Global Fisheries Forum and Seafood Expo Russia ဖိုရမ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ရေငန်ပုစွန်လုပ်ငန်းရှင်များ တက်ရောက်မည်

Global Fisheries Forum and Seafood Expo Russia ဖိုရမ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ရေငန်ပုစွန်လုပ်ငန်းရှင်များ တက်ရောက်မည်

ရန်ကုန်  စက်တင်ဘာ  ၁၇

Global Fisheries Forum and Seafood Expo Russia ဖိုရမ်ကို ရုရှားနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ရာ   မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တနင်္သာရီတိုင်းဒေသကြီးမှ   ရေငန်ပုစွန် လုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်ပြီး စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

”ကမ္ဘာလုံးဆိုင်ရာ Expo ဆိုတော့ ဖိတ်ကြားမှုအပေါ် ပြောကြားမှုကိုနားထောင်ပြီး မြန်မာနိုင်ငံနဲ့ ရေထွက်ကုန်ကဏ္ဍမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာ သိရမှာပါ။

ငါးလုပ်ငန်းအဖွဲ့ချုပ် အနေနဲ့ကဏ္ဍနှစ်ရပ်နဲ့ ဆွေးနွေးဖို့ရှိပါတယ်။ သူတို့ဆီက ပင်လယ်ငါးကို မြန်မာနိုင်ငံမှာ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ပြန်လည်တင်ပို့နိုင်ဖို့၊  ရေထွက်ကုန် အတွက် နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ငါး/ပုစွန်မျိုးမြှင့်တဲ့ နည်းပညာအပါအဝင် ရေထွက်ကုန်ကဏ္ဍကို အကျိုးဖြစ်ထွန်းစေမယ့် ကဏ္ဍအသီးသီးကို ဆွေးနွေးဆောင်ရွက်ဖို့ရှိတယ်။ မြိတ်ကျွန်းစုဆိုရင် ကမ္ဘာ့ဈေးကွက်ဝင် အပြာရောင်နဲ့ အဝါရောင်တူနာငါး မွေးမြူဖို့နေရာကောင်းဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ ကောင်းမွန်တဲ့နေရာတစ်ခုပါ။  Global Forum ဖြစ်တဲ့အတွက်  မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်အကျိုး ဖြစ်ထွန်းစေမယ့် ကဏ္ဍတွေကိုကြိုးပမ်းသွားမှာပါ” ဟုမြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှအကြီးတန်းဒုတိယဥက္ကဌဒေါက်တာတိုးနန္ဒာတင် ကပြောသည်။

မြန်မာနိုင်ငံမှ ရေငန်ပုစွန်ဖြစ်သော ကမ္ဘာ့ဈေးကွက်ဝင် ဗနားမီးပုစွန်ဖြူကို တနင်္သာရီတိုင်းဒေသကြီး၌ မွေးမြူ၍ ပြည်ပသို့တင်ပို့ လျက်ရှိပြီး ရုရှားနိုင်ငံ၌ ဈေးကွက်ပွင့်လာပါက လက်ရှိမွေးမြူနေသော ဗနားမီးပုစွန်ကန် ၅၀၀ ကျော်မှ ကန်၂၀၀၀အထိတိုးမြှင့် မွေးမြူထုတ်လုပ်ခြင်းဖြင့် ပြည်ပပို့ကုန်ဈေးကွက်သစ် ရရှိမည်ဖြစ်သည်။   ချိတ်ဆက် ဆောင်ရွက်သော နိုင်ငံများအနေဖြင့် စီးပွားရေး အခွင့်အလမ်းများရရှိမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသော မြန်မာနိုင်ငံတွင် နည်းပညာနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ ပေါင်းစပ်ပေးခြင်းဖြင့် အချိန်တိုအတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုတွေ့မြင်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှသည် သမုဒ္ဒရာကြီးနှစ်ခုကို ပေါင်းကူးဆက်သွယ်ပေးသော အချက်အချာကျရာ ဒေသတွင် တည်ရှိလျက်ရှိရာ အင်ဒို-ပစိဖိတ်ဒေသ၌ အရေးပါသောနေရာတွင် ပါဝင်သောကြောင့် အာရှနိုင်ငံများနှင့် အာရှ-ပစိဖိတ်နိုင်ငံများကို ချိတ်ဆက်ရာ၌ ဗဟိုချက်သည် ရုရှားနိုင်ငံဖြစ်လာသည့်အတွက် မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးပေါင်းကူး ဆက်ဆံမှုမှ ပိုမိုခိုင်မြဲမှုနှင့်အတူ နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမောင်းနှင်အား တစ်ရပ်အဖြစ် ယခုကျင်းပမည့်  Global Fisheries Forum and Seafood Expo Russia ဖိုရမ်မှ နိုင်ငံအတွက်အမျိုးသား ပို့ကုန်ကဏ္ဍမြှင့်တင်ရေးတွင် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။