးအထိရှိပြီး ခြောက်ကျပ်သားအောက်ကို တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဈေးနဲ့ ရောင်းချရပါတယ်။ ပိုက်ချဖမ်းဆီးခြင်းကိုတော့ ပင်လယ်ပြင်မှာပဲ လုပ်ရပြီးတော့ အများဆုံး ဖမ်းဆီးရမိတဲ့ ကဏန်းတွေက ဝသုံးလုံးကဏန်းနဲ့   ပန်းကဏန်း အမျိုးအစားတွေဖြစ်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ ဝသုံးလုံးကဏန်း တစ်ပိဿာကို ငွေကျပ် ၃၀၀၀ ဈေးထိရှိပြီးတော့ ပန်းကဏန်း တစ်ပိဿာကို ငွေကျပ် ၁၁၀၀၀ ဈေးထိရှိပါတယ်။ ယခုရက်ပိုင်းမှာ ကဏန်းဖမ်းဆီး ရမိမှုများနေတာကြောင့် ကဏန်းထောင်သူ တစ်ဦးလျှင် တစ်ရက်ကို ငွေကျပ် ၁၀၀၀၀ ကျော်လောက် ရရှိပါတယ်}”ဟု ကဏန်းဖမ်းဆီးရောင်းချခြင်း  လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ဦးက ပြောသည်။

အဆိုပါ ကဏန်းများကို ဟိုင်းကြီးကျွန်းမြို့အနီး မြစ်ချောင်းများနှင့် ပင်လယ်ပြင်အတွင်းမှ  ဖမ်းယူရရှိပြီး  တစ်နေ့ထွက် ကုန်အလေးချိန် ပိဿာ ၃၀၀ ခန့်ရှိကာ ကျေးရွာအဝယ်ဒိုင်များမှ တစ်ဆင့် လပွတ္တာ၊ ချောင်းသာ၊ ပုသိမ်နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ ရောင်းချကြကြောင်း   သတင်းရရှိသည်။