နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rossiya Segodnya သတင်း အေဂျင်စီ၊ RIA သတင်း ဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား စက်တင်ဘာလ ၆ ရက်နေ့၌ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University (FEFU)၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများအား လက်ခံဖြေကြားခဲ့သည်။

အဆိုပါမေးမြန်းမှုများနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည် -

ယမန်နေ့မှအဆက်

မေး။ ။ ယခုလက်ရှိ ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေနဲ့သုံးသပ်ဆွေးနွေးသွားတဲ့ အချက်တွေပေါ်မှာ စဉ်းစားသုံးသပ်ကြည့်တဲ့အခါမှာ လာမယ့်ကာလတိုကာလအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိနိုင်ဟု သုံးသပ်မိပါတယ်။ အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းဖို့ရှိပါသလား။

ဖြေ။ ။ ကျွန်တော်တို့ အခုအချိန်မှာပြောဖို့စောသေးတယ်။ နောက်ထပ်အချိန်လေး ငါးလလောက်ကျန်သေးတယ်။

ဒီအပေါ်မှာ အခြေအနေကြည့်ပြီးတော့မှာပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ချက်ချင်းကောက်ပြီးတော့ ကြိုပြီး ဆုံးဖြတ်လို့မရပါဘူး။ အခြေအနေကို ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်။

မေး။ ။ ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ လက်ရှိကမ္ဘာမှာ အားလုံးရင်ဆိုင်နေရတဲ့ လောင်စာဆီ တင်သွင်းခြင်းဖြေရှင်းနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင် ရွက်သွားမယ်လို့ ကြားသိထားရပါတယ်။

ကြားသိတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံက လောင်စာဆီဝယ်ယူတင်သွင်းမှုရှိနေပါပြီးလား။ ဝယ်ယူတင်သွင်းတဲ့အချိန်မှာ ရုရှားနိုင်ငံက သတ်မှတ်ထားသလို ရူဘယ်လ်ငွေကြေးနဲ့ပဲ ပေးချေသွားနိုင်မှုရှိပါသလား။

ဖြေ။ ။ ကျွန်တော်တို့ ရုရှားနိုင်ငံကနေ လောင်စာဆီဝယ်ဖို့အတွက် ဆောင်ရွက်နေတာ ခရီးတော်တော်ရောက်နေပါပြီ။

ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံကိုရောက်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ဝယ်ယူသွားဖို့လည်း ရှိပါတယ်။ ငွေပေးချေရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံလက်ခံတဲ့ငွေးကြေးနဲ့ ပေးမှာဖြစ်ပါတယ်။ ရူဘယ်လ်နဲ့ပေးရမယ်ဆိုရင်လည်း ရူဘယ်လ်နဲ့ ရအောင်ကျွန်တော်တို့စီစဉ်ပြီးပေးမှာ ဖြစ်ပါတယ်။

ကျွန်တော်က ရူဘယ်လ်နဲ့ပေးချေဖို့ ပိုပြီးဆန္ဒရှိပါတယ်။ တခြားငွေကြေးနဲ့ဆိုကန့်သတ်ချက်ရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒီနည်းလမ်းကိုရအောင်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့သံတမန်ဆက်ဆံရေးကလည်း နှစ်ပေါင်း ရှည်ကြာခဲ့ပြီဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဟာ အအောင်မြင်ဆုံးကဏ္ဍနှင့် အဓိကအခြေခံကဏ္ဍအဖြစ် ရပ်တည်ခဲ့ပါတယ်။ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍဟာဆိုရင်လည်း ဆက်လက်ဖွံဖြိုးတိုးတက်လျက်ရှိပါတယ်။ ဒီနေရာမှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးအခြေအနေအရ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကနေမှ နောက်ဆုံးပေါ် ခေတ်မီစစ်လက်နက်ပစ္စည်းတွေ၊ ကာကွယ်ရေးပစ္စည်းတွေ ထပ်မံဝယ်ယူသွားဖို့ရှိပါသလား။ သိချင်ပါတယ်။ ဒေသအတွင်းအခြေအနေနဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးချိန်ညှိမူမှာ မြန်မာနိုင်ငံအနေနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့တွေ ၊ အခြေစိုက်ဌာနချုပ်တွေကို မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ လက်ခံဆောင်ရွက်သွားဖို့ ရှိ/မရှိ သိလိုပါတယ်။

