ကျန်းမာရေး အခြေခံ အဆောက်အဦများ ခိုင်မာတောင့်တင်းစေရေး ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တုံ့ပြန်နိုင်ရေး လုပ်ငန်းများအတွက် ပိုမိုအားကောင်းစေမည်ဖြစ်

ကျန်းမာရေး အခြေခံ အဆောက်အဦများ ခိုင်မာတောင့်တင်းစေရေး ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တုံ့ပြန်နိုင်ရေး လုပ်ငန်းများအတွက် ပိုမိုအားကောင်းစေမည်ဖြစ်

နေပြည်တော် စက်တင်ဘာ ၁၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Towards A Health Silk Road) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Hybrid Method ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Zhuang  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ Vice Governor ၊ National Health Commission of China မှ ဒုတိယဝန်ကြီး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Regional Office for the Western Pacific) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က Key Note Speech မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

 အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားရာတွင် ယနေ့ဖိုရမ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ ပြည်သူ့ကျန်းမာရေး၊ ကုသရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဘာသာရပ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ကျန်းမာရေး အခြေခံ အဆောက်အဦများ ခိုင်မာတောင့်တင်းစေရေး ဒေသတွင်းသာမက ကမ္ဘာ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ခြိမ်းခြောက်မှုများ တုံ့ပြန်နိုင်ရေး လုပ်ငန်းများအတွက် ပိုမိုအားကောင်း စေမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်းလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အိမ်နီးချင်း နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပါအဝင် ဆေးပစ္စည်းအကူအညီ အထောက်အပံ့ များစွာရရှိခဲ့ကြောင်း။

 တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျန်းမာရေး ပိုးလမ်း(Health Silk Road) တည်ထောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ၊ သတင်းအချက်အလက်များ၊ အတွေ့အကြုံများကို အချိန်နှင့်တစ်ပြေးညီ မျှဝေခြင်း၊ ပြည်သူ့ကျန်းမာရေး စနစ်ကို ပိုမိုခိုင်မာ တောင့်တင်းစေခြင်းနှင့် သိပ္ပံနှင့်နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတွေ့အကြုံ မျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား  ပူးပေါင်း ဆောင်ရွက်မှုများစွာ ရှိသည့်အနက် အရေးကြီးသည့် အခွင့်အလမ်းတစ်ခုမှာ မြန်မာကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာတည်ဆောက်ရေး လုပ်ငန်းဖြစ်ပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည်  တူညီသော ရည်မှန်းချက်များ ရှိကြပြီး ကောင်းမွန်သော ရလဒ်ကြိုးပမ်း ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ နောင်လာမည့် ကာလများတွင်လည်း ပိုမို၍ ရည်မှန်းချက် ကောင်းမွန်သော အစီအစဉ်များ ပိုမို၍လေးနက်သော ဆက်ဆံရေးများအား တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက်    စတုတ္ထအကြိမ်မြောက် တရုတ်-အာဆီယံ  ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပူးတွဲကြေညာ စာတမ်းအား အတည်ပြု ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါဖိုရမ်ကို  စက်တင်ဘာ  ၁၄ ရက်မှ ၁၆ ရက်အထိ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေး၊ ဆေးရုံစီမံခန့်ခွဲရေး၊ သွားကျန်းမာရေး အစရှိသည့် ဖိုရမ်ခွဲများအား နေ့အလိုက် ကျင်းပသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့မှ သက်ဆိုင်ရာ ဘာသာရပ် အလိုက် တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။