နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၀)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၀)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နေပြည်တော် စက်တင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၂၀)ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၊   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ  ပြောရေးဆိုခွင့်ရှိသူများနှင့်ဌာနဆိုင်ရာ  သတင်းထုတ်ပြန်ရေး အဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှား-မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်အလားအလာများ၊ ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ ၁.၂.၂၀၂၁ ရက်မှ ၃၁.၈.၂၀၂၂ ရက်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ   လတ်တလောဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များနှင့်စပ်လျဉ်း၍  ထောက်ပံ့ကူညီမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အခြေအနေများ၊ အကြမ်းဖက် NUG နှင့် PDF အဖွဲ့များ၏အကြမ်းဖက်လုပ်ဆောင် မှုများနှင့် အကြမ်းဖက်အားပေးမှုများ မဖြစ်စေရန်   ပြည်သူလူထုသို့အသိပေးချက် အခြေအနေများဖြစ်ပါကြောင်း၊ အမှတ်စဉ် ၁ မှ ၆ အထိ မိမိအနေဖြင့် ရှင်းလင်းသွား မည်ဖြစ်ပြီး     ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေကဏ္ဍ ဖြစ်ပါကြောင်း၊ မေးခွန်းများမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးက မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်းနှင့် မီဒီယာတစ်ခုလျှင် အချိန် ကန့်သတ်ချက်အရ    မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ပထမဆုံးအနေဖြင့် ရုရှား-မြန်မာခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အလားအလာများ အကြောင်းကို ပြောလိုပါကြောင်း၊ ရုရှား-မြန်မာသံတမန်ဆက်သွယ်ရေး ဆက်ဆံရေးဆောင်ရွက်လာသည်မှာ ၇၅ နှစ်ပြည့်ခဲ့ပြီးဖြစ်ပါကြောင်း၊    မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာလ ၄ ရက်မှာ ရုရှားနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အရှေ့ဖျားဒေသစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါကြောင်း၊  စက်တင်ဘာလ ၇ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်တို့တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးရာတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်မြောက်မည်ဖြစ်၍   ဂုဏ်ပြုအခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း၊  အလေးအနက်ထား ပြောကြားခဲ့သည်မှာ   မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံ ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊  အဆိုပါမှတ်ချက်ပြောကြားချက်သည် အရေးကြီးသည့် ပြောကြားချက်ဖြစ်ပါကြောင်း၊    မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များသည် တိုးတက်ကောင်းမွန်လျက်ရှိပြီး  ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည်    အလားအလာ ကောင်းများစွာကို တွေ့မြင်နေရပြီး ဖြစ်ကြောင်း၊ ယခုကဲ့သို့  အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ လာရောက်တက်ရောက်သည့်အတွက်လည်း များစွာကျေးဇူးတင်ကြောင်းကို ပြောကြားခဲ့ပါကြောင်း၊    နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသည်  ၇၅ နှစ်ပြည့်မြောက်တော့မည်ဖြစ်၍ ထူးခြားသည့်သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း၊ ဖြတ်သန်း လာခဲ့သည့်  ဆက်ဆံရေးသမိုင်းကြောင်းတစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံရှိခဲ့ကာ   ရုရှားဖက်ဒရေးရှင်းနိုင်ငံ သည် သမိုင်းကြောင်းအစဉ်အလာကြီးမားသည့် နိုင်ငံတစ်ခုဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း၃၀ ခန့်က ရုရှားနိုင်ငံအနေဖြင့် အကျပ်အတည်းများနှင့်  ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိအချိန်တွင်  ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခု အဖြစ်ကို ရောက်ရှိပြီး   ကမ္ဘာ့အရေးကိစ္စမှန်သမျှကို     သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက် ရှိသည်ကို    တွေ့မြင်ရကြောင်းကို  ပြောကြားခဲ့ပါကြောင်းပြောကြားသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး ဆွေးနွေးသည့်အချိန်တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊  ငွေကြေးနှင့်ဘဏ်လုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊     မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး  ဖိတ်ခေါ်မှုများနှင့် နျူကလီးယားစွမ်းအင်ကို   ငြိမ်းချမ်းစွာ အသုံးပြုပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ အသေးစိတ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများ၏ ဆွေးနွေးမှုများသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အရင်းတည်၍ တိုးတက်ခြင်းဆိုသည့် အပြုသဘောဆောင်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ထူးခြားသည်မှာ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည် မိတ်ဖက်နိုင်ငံအဖြစ် အလေးထားထုတ်ဖော်ပြောကြားခဲ့ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသကို ပိုမိုအလေးထားလာသည်နှင့်အမျှ  တောင်အာရှဒေသ၊ အရှေ့တောင်အာရှဒေသတို့နှင့် ဆက်သွယ်ဆက်ဆံရာတွင် မြန်မာနိုင်ငံကို အထူးပြုလာနိုင်သည်ဟု မိမိအနေဖြင့် ပြောကြားလိုပါကြောင်း ပြောကြားသည်။

(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အစည်းအဝေးသို့  နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း၊ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင် အနေဖြင့် ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက်  ယှဉ်ပြိုင်စွမ်းအား တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အထူးစီးပွားရေးဇုန်များ တည်ထောင်ထားပြီး အာရှနှင့်ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေးနည်းပညာအသုံးပြုပြီး အဆင့်မြှင့်တင်ကာ ကုန်စည်သင်္ဘောများချိတ်ဆက်သွားလာနိုင်မည့် ဆိပ်ကမ်းများ ပေါ်ပေါက်လာရေးဆောင်ရွက်နေမှု အခြေ အနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်းပင်လယ်လမ်းကြောင်း တစ်ခုဖြစ်ပေါ်လာနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးပြောကြား ခဲ့ပါကြောင်း ပြောကြားသည်။

အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က စားနပ်ရိက္ခာလုံခြုံရေး (Food Security)ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါကြောင်း၊ လူသားများအသက်ရှင် နေထိုင်လှုပ်ရှား သွားလာရန် လိုအပ်သော စွမ်းအင်(Enery)ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာလုံခြုံမှုရှိရေး (Food Security)သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်  သက်ရှိလူသားများ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင်သည့်စားသုံးကုန်များကို   နိုင်ငံတကာဈေးကွက်မှ ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာကြသည့်အတွက် ဘဏ္ဍာရေးလုံခြုံမှု(Financial Security)သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊   စားနပ်ရိက္ခာလုံခြုံရေး(Food Security)ဆိုရာတွင် အဓိကကျသည့် စိုက်ပျိုးရေးအတွက်လိုအပ်သည့် လောင်စာဆီ၊  ဓာတ်မြေသြဇာအပါအဝင်အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာတွင်  အချို့နိုင်ငံများက ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲကာဖြစ်လာသည့် ဒေါ်လာကို  လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှုခံနေရပြီး နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များတွင် နိုင်ငံကြီးများကို လွန်ဆန်နိုင်ခြင်းမရှိသည်ကို  တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ဒေါ်လာသာမက ရူဘယ်၊ ယွမ်၊ ရူပီး စသည့်ငွေကြေးများကို ဒေါ်လာအစားထိုးအဖြစ်   အသုံးပြုသွားနိုင်ရေး၊ တိုက်ရိုက်ကုန်စည်ဖလှယ်မှုစနစ် (Barter System) ကိုလည်း   ဒေါ်လာအစားထိုး ဆောင်ရွက်နိုင်ပါက နိုင်ငံငယ်များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ပါကြောင်း၊    ဆွေးနွေးမှုခေါင်းစဉ်နှင့် လိုက်လျောညီစွာ ဆက်လက်ဆွေးနွေးရာတွင် အာဆီယံဒေသ၏ ကုန်သွယ်မှုတွင် စိုက်ပျိုးရေးထုတ်လုပ်မှုများစွာ ရှိခဲ့ကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်မှုကိုများစွာတိုးမြှင့်နိုင်ပါက စားနပ်ရိက္ခာလုံခြုံမှု(Food Security)ကိုများစွာ အထောက်အကူပြု နိုင်ကြောင်းကို ဆွေးနွေးခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ဆွေးနွေးချက်သည် မဟာဗျူဟာမြောက်သည့် ဆွေးနွေးချက်ဖြစ်ပါကြောင်း၊  ကမ္ဘာတစ်ဝှမ်းကာလအလိုက် တိုးတက်လာမည့် လူဦးရေနှင့်စားနပ်ရိက္ခာ လိုအပ်မှု(Demand) တိုးတက်လာနိုင်မှု၊ မြန်မာနိုင်ငံမှကမ္ဘာတစ်ဝှမ်းအတွက် စားနပ်ရိက္ခာလုံခြုံရေး (Food Security)အတွက် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ၊ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသမှ ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး(Food Security)အတွက် အားဖြည့်ဆောင်ရွက်ပေးနိုင်မှုတို့ကို အများမြင်သာအောင် ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး    ရုရှားနိုင်ငံတွင်ရှိသည့် မီဒီယာများမှ အကျယ်တဝင့် ဖော်ပြခဲ့သည်ကို တွေ့ရပါကြောင်း ပြောကြားသည်။