ဖြေ။ ။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နေမှု နယ်ပယ်ကတော့ ဆယ်စုနှစ် နှစ်ခု ကျော်လောက်ဖြစ်သွားပြီ။ တော်တော်လေးလည်း အရှိန်အဟုန်ရလာပါပြီ။ ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ရေးပစ္စည်းတွေက တကယ်အဆင့်အတန်းလည်း မြင့်ပါတယ။ နိုင်ငံတော်ကာကွယ်ဖို့အတွက်လည်း အထောက်အကူရပါတယ်။ ကျွန်တော်လည်းနှစ်ခြိုက်ပါတယ်။ ဆက်လက်ပြီးတော့ တိုးချဲ့ဆောင်ရွက်သွားဖို့ တွေရှိကြောင်း ပြောလိုပါတယ်။ နောက်မြန်မာနိုင်ငံမှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ တပ်စွဲနေရာချထားရေး ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ရဲ့ အခြေခံဉပဒေမှာ ခွင့်ပြုထားတာမရှိပါဘူး။ အခြေခံဥပဒေအရလည်း ဘောင်အတွင်းမှာပဲ အကောင်းဆုံးဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာကို နည်းလမ်းရှာရမှာဖြစ်ပါတယ်။ စခန်းချဖို့တော့ ကျွန်တော်တို့ မပေးထားပါဘူး။ ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ အခွင့်အလမ်းတွေ အလားအလာရှိပါတယ်ဆိုတာကို ကျွန်တော်တွေ့ပါတယ်။

မေး။ ။ နောက်ဆုံး ပထဝီနိုင်ငံရေး အခြေအနေမှာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အခုလိုရုရှားနိုင်ငံနဲ့ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နေတာကမကျေမနပ်ဖြစ်နေတဲ့အခြေအနေလေးတေွ တွေ့ရှိရပါတယ်။ ဥပမာ- အမေရကန်နိုင်ငံက ထုတ်ဖော်ခဲ့တဲ့ ထုတ်ဖော်ချက်တစ်ရပ်မှာ အခုလိုရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်နေတာဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ထုတ်ပြန်ပြောကြား နေတာတွေရှိပါတယ်။ ဘာကြောင့်မို့ အမေရိကန်အစိုးရအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရနဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်မှုကို ဝင်ရောက်စိတ်ပူပန်နေရတယ် ဆိုတာကိုလည်း ဆွေးနွေးပေးစေလိုပါတယ်။

ဖြေ။ ။ အတိတ်ကို နည်းနည်းလောက်ပြန်ကြည့်ရင်တော့ တွေ့နိုင်တယ်။ အထူးသဖြင့်တခြားကမ္ဘာ  နိုင်ငံပေါ့ဗျာ။ အာဆီယံဒေသမှာဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကျွန်တော်သုံးသပ်ပြပါမယ်။ ပြီးခဲ့တဲ့ အတိတ်ကာလမှာ အာဆီယံနိုင်ငံ၊ အရှေ့တောင်အာရှဒေသနိုင်ငံတွေမှာလည်း အခုမှ တညိငြိမ်အေးချမ်းမှုရှိနေတာပါ။

အရင်ကတော့ တည်ငြိမ်အေးချမ်းမှုမရှိ၊ ပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေရှိတယ်။

အဲဒီတော့ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာတည်ဆဲအစိုးရကို ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အမေရိကန်မှာခေါ်ပြီးတော့ အားပေးအားမြှောက်ပြုပြီး ထောက်ပံ့ပေးခဲ့တာတွေ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သက်ဆိုင်ရာနိုင်ငံတွေကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြုနေတာ အခုထိရှိတယ်။

ဒါပေမဲ့ ဆိုဗီယက်ခေတ်ကိုပဲကြည့်ကြည့်၊ ရုရှားရဲ့ လက်ရှိခေတ်ကိုပဲကြည့်ကြည့်၊ ကာလကိုပဲကြည့်ကြည့် အရှေ့တောင်အာရှနိုင်ငံများရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်တဲ့ အဖွဲ့အစည်းတွေကို အားပေးအားမြှောက်ပြုနေတာကို ရုရှားနိုင်ငံကလက်ခံပြီးတော့ ဆောင်ရွက်တာ မတွေ့ဘူး။ ဒါဟာသိသာတဲ့ အခြေအနေတစ်ရပ်ပဲဖြစ်ပါတယ်။ အဲ့ဒီတော့ဒါကွာခြားချက်တစ်ခုပါပဲ။ အာဆီယံကလည်းလက်ရှိအခြေအနေမှာ ကမ္ဘာမှာ စီးပွားရေးအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တယ်။

