ချယ်လ်ဆီးအသင်းက နည်းပြ ဂရေဟမ်ပေါ်တာကို ငါးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ်  ခန့်အပ်ကြောင်း အတည်ပြု ထုတ်ပြန်

ချယ်လ်ဆီးအသင်းက နည်းပြ ဂရေဟမ်ပေါ်တာကို ငါးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ်  ခန့်အပ်ကြောင်း အတည်ပြု ထုတ်ပြန်

ချယ်လ်ဆီးအသင်းက နည်းပြတူချယ်လ်ကို ထုတ်ပယ်ခဲ့ပြီးနောက်   နည်းပြသစ်အဖြစ်   ဘရိုက်တန်အသင်း နည်းပြ   ဂရေဟမ်ပေါ်တာကို  ကာလရှည် စာချုပ်ဖြစ်သည့်  ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သော ဒိုင်နမိုဇာဂရက် အသင်းကို ရှုံးနိမ့်သည့်ပွဲစဉ် အပြီးတွင်      နည်းပြ တူချယ်လ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အတည်ပြု ကြေညာပြီးနောက် ဘရိုက်တန်အသင်း နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်ပြီး ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘရိုက်တန်အသင်းနှင့် နည်းပြ ဂရေဟမ်ပေါ်တာ တို့   စာချုပ်သက်တမ်း ကျန်ရှိနေသေးသည့် အတွက် ချယ်လ်ဆီးအသင်း အနေဖြင့် ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဘရိုက်တန်အသင်းထံ စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် ၁၅ သန်းခန့် ပေးချေခဲ့ရပြီး အသင်းပိုင်ရှင်သစ် တော့ဘိုလီလက်ထက်  ပထမအကြိမ်အဖြစ်  နည်းပြ အပြောင်းအလဲ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၄၆ နှစ်အရွယ် နည်းပြ ဂရေဟမ်ပေါ်တာသည် ပရော်ဖက်ရှင်နယ်နည်းပြဘဝကို အော်စတာ ဆန်းအသင်းနှင့် စတင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က ဘရိုက်တန်အသင်းကို စတင်တာဝန်ယူ ကိုယ်တွယ်ခဲ့ရာ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်သကဲ့သို့ ယခုဘောလုံးရာသီ ခြောက်ပွဲ ကစားပြီးချိန်တွင် လေးပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကလပ်အသင်း အများစု အနေဖြင့် အသင်းနည်းပြများ ခန့်အပ်ရာတွင် အများဆုံး  သုံးနှစ်စာချုပ်ဖြင့်သာ  ခန့်အပ်ခဲ့သော်လည်း အသင်းပိုင်ရှင် တော့ဘိုလီက နည်းပြဂရေဟမ်ပေါ်တာကို    ကာလရှည တာဝန်ယူစေလိုသည့် အတွက်  ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။