ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် မှာကြား

ပြည်သူလူထုများ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ရပ်ကွက်/ကျေးရွာအဆင့်ထိ ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် မှာကြား

ပဲခူး  စက်တင်ဘာ  ၅

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ အနေဖြင့် မိမိတို့မြို့နယ်အလိုက်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဦးတည်အုပ်စုအလိုက် အကြိမ်ပြည့်ထိုးနှံနိုင်ရေး  ကြီးကြပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများသည်   ဌာနဆိုင်ရာ အားလုံး တာဝန်ရှိ၍ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်ကို  တစ်လလျှင်  ကျေးရွာ ၁၀  ရွာနှုန်း  စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကွင်းဆင်းရာတွင်  ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ  တစ်ပါတည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  ပြည်သူလူထုများ  အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေး   ရပ်ကွက်/ကျေးရွာအဆင့်ထိ  ဆေးထိုးစုရပ်များ ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီဟက တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကုသမှုနှင့် ကာကွယ်ဆေး ထိုးနှံနေမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင် အတွင်းရှိ  မြို့နယ်များ အလိုက်  ကိုဗစ်- ၁၉ ရောဂါ   ကြိုတင် ကာကွယ်ရေးနှင့် ပြုစုထားရှိသည့်  စာရင်းဇယား အချက်အလက်များကို လည်းကောင်း Power Pointဖြင့် အသီးသီး တင်ပြခဲ့ကြကြောင်း သိရသည်။