အာဆီယံက သူ့ရပ်တည်ချက်နဲ့သူရှိတယ်။ အာဆီယံရဲ့အားပါသွားမယ်ဆိုရင် ကမ္ဘာ့ရဲ့အခြေအနေနအဲ့ ပြောင်းအလဲတစ်ရပ် ဖြစ်သွားစေနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဒါကြောင့် အာဆီယံဟာ ရုရှားဘက်ကိုမပါဖို့အတွက်လည်း အမေရိကန်ကလိုလားပုံရပါတယ်။ အဲ့ဒီတော့ အာဆီယံ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံကိုလည်း ဒီလိုပဲ ယူဆလိမ့်မယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံထဲမှာ ကျွန်တော်တို့ပါပြီးတော့မှ အာဆီယံအ ဖွဲ့ရဲ့ တိုက်တွန်းချက်နဲ့ မြန်မာနိုင်ငံရပ်တည်အောင်လည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအာဆီယံနိုင်ငံရဲ့ တိုက်တွန်းချက်ကြောင့်လည်း အမေရိကန်က သူတို့ရဲ့ နီးစပ်တဲ့ အာဆီယံနိုင်ငံတွေကို တွန်းအားပေး ဆောင်ရွက်နေတယ်ဆိုတာလည်း ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ အဲဒီတော့ အဲဒီမှာကြည့်ရင်လည်း သူတို့အမေရိကန်နိုင်ငံက အဓိကပြောဆိုနေတဲ့ ဒီမိုကရေစီရယ် လူ့အခွင့်အရေးရယ် စီးပွားရေးမှာ သူတို့ကျောထောက်နောက်ခံတဲ့ ဒေါ်လာငွေကြေး ဒါတွေနဲ့ချုပ်ကိုင်ပြီးတော့မှ အပြောင်းအလဲဖြစ်တေအာင် ကြိုးစားနေတာ ကျွန်တော်တွေ့တယ်။

မေး။   ။        အာဆီယံနိုင်ငံတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့   မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး  နိုင်ငံရေးတည်ငြိမ်မှုအတွက်  ဘယ်လိုအထောက်အကူပြု နိုင်သလဲ ဆိုတာလည်း  သိရှိလိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ မကြာသေးမီအချိန်က အာဆီယံကကျင်းပတဲ့ အခမ်းအနား တစ်ခုကို မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားခြင်းမပြုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒါတွေဟာဆိုလို့ရှိရင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ပိုမိုပြီးတော့ ယုတ်လျော့စေတယ်လို့  သုံးသပ်မိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေ စတင်ဖွဲ့စည်းခဲ့တဲ့အချိန်က ထားရှိခဲ့တဲ့  ပဋိညာဉ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ကိုက်ညီမှုရှိပါသလား ဘယ်လိုမျိုးသုံးသပ်ပါသလဲ။

ဖြေ။   ။        ကျွန်တော်တို့က ၁၉၉၇ ခုနှစ်မှာ  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ကျွန်တော်တို့ဟာ  အာဆီယံ ပဋိညာဉ်ကို   ကျွန်တော်တို့အလေးထား လိုက်နာဆောင်ရွက်ပါတယ်၊ အာဆီယံရဲ့ပဋိညာဉ်မှာ Asean ရဲ့ Way၊ Asean ရဲ့ Spirit Asean Practice ဒီလိုရှိတယ်၊  ဒါတွေ ကျွန်တော်တို့ကလိုက်နာပါတယ်။

အာဆီယံပဋိညာဉ်မှာလည်း အတိအကျဖော်ပြထားတယ်၊ မြန်မာနိုင်ငံကနေပြီးတော့ ဒီအပေါ်မှာ ကျော်လွန်လုပ်တာ တစ်ခုမှ ကျွန်တော်တို့မရှိဘူး၊ တကယ်လို့သာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက အာဆီယံပဋိညာဉ်ကိုသာ လိုက်နာမယ်ဆိုရင် ဒီလိုပြဿနာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ အစိုးရအခုရှိနေတာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရရှိနေခြင်း ဖြစ်တယ်။

