မန်ယူအသင်းနှင့်လိဒ်အသင်း ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်း ဘရိုက်တန်အသင်းနှင့်​​​​​​​ ပဲလေ့စ်အသင်းတို့ ပွဲစဉ်များကို ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်

မန်ယူအသင်းနှင့်လိဒ်အသင်း ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်း ဘရိုက်တန်အသင်းနှင့် ပဲလေ့စ်အသင်းတို့ ပွဲစဉ်များကို ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က ပရီးမီးယား လိဂ်ပွဲစဉ်(၈)အဖြစ် ကစားမည့်ပွဲစဉ်များမှ မန်ယူအသင်း နှင့် လိဒ်အသင်း၊ ချယ်လ်ဆီးအသင်းနှင့် လီဗာပူး အသင်း၊  ဘရိုက်တန်အသင်းနှင့်  ပဲလေ့စ်အသင်းတို့ ပွဲစဉ်များကို ရွှေ့ဆိုင်းကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

ဗြိတိန်ဘုရင်မကြီး  အယ်လိဇဘတ်-၂  ကွယ်လွန်မှုကြောင့် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင်ကျင်းပရမည့်  ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ရွှေ့ဆိုင်းခဲ့သကဲ့သို့  ယခုအခါတွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ် (၈) အဖြစ်ကျင်းပမည့် ပွဲစဉ်များမှ ပွဲစဉ်သုံးပွဲကို ရွှေ့ဆိုင်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က အစောပိုင်းက ပရီးမီးယားလိဂ်ပွဲစဉ်  (၈) ပွဲစဉ်အားလုံးကို  ရွှေ့ဆိုင်းရန် စီစဉ်ထားသော်လည်း  နိုဝင်ဘာနှင့်  ဒီဇင်ဘာလတို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန်ရှိနေပြီး ပွဲစဉ်များ ရွှေ့ဆိုင်းကျင်းပရန်     ခက်ခဲမည့် အခြေအနေများကြောင့် ပွဲစဉ်(၈)ကို မရွှေ့ဆိုင်းဘဲ ကျင်းပရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

သို့သော်  ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ်  ကစားမည့်ပွဲစဉ်များမှ စက်တင်ဘာ ၁၈ ရက်တွင် မန်ယူအသင်း အိမ်ကွင်း၌ကစားမည့် မန်ယူအသင်းနှင့် လိဒ်အသင်းပွဲစဉ်၊  ချယ်လ်ဆီးအသင်း အိမ်ကွင်း၌ ကစားမည့် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်နှစ်ပွဲကို    လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား မလုံလောက်သည့် အတွက် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၇  ရက်တွင် ကစားမည့်  ဘရိုက်တန်အသင်းနှင့် ပဲလေ့စ် အသင်းတို့ပွဲစဉ်ကို ရထားဝန်ထမ်းများ ဆန္ဒပြမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

အဆိုပါပွဲစဉ် သုံးပွဲကို  ရွှေ့ဆိုင်းခဲ့သော်လည်း ကျန်ပွဲစဉ်များကို   မူလသတ်မှတ် ထားသည့်အတိုင်း စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။