ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃၄ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း ၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃၄ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်း ၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိ

နေပြည်တော် စက်တင်ဘာ ၁၈

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို  စနစ်တကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်သည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက် ရှိပြီး ၁၇-၉-၂၀၂၂ ရက်   ည ၈ နာရီမှ ၁၈-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၅၃၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃၄ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၉၂၄၅၀၃ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၈၈၉၈ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၁၉ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၅၃၈၅ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူနှစ်ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၄၆ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၇-၉-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့် အထက် လူဦးရေစုစုပေါင်း ၃၀၄၈၉၇၃၄ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေ စုစုပေါင်း ၆၅၄၉၇၃၀ ဦးတို့အား ထိုးနှံထား ရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ  တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ် ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံ ထားခြင်း မရှိဘဲ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားပြီး ၄ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားရှိ ၍ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၇-၉-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများ၏  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထား ရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံး၀  ထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားခြင်း မရှိသူများဖြစ်ကြပြီး ၁၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားရှိသူများဖြစ်ကာ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံထားသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား/သေဆုံးမှုတို့ကို  လေ့လာသုံးသပ်ချက်အရ ကာကွယ်ဆေး ထိုးနှံထားသူများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှုကို လျှော့ချနိုင်ပြီး ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းဖြင့်လည်း  ရောဂါဖြစ်ပွားမှုနှင့်  သေဆုံးမှုကို  လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်ဖြစ်ရာ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်း စည်း(Mask)ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု နှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။