ထို့အပြင်   မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှဒေသသည်  သဘာ၀ ပထဝီဝင်အရ သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့်နေရာက  တည်ရှိနေလျက်ရှိသည့်အားလျော်စွာ အင်ဒို-ပစိဖိတ်ဒေသကြီးတွင် အရေးပါသည့်နေရာကပါဝင်နေလျက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN)၏ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါပြီး  စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အခွင့်အလမ်းများစွာရှိသည့်    နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိကြောင်းကို ဆွေးနွေးနိုင်ခဲ့ပါကြောင်းပြောကြားသည်။

မြန်မာနိုင်ငံ၏အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းနှင့် ပတ်သက်ပြီး  ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက်  ၅၁ ကွက် သတ်မှတ်ထားကာ လုပ်ကွက် ၈ ကွက်တွင် သဘာဝဓာတ်ငွေ့များ တွေ့ရှိတူးဖော်ကာ  ပြည်တွင်း၊ ပြည်ပကို တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိတွင်လည်း သဘာဝဓာတ်ငွေ့ ၂ ထရီလီယံကုဗပေကျော် တွေ့ရှိထား၍ မကြာမီစီးပွားဖြစ် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ ထို့ထက် ပိုမိုကြီးမားသည့်  ဓာတ်ငွေ့သိုက်တစ်ခုကိုလည်း တူးဖော်နိုင်မည့်အလားအလာများ တွေ့ရှိရကြောင်းကို ပြောကြားခဲ့ပါကြောင်း၊ နောင်လာမည့် ၃ နှစ်အတွင်းတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ကိုအခြေခံသည့်   စက်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်သည့် အတွက်   ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ပါဝင်စားသူများကို  ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်သို့ တက်ရောက်လာကြသည့်   စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုကဏ္ဍ၊    စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊    စက်သုံးဆီသိုလှောင်ကန်နှင့်   အခြားသောစွမ်းအင် ခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊   သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍများ၊  အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ အခြားပြည်ပကုန်သွယ်ရေးအတွက်ကိုလည်း   အခွင့်အလမ်းများစွာပေးအပ် နိုင်စွမ်းရှိသည်ကို  ပြောကြားခဲ့ပါကြောင်း ပြောကြားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား  သံတမန်ဆက်ဆံမှုအပါအဝင် ကဏ္ဍပေါင်းစုံဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝကပေးသည့် ရေမြေသယံဇာတ စိုက်ပျိုးမြေ ပေါများစွာရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်ပါကြောင်း၊ စိတ်ပါ ဝင်စားသူ၊ ရင်းနှီးမြှုပ်နှံလိုသူများ များပြားကြောင်းလည်း ယင်းခရီးစဉ်တွင် ထင်ထင် ရှားရှားတွေ့ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံ UMFCCI က စီးပွားရေးလုပ်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပါကြောင်း၊ ၎င်းတို့လည်း အရှေ့ဖျားစီးပွားရေးဖိုရမ်သာမက အခြားအစည်းအဝေးတစ်ခုကိုပါ တက်နိုင်ခဲ့ပြီး များစွာဆွေးနွေး နိုင်ခဲ့သည်ကို  တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ခရီးစဉ်တစ်လျှောက်လုံးတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီအနေဖြင့်လည်း စိတ်ပါဝင်စားမှုနှင့် ရင်းနှီးမြှုပ်နှံလိုသည်များ များစွာရှိကြောင်းကို တွေ့ရပါကြောင်း၊ ယင်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန်   အလားအလာကောင်းများ တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ညီညွတ်ရန်နှင့် ကြိုးစားရန်လိုပါကြောင်း  ပြောကြားသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့တွင်   ဗလာဒီဗော့စတော့ခ်မြို့ရှိ  ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည် ဆိုင်ရာ   ဆိပ်ကမ်းသို့ သွားရောက် လေ့လာခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့   သွားရောက် လေ့လာရာတွင်  ယင်းဆိပ်ကမ်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏အရှေ့ပိုင်းတွင် အကြီးဆုံးဆိပ်ကမ်းတစ်ခု ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံ၏ရည်မှန်းချက်သည်  