ပြည်တွင်းရှိ ရော်ဘာခြံများ၌ အစေးခြစ် လုပ်ငန်းများ ပြန်လည်စတင်

ပြည်တွင်းရှိ ရော်ဘာခြံများ၌ အစေးခြစ် လုပ်ငန်းများ ပြန်လည်စတင်

မုဒုံ  စက်တင်ဘာ  ၁၄

မိုးရာသီ ကုန်ခါနီးပြီဖြစ်သောကြောင့် ပြည်တွင်းရှိ ရော်ဘာခြံများ၌ အစေးခြစ်လုပ်ငန်းများ   ပြန်လည်စတင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်ထံမှ သိရသည်။

မုတ်သုံစတင် ဝင်ရောက်ချိန်မှ မိုးရာသီ ကာလအတွင်း ရော်ဘာခြံပိတ် ရာသီအဖြစ်  သတ်မှတ်ထားလေ့ရှိပြီး   စက်တင်ဘာလဆန်းပိုင်းတွင် ခြံဖွင့်ရာသီ ပြန်လည်စတင်ခြင်း ဖြစ်သည်။

ထိုသို့ရော်ဘာအစေးခြစ် လုပ်ငန်းများ ပြန်လည်စတင်ရာတွင် နှစ်စဉ် ခြံငယ်ရှင် အများစုမှာ အစေးခြစ် အလုပ်သမားရရှိမှု အခက်အခဲရှိနေပြီး လတ်တလောတွင် မွန်ပြည်နယ်  မုဒုံ၊  ကျိုက်မရော၊  သထုံ၊ ရေးမြို့နယ်နှင့်   တနင်္သာရီတိုင်းဒေသကြီး ထားဝယ်နှင့် မြိတ်မြို့နယ်တို့မှ အလုပ်သမား ခေါ်ယူနေရသည့်အပြင် ရခိုင်ပြည်နယ်နှင့်   ကချင်ပြည်နယ်တို့မှလည်း ခေါ်ယူလျက် ရှိကြောင်း သိရသည်။

“ရော်ဘာခြံလုပ်ငန်းရှင်တွေ အနေနဲ့ မိုးစလာလို့ ခြံစပိတ်ကတည်းက ခြံဖွင့်ရာသီအတွက် ကိုယ့်ရဲ့အစေးခြစ် အလုပ်သမားကို  ဘယ်လိုသင်တန်းပေးမယ်၊  အလုပ်သမားမြဲအောင် ပံ့ပိုးမှုအနေနဲ့ ဘာတွေလုပ်ပေးမယ်  စတာတွေကို    ကြိုတင်စီမံ ထားရမှာပါ။ ခြံဖွင့်မှ အလုပ်သမားခေါ်နေရင်တော့ အခက်အခဲရှိမှာပါ။ ရရင်လည်း ကျွမ်းကျင်မှု မရှိတဲ့သူတွေပဲ ရမှာပါ။ ကိုယ့်ခြံအလုပ်သမားရဖို့ စောစောကတည်းက ချိတ်ဆက်ထားရပါမယ်။ ကျွန်တော်တို့ ခြံကြီးတွေကျတော့  အလုပ်သမားတွေကို  သင်တန်းပေးတာတွေ လုပ်ပါတယ်” ဟု ဦးခိုင်မြင့်ကပြောသည်။

ထို့ပြင်    လုပ်ကွက်ကြီးခြံရှင်များမှာ အစေးခြစ် အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ခလစာများ သတ်မှတ်ကာ ခေါ်ယူလေ့ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာရေး ခက်ခဲသည့်  နေရာတချို့ရှိ လုပ်ကွက်ငယ်ခြံရှင်များမှာ အစေးခြစ် အလုပ်သမားများ ခေါ်ယူရာတွင် မြေသြဇာကျွေးခြင်း အပါအဝင်  ကုန်ကျစရိတ်များကို ထက်ဝက်စီကျခံလေ့ ရှိကာ အစေးခြစ်ပြီး  ရရှိသည့်ရော်ဘာများ ရောင်းချပြီးမှ အလုပ်ရှင်နှင့် အလုပ်သမား ထက်ဝက်ခွဲဝေယူသည်များလည်း ရှိသည့်အပြင်  တချို့ခြံရှင်များမှာ ၆၀ ရာခိုင်နှုန်းနှင့် အလုပ်သမားမှာ ၄၀ ရာခိုင်နှုန်း ခွဲဝေယူသည်များလည်း ရှိသည်။

ရော်ဘာကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ အများဆုံးစိုက်ပျိုးပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌လည်း  စိုက်ပျိုးလျက်ရှိကာ တစ်နိုင်ငံလုံး၌ ရော်ဘာစိုက်ပျိုးမှု အနေဖြင့် ဧက တစ်သန်းခြောက်သိန်းကျော်ရှိပြီး   ဧက  ရှစ်သိန်းကျော်မှ ရော်ဘာ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။