ဒါဟာ အသိအမှတ်ပြုရမယ်၊ ဒါကျွန်တော်တို့ဟာ ပြည်သူက  အသိအမှတ်ပြုထားတဲ့ အခြေခံဥပဒေအရ အရေးယူဆောင်ရွက်ထားတာဖြစ်တယ်၊ ဒီအပေါ်မှာ မျက်ကွယ်ပြုပြီးတော့မှ သူတို့ရွေးကောက် တင်မြှောက်ပွဲဆိုင်ရာ ရလဒ်တွေအပေါ်မှာ ဖြစ်ပေါ်လာတဲ့သဘောထားကွဲလွဲနေမှုအပေါ်မှာ   သူတို့ဒါကို တုံ့ပြန် မှုတွေကတော့ သူတို့ရဲ့ အာဆီယံရဲ့ပဋိညာဉ်နဲ့မကိုက်ဘူးလို့ ပြောချင်ပါတယ်။

မေး။  ။         အခုလက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေ ထိန်းသိမ်းမှုအပိုင်းမှာ ဒီလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကိုယ်စားလှယ်တွေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ လိုအပ်ချက်ရှိပါသလား ဒါမှမဟုတ် ကြားဝင်ဖြေရှင်းမှုမှာ  ပိုပြီးတော့အနှောင့်အယှက်ဖြစ်နိုင်ပါသလား။

ဖြေ။   ။        ကြားဝင်ဖြေရှင်းပေးမှုဆိုတာ ဒါကျွန်တော်တို့ရဲ့ ပြည်တွင်းရေးတစ်ခုပဲ၊ အာဆီယံက သူများရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့တော့မရှိဘူး၊ သို့သော်လည်းပဲ သူတို့လိုချင်ရာကောက်ချက်ဆွဲပြီး

တော့မှ ကျွန်တော်တို့ကို ပြီးခဲ့တဲ့နှစ်က အာဆီယံထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆောင်ရွက်ခဲ့တာ ရှိပါတယ်၊ တချို့ဟာတွေက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ ကိစ္စတွေဖြစ်နေတာ တွေ့ရတယ်၊ သို့သော်လည်းပဲ တတ်နိုင်သလောက်   ကျွန်တော်တို့လုပ်နိုင်တဲ့ နည်းလမ်းတွေ အားလုံးကို ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်တာတွေရှိတယ်၊    သင့်တော်တဲ့နည်းလမ်းတွေမှာ သူတို့ဝင်ရောက် ကူညီပေး မယ်ဆိုရင် ဘာမှလက်မခံနိုင်စရာ အကြောင်းမရှိဘူး၊ သို့သော်လည်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး တည်ဆဲဥပဒေကိုမှ ကျော်လွန်ပြီးတော့မှ ဆောင်ရွက်ပေးတဲ့ကိစ္စမျိုးဆိုရင်တော့ ဘယ်လိုလုပ်ခွင့်ပြုမလဲ၊ ဘယ်နိုင်ငံမှလည်း ဒီလိုခွင့်ပြုမှာမဟုတ်ဘူး၊ ဒါကြောင့် ဆောင်ရွက်လို့ရတဲ့နယ်ပယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပေးမယ်၊ ဆောင်ရွက်ခြင်းမပြုနိုင်တဲ့နယ်ပယ်ဆိုရင်လည်း ကျွန်တော်တို့ ရအောင် ကျွန်တော်တို့ဘာသာ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။  ။           ဒီအနောက်နိုင်ငံအပါအဝင် အခြားသော အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ကိုယူထားတဲ့ နိုင်ငံတွေရဲ့ မီဒီယာတွေအနေနဲ့     မြန်မာနိုင်ငံရဲ့ ယခင်အစိုးရရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းထုတ်ဖော် ရေးသားချက်တွေကို တွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာ သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေများအရ မဲမသမာမှုကို အဓိကဖြစ်ပေါ်စေခဲ့တဲ့အတွက် တရားဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်နေတယ်ဆိုတာကိုလည်း   သဘောပေါက်နားလည်ပါတယ်။ မကြာသေးမီကလည်း နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်သို့ပို့မယ်ဆိုတဲ့ ဆုံးဖြတ် ချက်မျိုးလည်း ချမှတ်ခဲ့ပါတယ်။  ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြောင်းလဲပြင်ဆင် သတ်မှတ်သွားဖို့ ရှိတယ်ဆိုတာလည်း သိရှိလိုပါတယ်။

