ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ရောဂါဖြစ်ပွားသူများ၏  ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိကြောင်း တွေ့ရှိရ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ရောဂါဖြစ်ပွားသူများ၏  ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်းမရှိကြောင်း တွေ့ရှိရ

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၀၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ၅  ရာခိုင်နှုန်းရှိ

နေပြည်တော် စက်တင်ဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိသည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၅-၉-၂၀၂၂ ရက်   ည ၈ နာရီမှ ၁၆-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၈၂၅ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၀၅ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၅၈ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၉၀၂၅၃၇ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၈၃၀၃ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၆၃ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၄၉၈၄ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၄၄ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ  တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ များ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ် ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝထိုးနှံ ထားခြင်းမရှိဘဲ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံထားပြီး ၄ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိ ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထား ရှိမှုအခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံး၀  ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများ ဖြစ်ကြ ပြီး ၁၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားရှိသူများဖြစ်ကာ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုတို့ကို  လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေး ထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့်လည်း  ရောဂါဖြစ်ပွားမှုနှင့်  သေဆုံးမှုကို  လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။