နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်

နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း များ အောင်မြင်နိုင်ရေးအတွက် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာန မှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများ ကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။

 ကိုဗစ်-၁၉ သံသယ လူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက် ရှိပြီး ၁၃-၉-၂၀၂၂ ရက်   ည ၈ နာရီမှ  ၁၄-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂၁၂၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၈၄ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၁၇  ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၈၇၈၈၈၂ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၇၇၃၉ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၈၉ ဦးရှိသဖြင့်  ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၄၅၅၂ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူတစ်ဦးရှိ သဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၄၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ ၁၃-၉-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀၄၆၁၀၆၃ ဦးနှင့် အသက် ၁၈ နှစ် အောက် လူဦးရေ စုစုပေါင်း ၆၅၁၅၅၂၂ ဦး တို့အား ထိုးနှံထားရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထား ရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိဘဲ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီး ၄ ရာခိုင်နှုန်း မှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထား ရှိမှုအခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံး၀  ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသူများဖြစ်ကြ ပြီး ၁၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရှိသူများ ဖြစ်ကာ ၁ ဒသမ  ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုတို့ကို  လေ့လာ သုံးသပ်ချက်အရ ကာကွယ်ဆေး ထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း  ရောဂါဖြစ်ပွားမှုနှင့်  သေဆုံးမှုကို  လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်း စည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား သည်။