ဖြေ။   ။  ဒေါ်အောင်ဆန်းစုကြည်ကို စပြီးအရေးယူတဲ့အချိန်တုန်းကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲရလဒ်ပေါ် မူတည်ပြီးတော့ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေပေါ်မှာစိစစ်ပြီး ဆောင်ရွက်တာဖြစ်တယ်။  အထူးသဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြေအနေပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စိစစ်တွေ့ရှိချက်တွေကို ဖြေရှင်းနိုင်ဖို့ သူ့ကိုလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါကိုမျက်ကွယ်ပြုခဲ့ပါတယ်။ မျက်ကွယ်ပြုခဲ့တော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အခက်အခဲတွေ၊ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်စေခဲ့တာပေါ့။ အဲ့ဒီတော့ ဖြစ်လာပြီဆိုကတည်းက ကျွန်တော်တို့က သက်သေပြရတော့မှာပေါ့။ ဒါသူ့မှာတာဝန်ရှိတယ်ဆိုတာကို ကျွန်တော်တို့က ဥပဒေလမ်းကြောင်းက ကျွန်တော်တို့ သက်သေပြရတယ်။ စစ်ရင်းနဲ့ပါတစ်ခါထပ်ပြီး ရွေးကောက်ပွဲဥပဒေ ကျွန်တော်တို့ အဲ့ဒီမှာလည်း သက်ညှာမှုတွေ ကျွန်တော် လုပ်ခဲ့ပါတယ်။    ပထမဦးဆုံးစဖြစ်တဲ့အချိန်မှာ သက်ညှာမှုတွေပေးတယ်။ ဒါပေမဲ့ အဲ့လိုစစ်ရင်းနဲ့ တွေ့ရှိလာတဲ့ အခြေအနေပေါ်မှာ တခြားကိစ္စတွေပါ ပါလာတာကို ကျွန်တော်တို့တွေ့ခဲ့တယ်။ အထူးသဖြင့် အဂတိလိုက်စားမှု ဥပဒေနဲ့ ပတ်သက်တာတွေ ပါလာတာတွေ့ရတယ်။ ဒါကြောင့် ဒါကျတော့ ကျွန်တော်တို့က ဥပဒေကြောင်းအရ အရေးယူရတာတွေဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ကိုတရားဥပဒေအရပဲ ကျွန်တော်တို့က အရေးယူဆောင်ရွက်တယ် ဆိုတာလေးလည်း ပြောလိုပါတယ်။ အခုနေအိမ် အကျယ်ချုပ်ဆိုတာလည်း စတင်စစ်ဆေးတဲ့ အချိန်မှာ  နေအိမ်အကျယ်ချုပ် ကျွန်တော်တို့ထားတာပေါ့။ ပြီးတော့မှ ဥပဒေအရ ဆောင်ရွက်တဲ့ဟာတွေ ဖြစ်ပါတယ်။ ထပ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုတာမျိုးတော့   အခုချိန်မှာပြောဖို့ စောပါသေးတယ်။ နောက်ဆုံး အားလုံးအမှုတွေပြီးပြီ အခြေအနေအားလုံးပြီးပြီဆိုလာမှ   ကျွန်တော်တို့ ပြောလို့ရပါလိမ့်မယ်။

မေး။   ။  နောက်ဆုံးမေးခွန်းအနေနဲ့မေးလိုတာကတော့ မကြာသေးမီက မြန်မာနိုင်ငံမှာ ယခင် NLD ပါတီဝင်ဟောင်း (၄) ဦးနဲ့ပတ်သက်ပြီးတော့ အပြင်းထန်ဆုံးပြစ်ဒဏ်ကို    ချမှတ်ခဲ့တယ်ဆိုတာလည်း ဒီသတင်းတွေမှာဖတ်ရှုရပါတယ်။    ဘာကြောင့်မို့ ဒီလိုအပြင်းထန်ဆုံးပြစ်ဒဏ်ကို    ပေးခဲ့ရလဲဆိုတဲ့ အခြေအနေလေးတွေ သိရှိလိုပါတယ်။ 