ယင်းဆိပ်ကမ်းကိုအသုံးပြုပြီး အာရှ-အရှေ့တောင်အာရှဒေသတွင်  ဆက်သွယ်ရေး၊ ကုန်သွယ်ရေးတိုးချဲ့ရန်အတွက်  ဖြစ်ပါ ကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့်လည်း ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  တည်းခိုသည့်နေရာအတွင်းရှိ Medical School နှင့် Medical Center တို့ကို သွားရောက် လေ့လာခဲ့ပါကြောင်း၊ ဆေးပညာရပ်ဆိုင်ရာ သင်ကြား လေ့ကျင့်မှုများကို လေ့လာခွင့်ရသကဲ့သို့ မြန်မာနိုင်ငံမှ သင်တန်းသားများစေလွှတ် သင်ကြားနိုင်ရေးနှင့် ပတ်သက်သည့် အခြေအနေများ၊  အဆင့်မြင့်ဆေးပညာရပ် တက်ရောက်သင်ကြားနိုင်မည့် အခြေအနေများ၊ သင်တန်းသားများ  လာရောက်တက်ရောက်လျှင် ရရှိနိုင်မည့် အခွင့်အလမ်းများ၊ ဆေးတက္ကသိုလ်နှင့်  ဆေးရုံအချင်းချင်း ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်  အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေး ဖိုရမ်ဖြစ်မြောက်ရေးကော်မတီအထူးအတွင်းရေးမှူးနှင့်   တွေ့ဆုံခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ သတင်းအေဂျင်စီတစ်ခုနှင့်တွေ့ဆုံခဲ့ပါကြောင်း၊ RIA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင်  အာရှ-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးဆိုင်ရာသဘောထားအမြင်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့်   ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်ရေး     တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားသိရှိလိုသည်များကို  ရှင်းလင်းပြောကြားခဲ့ပါကြောင်း ပြောကြားသည်။

၎င်းင်းအပြင် ဖိုရမ်အတွင်း  ခင်းကျင်းပြသထားသည့် ပြခန်းများဖြစ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးပြခန်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာပြခန်းနှင့် ရုရှားနိုင်ငံလေကြောင်းပြခန်းတို့ကို  ရောက်ရှိခဲ့ပါကြောင်း၊ ရုရှားနိုင်ငံပိုင်အဏုမြူကော်ပိုရေးရှင်းအမှုဆောင် အရာရှိချုပ်နှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပါကြောင်း၊ နျူကလီးယားစွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင်   အတွေ့အကြုံနှင့်နည်းပညာများကို  လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများနှင့်  နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ၊ နိုင်ငံသားများ၏  လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့်သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့်  ကဏ္ဍပေါင်းစုံတွင်  အကျိုးရှိစွာအသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ကြပါကြောင်း ပြောကြားသည်။

ထို့ပြင် အဖွဲ့ဝင်များအဖြစ်လိုက်ပါလာသည့်   ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝင်းရှိန်နှင့် ဒေါက်တာကံဇော်တို့သည် Russia-ASEAN Business သို့တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပြည်နယ်များ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အမှုဆောင်အရာရှိချုပ်တို့  ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်းအရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ခဲ့ကြပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးစနစ်တွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ထိုအခက်အခဲများကိုကျော်ဖြတ်ရန်   ကြိုးပမ်းမှုများ၊ သိပ္ပံနှင့်     နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်  ဖိုရမ်အတွင်းရှိ Strategic Technical Alliance တွင်ပါဝင်တက်ရောက်ခဲ့ခြင်းများ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဗလာဒီဗော့စတော့ခ်မြို့၊    FEFU Campus ၌  ကျင်းပပြုလုပ်သည့် International Tiger Conservation Forum သို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေးဆောင်ရွက်မည့် အစီအမံဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ သတ္တုလုပ်ငန်းများကို စိတ်ဝင်စားသည့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Sputnik News Agency နှင့် မြဝတီရုပ်မြင်သံကြားတို့အကြား   နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အတည်ပြုလက်မှတ်ရေးထိုးမှုတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင်  ဗလာဂါဗြဲရှပ်မြို့ရှိ အာကာသ ယာဉ်လွှတ်တင်ရေးစခန်းသို့ သွားရောက်လေ့လာခဲ့ပါကြောင်း၊  အာကာသယာဉ်လွှတ်တင်ရေးစင်နှစ်ခုကို  သွားရောက်လေ့လာခဲ့ပါကြောင်း၊  ဒုံးပျံများတပ်ဆင်ထုတ်လုပ်ရေးအလုပ်ရုံနှင့်   ဂြိုဟ်တုထုတ်လုပ်ရေးအလုပ်ရုံအတွင်း လိုက်လံလေ့လာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် အာကာသနည်းပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် အတွေ့အကြုံများ၊ အကြံပြုချက်များ၊ နည်းပညာဆိုင်ရာများနှင့် လူသားအရင်းအမြစ်မွေးထုတ်ရေးဆိုင်ရာတို့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ ကူညီဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံနည်းပညာရပ်ပိုင်း ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။    

ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Republic of Buryatia ပြည်နယ်၊ Ulan-Ude မြို့ကိုရောက်ရှိပြီး  ရုရှားသိပ္ပံအကယ်ဒမီ၊ မွန်ဂို၊ တိဘက်နှင့် ဗုဒ္ဓဘာသာ လေ့လာရေးအင်စတီကျူ့ဆိုက်ဘေးရီးယားဌာနခွဲ၊    နျူကလီးယားဆေးဘက်ဆိုင်ရာစင်တာ၊ ရထားစက်ခေါင်းပြင်ဆင်ရေးအလုပ်ရုံတို့သို့  သွားရောက်လေ့လာခဲ့ ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဆောင်သည့် မြန်မာနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည့် Ulan-Ude မြို့ အီကုစ်ပြည်နယ်သို့  သီးသန့် အထူးရထားခရီးစဉ်ဖြင့် သွားရောက်ခဲ့ပါကြောင်း၊ လမ်းခရီးကြာမြင့်ချိန် ၆ နာရီခန့် ကြာပါကြောင်း၊ အဆိုပါ သီးသန့်ရထားသည် ရုရှားနိုင်ငံရှိ နိုင်ငံ့အကြီးအကဲများ သီးသန့်စီးနင်းရန်အတွက် စီစဉ်ထားသည့် ရထားဖြစ်ပြီး မြန်မာနိုင်ငံ၏နိုင်ငံ့အကြီးအကဲ ခရီးစဉ်အတွက် မော်စကိုမြို့မှ တိုက်ရိုက်စေလွှတ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နှစ်နိုင်ငံခရီးစဉ်တစ်လျှောက်လုံး အလေးပေးမှု အလေးထားမှုကို တွေ့ရပါကြောင်း၊ ရုရှားနိုင်ငံ  မော်စကိုမြို့နှင့် Ulan-Ude မြို့တို့သည် အလွန်ဝေးကွာသည့် ခရီးဖြစ်ပါကြောင်း၊  အကြီးအကဲများ စီးသည့်ရထားကို သီးသန့်စီစဉ်ပြီး ခရီးစဉ်ကို  သီးသန့်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံခေါင်းဆောင်အပေါ် အလေးအနက်ထားကြောင်း ဖော်ပြမှုကိုတွေ့ရပါကြောင်း၊ မီးရထားလမ်းကြောင်းနည်းပညာ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခဲ့ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်  ပြည်နယ်အစိုးရ အဖွဲ့အကြီးအကဲများနှင့်  တွေ့ဆုံခဲ့ပါကြောင်း၊  အီကုစ်ပြည်နယ်၊  အီကုစ်မြို့ရှိ   လေယာဉ်ထုတ်လုပ်ရေး  စက်ရုံတွင် လေယာဉ်ကြီးများ ထုတ်လုပ်တပ်ဆင်နေမှုအခြေအနေများကို လေ့လာခဲ့ပါကြောင်း၊   မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိသည့်  Su-30 တိုက်ခိုက်ရေးလေယာဉ်များ  ထုတ်လုပ်တပ်ဆင်နေမှုနှင့်  လေ့ကျင့်စမ်းသပ် နေမှုများအား လေ့လာကြည့်ရှုခဲ့ပါကြောင်း၊    Su-30 လေယာဉ်သည် ခေတ်မီလေယာဉ်တစ်စင်းဖြစ်ပါကြောင်း၊   ယင်းခေတ်မီလေယာဉ်ကို မြန်မာနိုင်ငံအနေဖြင့် လေ့ကျင့်သင်ကြားပြီးဖြစ်ပါကြောင်း၊ မကြာမီ  အပြည့်အစုံရောက်ရှိလာမည် ဖြစ်ပါကြောင်း၊ ယင်းပြည်နယ်သည် ရုရှားနိုင်ငံ၏အလယ်ဗဟိုချက်မဖြစ်ပြီး အရေးပါသည့်ပြည်နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံရှိ ကုန်ထုတ်လုပ်မှုအကြီးစားစက်ရုံ အများအပြားသည် ယင်းပြည်နယ်တွင်ရှိပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၈၀၀၀ ကျော်လည်ပတ်လျက် ရှိပါကြောင်း၊   ခရီးစဉ်ကာလအတွင်း   မြန်မာနိုင်ငံနှင့်  ယင်းပြည်နယ်တို့အကြား မဟာဗျူဟာမြောက် စီးပွားရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ကျန်းမာရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေး စသည့်အခြေအနေများကို  ဆွေးနွေး ခဲ့ပါကြောင်း ပြောကြားသည်။

ခရီးစဉ်တွင်  Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊  အဆိုပါ ခရီးစဉ်တွင် ရုရှား-မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို   တိုးမြှင့်ဆောင်ရွက်ရန်တို့အတွက် အကျိုးများစွာရှိခဲ့ကြောင်း၊   မြန်မာနိုင်ငံ၏ အနာဂတ် အတွက် အရေးပါသည့် အဏုမြူစွမ်းအင်ကို    ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးနှင့် အာကာသနည်းပညာတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေးများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု ခရီးစဉ်သည် မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊  ယခုခရီးစဉ်၏အောင်မြင်မှုနှင့်  မြန်မာနိုင်ငံအစိုးရ၏ ဂုဏ်သိက္ခာမြင့်မားမှုတို့ကို  ရုရှားနိုင်ငံမှ မီဒီယာများနှင့် မိမိတို့နိုင်ငံမှမီဒီယာများမှတစ်ဆင့် တိုင်းရင်းသားလုပ်သား ပြည်သူအားလုံး မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ဖြစ်ကြောင်း၊ ရုရှားနိုင်ငံသမ္မတကြီးနှင့် တွေ့ဆုံရာတွင်လည်း မိမိတို့နိုင်ငံဝန်ကြီးချုပ်ကို နှုတ်ဆက်ခဲ့သည့် နှုတ်ဆက်စကားထဲ၌ပင် အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့  တွေ့ဆုံခဲ့သည့် ငါးမိနစ်စာခန့်ရှိသည့် Video Fileကို မိမိတို့နိုင်ငံမှ မီဒီယာများထံသို့ အချိန်မီဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ မီဒီယာများကလည်း အချိန်မီဖြန့်ဖြူး ပေးခဲ့ကြကြောင်း၊ ထို့အတွက်အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ခရီးစဉ်အပြန်တွင်လည်း ပြည်သူလူထုက ဝမ်းပန်းတသာကြိုဆိုကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာကိုတန်ဖိုးထားသည့်၊  မြန်မာ့ဂုဏ်ကို အလေးထားသည့်၊  မြန်မာကိုချစ်သည့် ပြည်သူလူထုကို  မိမိတို့အစိုးရအနေဖြင့် အလေးထားဂုဏ်ယူကျေးဇူးတင်ပါသည်ဟု   ပြောကြားလိုကြောင်း၊   ယခုကဲ့သို့ အောင်မြင်မှုရရှိရန်အတွက်  နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်  နှစ်ပေါင်းများစွာ ပြင်ဆင်တည်ဆောက်ခဲ့ရကြောင်း၊ ခရီးစဉ်ကာလအတွင်း၌ နေ့စဉ်အချိန်တိုင်း အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ရကြောင်း၊ အနားယူချိန်မရှိ သလောက်ပင် ဖြစ်ကြောင်း၊ ယခင်ကတည်းက တည်ဆောက်ခဲ့သည့် မဟာဗျူဟာအမြင်ဖြင့်  လုပ်ဆောင်ချက်များနှင့် လက်ရှိအခြေအနေအပေါ် မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်သည့်  နိုင်ငံတော် ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံနှင့်ပြည်သူလူထု၏ ဂုဏ်သိက္ခာနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်စေမည်ဖြစ်ကြောင်းပြောကြားသည်။

ဒုတိယအချက်အနေဖြင့်  ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြလိုကြောင်း၊  မိမိတို့ အစိုးရအနေဖြင့် စတင်တာဝန်ယူကာလကစပြီး စီးပွားရေး ဦးတည်ချက် ၃ ရပ် ကိုချမှတ်ဆောင်ရွက်ခဲ့ သကဲ့သို့ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာမည့် စီးပွားရေး လုပ်ငန်းများပြန်လည်ဦးမော့လာစေရန် အတားအဆီးများကြားက ဆောင်ရွက်နေ ရပါကြောင်း၊ မျိုးစုံသောဖိအားများနှင့်  မျိုးစုံသော အတားအဆီးများကြားမှ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်တွေ့ကျမည့် နည်းလမ်းပေါင်းစုံကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပိုင်းကလည်း ရွှေနှင့်ငွေကြေးဈေးနှုန်း တည်ငြိမ်စေရန်အတွက် ရွှေနှင့်ငွေကြေး ဈေးကွက်၊ စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အညီ ရွှေဈေးကွက်အတွင်း အရောင်း အဝယ်များအား ဘဏ်ငွေစာရင်းများ အသုံးပြု၍ ပေးချေနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသည်။

ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်  မြန်မာနိုင်ငံသားများက ပြည်တွင်းကို ပြန်လည်လွှဲ ပို့လာသည့် လုပ်ခနှင့်လစာများကိုလည်း မိမိကိုယ်တိုင် အတွက်သုံးစွဲခြင်း၊ အခြားသူများကိုရောင်းချခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချ ခြင်းတို့ကို လွတ်လပ်စွာဆောင်ရွက်နိုင်သည်ဟုလည်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ငွေလွှဲ၊ ငွေပို့ခြင်းလုပ်ငန်းများဖြင့် စီးပွားဖြစ်နေကြသူများလည်းရှိကြောင်း၊ ၎င်းင်းတို့၏ လှုံ့ဆော်မှုများကိုလည်းတွေ့ရကြောင်း၊ ဘဏ်များမှ ငွေလွှဲပါက အသိမ်းခံရမည်၊ ဈေးနှုန်းအနိမ့်ဆုံးဖြင့် လဲလှယ်ခြင်းခံရမည်ဟု လှုံ့ဆော်ခဲ့ကြသည်ကိုလည်း တွေ့ရကြောင်း၊   လက်တွေ့လုပ်ဆောင်ရာတွင် အမှန်တကယ်မဟုတ်သည်ကိုလည်း အားလုံးသိပြီး  ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ အချို့ဘဏ်များဆိုပါက မြန်မာနိုင်ငံပြင်ပတွင် လုပ်ကိုင်နေကြသည့် သင်္ဘောသားများနှင့်ပတ်သက်ပြီး ဘဏ်စာရင်းများ ဖွင့်လှစ်ပေးခြင်းနှင့်  မည်ကဲ့သို့လုပ်ဆောင်မည်ဟု ကြေညာခဲ့ကြသည်ကိုလည်း တွေ့ရမည် ဖြစ်ကြောင်း၊ ဘဏ်များကို ရောင်းချခိုင်းခြင်း သာမကဘဲ    မိမိကိုယ်တိုင်သုံးစွဲခြင်းနှင့် အခြားသူများကို  ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ထပ်မံအသိပေးလိုကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၆-၉-၂၀၂၂ ရက်နေ့တွင် ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် လုံခြုံ၍ စွမ်းရည်ပြည့်ဝသည့် အမျိုးသားငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မသမာသူများသည် အချက်အလက်များမှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ မိုဘိုင်းငွေပေးချေမှုအချို့အား