ပွင့်ဖြူမြို့နယ်၌ မိုးနေကြာ သီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

ပွင့်ဖြူမြို့နယ်၌ မိုးနေကြာ သီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဒေသခံတောင်သူများ က ဇွန်လဆန်းပိုင်းက ရွာသွန်းခဲ့သော မိုးဦးမိုးဖြင့် ဆီထွက်သီးနှံ မိုးနေကြာသီးနှံများကို စိုက်ပျိုးခဲ့ရာ ယခုအခါ မိုးနေကြာသီးနှံ စိုက်ခင်းများမှာ အသီးအပွင့်များဖြင့် ဝေဆာနေပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ -၂၀၂၃ ခုနှစ်  မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ ဆီထွက်သီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် နိုင်ငံတော်မှ မိုးနေကြာသီးနှံ စိုက်ပျိုးမည့် ကျေးရွာအုပ်စု ၄၄ အုပ်စုမှ ဒေသခံ တောင်သူများကို တစ်ဧကလျှင် မိုးနေကြာ သီးနှံမျိုးစေ့ တစ်ပြည်နှုန်းဖြင့် နေကြာသီးနှံမျိုးစေ့ ၉၄ တင်း ဖြန့်ဝေပေးထားကြောင်း သိရသည်။

“ကျွန်မတို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံ မိုးနေကြာ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး စုစုပေါင်း ၅၆၁၂ ဧက လျာထား စိုက်ပျိုးသွားမှာဖြစ်ပါတယ်။  အခုလက်ရှိ မိုးနေကြာသီးနှံ စိုက်ပျိုးပြီးစီးမှုအနေနဲ့ ၅၀၃ ဧက  စိုက်ပျိုးဆောင်ရွက် ပြီးစီးသွားပြီဖြစ်ပါတယ်။  ဒေသခံတောင်သူတွေ   မိုးနေကြာသီးနှံ စိုက်ပျိုးရာမှာ တောင်သူတစ်ဦးချင်းအလိုက်  သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့  ကျွန်မတို့ မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းတွေက ဒေသခံတောင်သူတွေကို စိုက်ပျိုးရေး နည်းပညာနဲ့ သွင်းအားစု ပစ္စည်းတွေကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။  အခုဆိုရင် ဒေသခံတောင်သူတွေ  မိုးဦးမိုးနဲ့  စိုက်ပျိုးထားတဲ့ မိုးနေကြာသီးနှံ စိုက်ခင်းတွေဟာ အသီးအပွင့်တွေနဲ့ ဝေဆာပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားသည်။

ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက် ဧရိယာအများဆုံး စိုက်ပျိုးသည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံတောင်သူများ အဓိကအားထား စိုက်ပျိုးသည့်သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲသီးနှံနှင့် ဖူးစားပြောင်းတို့ဖြစ်ပြီး အချို့တောင်သူများက မိသားစုစားဝတ်နေရေး အတွက် နေ့စဉ်သီးနှံဝင်ငွေ ရရှိစေရန် စားဖိုဆောင် သီးနှံများကိုလည်း တစ်နှစ်ပတ်လုံး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။