ဖြေ။   ။  No One Above the Law မည်သူမျှတရားဥပဒေအထက်မှာ မရှိဘူးဆိုတဲ့ စကားလေးတစ်ခု ရှိပါတယ်။သူတို့ပြစ်ဒဏ်စီရင်ခြင်းခံရတဲ့ (၄)ယောက်နဲ့ ပတ်သက်လို့ရှိရင် ဒီ(၄)ယောက်မှာ နှစ်ပိုင်းခွဲတွေ့ပါတယ်။ အုပ်စုပေါ့လေ။ တစ်အုပ်စုကတော့ ခုနကမေးတဲ့အထဲမှာ NLD ပါတီဝင်ဆိုတဲ့ အမာခံပါတီဝင်ခေါင်းဆောင်ပိုင်း ပါတီဝင်ပေါ့လေ။ သူတို့တွေနဲ့ပတ်သက်တာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီမှာလည်း နိုင်ငံမှာဖြစ်ပေါ်လာခဲ့တဲ့  ဆူပူအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ဒီအထိကတော့ ကျွန်တော်တို့အနေနဲ့ဘာမှပြဿနာမရှိဘူး။ သို့သော် လည်းပဲ သတ်ဖြတ်တဲ့အချိန်၊ မိုင်းထောင်ဖောက်ခွဲသတ်ဖြတ်တဲ့ အခြေအနေမျိုး ကျရင်တော့ ဘာ့ကြောင့် ဒီပြဿနာ ဖြစ်လာလဲဆိုတာ ကျွန်တော်တို့    ဒီအဖြေထုတ်ရမယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အဖြေထုတ်တဲ့ အခါမှာ   ဒီလူတွေက အကြမ်းဖက်သတ်ဖြတ်မှုအတွက် တစ်အချက်စီမံ ဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ သူတို့ အားပေးခဲ့တာ ရှိတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေအများကြီး သေကျေခဲ့တာရှိတယ်။ သေတဲ့ အထဲမှာ နိုင်ငံ့ဝန်ထမ်းတွေပါတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေပါတယ်။ နောက် ဆရာ၊ ဆရာမတွေပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေပါတယ်။ ရဟန်းသံဃာတွေပါတယ်။ သီလရှင်တွေပါတယ်။ ဒါတွေက သူတို့ရဲ့ကြံစည်မှုတွေကြောင့်၊ သူတို့ရဲ့ အားပေးမှုတွေကြောင့်၊ သူတို့ရဲ့စီမံမှုတွေကြောင့် ဖြစ်လာခဲ့တဲ့ဟာတွေ ဖြစ်တယ်။ ဒါတွေကတော့ ဥပဒေအရလည်း အရေးယူရမှာဖြစ်ပါတယ်။ ထို့အတူပဲ နောက်နှစ်ယောက်လည်း ရက်ရက်စက်စက်နဲ့ လူသတ်တဲ့ကိစ္စဖြစ်ပါတယ်။ ခင်ဗျားကို ကျွန်တော်ဥပမာတစ်ခု ပြောပြမယ်။ လူတစ်ယောက်ကို သတ်တယ်ပေါ့နော်။ သေနတ်နဲ့ပစ်သတ်မယ်။ တစ်ချက် ချင်းပစ်တယ်။ တစ်ချက်တည်းပစ်ပြီး သေသွားတဲ့ဟာရှိမယ်။ မသေတာလည်းရှိမယ်။ တစ်ချက်ထိပြီးတော့ သူရှောင်သွားမယ်။ သို့သော်လည်း သူလူသတ်တာပဲ။ သို့သော် နှစ်ချက်ပစ်မယ်၊ သုံးချက်ပစ်မယ်၊ လေးချက် ပစ်မယ်၊ ငါးချက်ပစ်မယ်ဆိုရင်တော့ ဒါတော့ တကယ့်ကို  သေအောင်လုပ်တဲ့ရည်ရွယ်ချက်နဲ့လုပ်တာ ဖြစ်တယ်။ အခုလုပ်တဲ့သူတွေက အဲ့ဒီလိုလူတွေဖြစ်ပါတယ်။ တစ်ချက်နဲ့မဟုတ်ဘဲနဲ့ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက် သေနတ်နဲ့ပစ်တယ်၊ ဓားနဲ့ထိုးတယ်၊ ဒီလိုလူမျိုးကို ကျွန်တော်တို့ အပြစ်ပေးခြင်းဖြစ်ပါတယ်။ ခင်ဗျားတို့ ဘယ်လို ဒီလိုလူမျိုးကို ဘယ်လိုလုပ်ခွင့်လွှတ်လို့ရတော့မလဲ။ သူတို့သတ်ထားတဲ့လူတွေရဲ့မိသားစုတွေ ဘယ်လိုခံစားရမလဲ။ ဒါလည်း သူတို့ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အရင်ကမလုပ်ခဲ့ဘူး။ သို့သော်လည်းပဲ ဒီတစ်ခါမှာ ရက်ရက်စက်စက်ကို လုပ်လွန်းအားကြီးတဲ့အတွက်ကြောင့် ဒီပြစ်ဒဏ်ကို ပေးဖို့အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအင်တာဗျူး မေးခွန်းတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။   ။