ထိုင်ဝမ်ကျွန်းအရေး ဂျိုးဘိုင်ဒင်၏ မှတ်ချက်ကို တရုတ်ပြင်းထန်စွာ ကန့်ကွက်

ထိုင်ဝမ်ကျွန်းအရေး ဂျိုးဘိုင်ဒင်၏ မှတ်ချက်ကို တရုတ်ပြင်းထန်စွာ ကန့်ကွက်

ထိုင်ဝမ်ကျွန်းကို ကာကွယ်နိုင်ရေးအတွက် စစ်ရေးနည်းလမ်းကို အသုံးပြုနိုင်သည်ဟူသော   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ မှတ်ချက်ကို တရုတ်အစိုးရကပြင်းထန်စွာ ကန့်ကွက်လိုက်ကြောင်း သိရသည်။

ဂျိုးဘိုင်ဒင်၏ မှတ်ချက်ကိုအံ့သြမိကြောင်း၊ ထို့ပြင်    ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်းနှင့် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က CBS ရုပ်သံ၏မိနစ် ၆၀ အစီအစဉ်တွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုဖြစ်သည့် အမေရိကန်အနေဖြင့် ထိုင်ဝမ်ကျွန်းကို ကာကွယ်ရန် စစ်ဘက်ကိုအသုံးပြုမည့် အလားအလာ ရှိ၊မရှိနှင့်ပတ်သက်သည့် မေးခွန်းကို ယခုကဲ့သို့ မှတ်ချက်ပြုပြောလိုက်ခြင်းဖြစ်သည်။

ယင်းနောက် ချက်ချင်းပင်  အမေရိကန်အနေဖြင့် ထိုင်ဝမ်ကျွန်း၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုကို အားမပေးကြောင်း ထည့်ပြောသွားသည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီက ပြီးခဲ့သည့်လတွင် ထိုင်ဝမ်ကျွန်းသို့ သွားရောက်ခဲ့ချိန်မှစ၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား   ဆက်ဆံရေးမှာ အောက်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နန်စီပီလိုဆီ၏ ခရီးစဉ်ပြီးနောက် တရုတ်စစ်ဘက်က ထိုင်ဝမ်ကျွန်းကို ပိတ်ဆို့တိုက်ခိုက်နိုင်သည့် အကြီးစား စစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ထားကြောင်း သိရသည်။