အက်သလက်တီကို အသင်းက ဂရစ်ဇ်မန်းကို အပြီးသတ် မဝယ်ယူလို၍ ပွဲကစားချိန် မိနစ်ပိုင်းသာ အသုံးပြု နေသည့်အတွက် ဘာစီလိုနာအသင်းက တရားစွဲရန်ပြင်ဆင်

ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းထံ အငှားချထားသည့် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်း ကို အက်သလက်တီကို အသင်းအနေဖြင့် အပြီးသတ် မဝယ်ယူလို၍ ပွဲကစားချိန်  မိနစ်ပိုင်းသာ အသုံးပြုနေ သည့်အတွက် တရားစွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

ဂရစ်ဇ်မန်းသည် ၂၀၂၁ ခုနှစ်  နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက ဘာစီလိုနာအသင်းမှ အက်သလက်တီကို အသင်းသို့ နှစ်ရာသီအငှားစာချုပ် ဖြင့်  ပြောင်းရွှေ့ကစားနေသူဖြစ်ကာ  အငှားစာချုပ် သက်တမ်းကုန်ဆုံးပါက   ပွဲထွက်ကစားခွင့်အရေ အတွက်ပေါ်မူတည်ပြီး  အက်သလက်တီကိုအသင်း အနေဖြင့်  ပြောင်းရွှေ့ကြေး ယူရို သန်း  ၄၀ ဖြင့် အပြီးသတ် ဝယ်ယူရမည်ဟု    စာချုပ်ချုပ်ဆိုစဉ်က ထည့်သွင်း ချုပ်ဆိုထားခြင်း ဖြစ်သည်။

အက်သလက်တီကိုအသင်းက   ဂရစ်ဇ်မန်းကို ဘာစီလိုနာအသင်းမှ ခေါ်ယူစဉ်ကတည်းက အသင်းအနေဖြင့်  ယခုဘောလုံးရာသီတွင်  ဂရစ်ဇ်မန်းကို တစ်ပွဲလျှင် ၄၅ မိနစ်နှင့်အထက် ပိုမိုအသုံးပြုခဲ့သည့်  ပွဲအရေအတွက်  ၁၄  ပွဲနှင့်အထက်ရှိမည်ဆိုပါက အငှားစာချုပ်ကုန်ဆုံးလျှင် ပြောင်းရွှေ့ကြေး ယူရို သန်း  ၄၀ ဖြင့် မဖြစ်မနေခေါ်ယူရမည်ဟု ပါရှိထားသဖြင့်  လက်ရှိတွင်  အက်သလက်တီကိုအသင်းက အပြီးသတ် မဝယ်ယူလိုသည့်အတွက်  ပွဲချိန်  မိနစ် ၆၀ နောက်ပိုင်းမှသာ လူစားဝင်ကစားသမားအဖြစ်   အသုံးပြုနေခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းကို မဝယ်ယူလိုဘဲ စာချုပ်ပါ အချက်အလက်များကို ခုတုံးလုပ်ပြီး ပွဲစဉ်တိုင်းတွင် ၂၈ မိနစ်ခန့်သာ အသုံးပြုနေသည့် အက်သလက်တီကိုအသင်း၏ လုပ်ရပ်ကို မကျေနပ် ၍   ယခုဘောလုံးရာသီ အကုန်တွင်   အပြီးသတ်မဝယ်ယူလျှင်  တရားရုံးတွင်  တိုင်ကြားမှု ပြုလုပ်ပြီး တရားဥပဒေအရ ရင်ဆိုင်မည်ဟု အသိပေးခဲ့ကြောင်း သိရသည်။                      

Ref;Marca