မသမာသည့် နည်းလမ်းဖြင့် တရားမဝင်ငွေလွှဲပြောင်းမှုနှင့် ငွေကြေးလိမ်လည်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊  ထိုကဲ့သို့ ငွေကြေးလိမ်လည်မှုများကြောင့် ပြည်သူများအတွက် နစ်နာဆုံးရှုံးမှုများ ရှိလာခဲ့သည့်အတွက်  ဆက်သွယ်ဆောင်ရွက်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းပြီးမှသာလျှင် ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့်  မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ မိုဘိုင်းငွေရေးကြေးရေး စာရင်းများ ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အချက်အလက်နှင့် ဆင်းကတ်နံပါတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အီလက်ထရောနစ် မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်  (e-ID Database)နှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဆင်းကတ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်(SIM Registration Database)များရှိ အချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချက် အလက်ဖြည့်သွင်းခြင်းအား  ကာလတစ်ခုအတွင်း    ဆောင်ရွက်နိုင်ခြင်းမရှိသည့် မိုဘိုင်းငွေကြေးစာရင်းများအား အပြီးတိုင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Mobile-Pay ဝန်ဆောင်မှုလုပ်ငန်းများ၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ခွင့်ရရှိထားသည့်     ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့်စနစ် ဝန်ဆောင်မှုလုပ်ငန်း စသည့် မိုဘိုင်းငွေပေးချေမှု   အသုံးပြုသူများအနေဖြင့် နီးစပ်ရာကိုယ်စားလှယ်(Agent)များ၊ ဘဏ်များသို့သွားရောက်၍ မိမိတို့၏ ကိုယ်ရေးအချက်အလက်များအား အဆင့်-၂(level-2)အဆင့်သို့ အချိန်မီမြှင့်တင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊  အဆင့်-၂(level-2)သို့ တိုးမြှင့်လိုခြင်း မရှိသည့် မိုဘိုင်းငွေကြေးစာရင်းပိုင်ရှင်များအနေဖြင့် မိမိတို့လက်ကျန်ငွေများကို အသုံးပြုနိုင်မည့်နည်းလမ်းများ၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုသည်ဟု အသိပေးလိုကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Sim Card များကို  စနစ်တကျဝယ်ယူ အသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာ  မှတ်ပုံတင်သုံးစွဲနိုင်ရေးတို့အတွက် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်   နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊  ပုံစံ ၆၆/၆  အိမ်ထောင်စု လူဦးရေစာရင်းကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းတို့နှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ကြေညာချက်များမှာ နိုင်ငံသားများ အားလုံးသိရှိထားရမည့် ကြေညာချက်များဖြစ်ကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်နေရသည့် အကြောင်း ရင်းမှာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ ငွေရေးကြေးရေးဆိုင်ရာ လုံခြုံမှု၊ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လုံခြုံမှုများနှင့်အကြမ်းဖက်မှု   နှိမ်နင်းတားဆီးနိုင်ရန်ဖြစ်သည်ဟု အသိပေးလိုကြောင်း ပြောကြားသည်။

မိမိအနေဖြင့် အဓိကအသိပေးပြောကြားလိုသည်မှာ ရုရှားနိုင်ငံခရီးစဉ်၌ ဗဟိုဘဏ်အချင်းချင်း ဆွေးနွေးမှုများရှိခဲ့ကြောင်း၊  စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းများတွင် ရုရှားရူဘယ်နှင့် မြန်မာကျပ်ငွေတို့  တိုက်ရိုက်ပေးချေနိုင်ရေး၊ ငွေပေးချေမှုစနစ်အား  ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရုရှားနိုင်ငံကပြုလုပ်သည့်  MIR Card ကို လျင်မြန်စွာအသုံးပြုနိုင်ရန်အတွက်  ရုရှား ငွေရေးကြေးရေး အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ MIR Card ကို မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်တွင် အသုံးပြုနိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း၊  လာမည့်နိုဝင်ဘာလအတွင်း  တတိယအကြိမ်ရုရှား-မြန်မာ အစိုးရအချင်းချင်း   ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင် အစည်းအဝေးရှိကြောင်း၊ အဆိုပါအစည်းအဝေးမတိုင်မီ ရုရှားနိုင်ငံဗဟိုဘဏ်ငွေကြေး ဆိုင်ရာစာတို ပို့စနစ်(Financial Messaging System of the Bank of Russia- SPFS)စသည့် ရုရှားနိုင်ငံ၏ MIR Card သုံးစွဲနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် ရူဘယ်နှင့်ကျပ်  တိုက်ရိုက်ပေးချေမှု များပြုလုပ်နိုင်လိမ့်မည်ဟု  မျှော်လင့်ပါကြောင်း၊  ထိုကဲ့သို့ တိုက်ရိုက်ပေးချေမှုများ ပြုလုပ်နိုင်ရန်အတွက်  မြန်မာနိုင်ငံရှိ ဘဏ်များအနေဖြင့် ရုရှားဘဏ်များတွင်    အကောင့်များ    ဖွင့်လှစ်ရန်နှင့်   SPFS အသုံးပြုရန် အရေးပါလာမည်ဖြစ်ကြောင်း၊ ရူဘယ်နှင့်ကျပ်တိုက်ရိုက်ပေးချေရာတွင်  ဘဏ်၏လုံခြုံရေးစနစ်နှင့် နည်းပညာ သတင်းအချက်အလက်စနစ်များ အသင့်အနေအထားရှိရမည်ဖြစ်ကြောင်း၊  နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို  မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ MoU လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား အကျိုးရှိထိရောက်စွာ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်   နိုင်ငံကောင်းကျိုးကို လိုလားသည့်  တိုင်းရင်းသားစီးပွားရေးရင်းနှီးမြှုပ်နှံလိုသူများအတွက် အစဉ်အမြဲ လမ်းဖွင့်ပေးထားသည်ဟု တင်ပြလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများကို တင်ပြလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ EAO အဖွဲ့ ၁၀ ဖွဲ့နှင့်  ပထမအကြိမ်တွေ့ဆုံပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်အဖြစ် EAO အဖွဲ့ ၆ ဖွဲ့နှင့်တွေ့ဆုံပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်အဖွဲ့ ၄ ဖွဲ့နှင့် တွေ့ဆုံသွားမည်ဖြစ် ကြောင်း၊ ညှိနှိုင်းရေးအဖွဲ့နှင့် (၈၆)ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် (တစ်) ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း(၁)၊ (၂)နှင့်(၃)တို့တွင်ပါဝင်သည့် သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင် ရွက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ ညှိနှိုင်းရေးကော်မတီ၏ လေ့လာဆန်းစစ်သုံးသပ်ချက်များ၊ (နှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါဇယား ၁ ပြည်ထောင်စု ဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ (သုံး) (၉)ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အရ ဆက်လက်ညှိနှိုင်းဆွေးနွေးရမည့် ၂၀၂၀ အလွန် အဆင့်လိုက်  လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှု(ဇယား-၂) တို့ကို ဆွေးနွေးခဲ့ကြကြောင်း၊  ဆွေးနွေးခဲ့သည့်   ကိစ္စရပ်များအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ ရည်မှန်းချက်များနှင့် သဘောထားများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် သဘောတူညီချက်များ ရယူနိုင်ခဲ့သကဲ့သို့   ဆက်လက်ညှိနှိုင်း လိုသည့် အချို့ကိစ္စရပ်များကိုမူ နောက်တစ်ကြိမ်ဆွေးနွေးပွဲများတွင် ဆက်လက် ဆွေးနွေးသွားကြရန် သဘောတူညီခဲ့ကြောင်း ပြောကြားသည်။

လက်ရှိအခြေအနေသည် အဖွဲ့အစည်းအသီးသီး၏ ရည်မှန်းချက်များနှင့်  လိုလားချက်များကို ပွင့်ပွင့်လင်းလင်းချပြ ဆွေးနွေးညှိနှိုင်း၍ သဘောတူညီချက်များ ရယူထားကြရန် အချိန်အခါကောင်းဖြစ်သည်ဟုလည်း ထပ်မံအသိပေးလိုကြောင်း၊  တွေ့ဆုံဆွေးနွေးသူများအနေဖြင့် တွေ့ဆုံမှုအပေါ် မူတည်၍ နိုင်ငံရေးလိုလားချက်များ၊ လိုအပ်ချက်များနှင့် အနာဂတ်လုပ်ငန်းစဉ်များကို အတိုင်းအတာတစ်ခုအထိ ရှေ့သို့ရောက်အောင် သွားနေနိုင်ပြီဖြစ်သည်ဟု ပြောကြားသည်။

ဆက်လက်ပြီး ၁-၂-၂၀၂၁ ရက်မှ ၃၁-၈-၂၀၂၂ ရက်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် IDP များနှင့်ပတ်သက်သည့် လုပ်ဆောင်ထားရှိမှုများကို တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ခဲ့သည့် ၁- ၂-၂၀၂၁ ရက်နေ့ မှ ၃၁-၈-၂၀၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုများနှင့်လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များနှင့်  IDP တိုက်ပွဲရှောင်စုရပ်များတွင်  နေရပ်ပြန်များနှင့်စပ်လျဉ်း၍ ထောက်ပံ့ပေးနိုင်မှု  အခြေအနေများကို ပြောကြားလိုကြောင်း ပြောကြားသည်။

နိုင်ငံတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ပေးနိုင်ခဲ့မှုများအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ အခြားသောဘေးများနှင့်  လတ်တလောအကြမ်းဖက်မှု ဖြစ်ပွားနေသည့် နေရာများနှင့်  တိုက်ပွဲရှောင်စခန်း၊ IDP စခန်း စသည့်နေရာများနှင့် အခြားသော ဘေးအန္တရာယ်ဖြစ်ပွားမှုများအတွက် နိုင်ငံတော်အနေဖြင့် ကျပ်သိန်းပေါင်း တစ်သိန်း လေးသောင်းကျော်(၁၄၄၀၇၉၃၀၅၈၀ ကျပ်)ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့ပြင် လတ်တလောဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များအတွက်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ကူညီပေးနိုင်မှုအနေဖြင့် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၈၄ မြို့နယ်၌ ၂၈၃ ကြိမ်ထောက်ပံ့ပေးခဲ့ကြောင်း၊ စုစုပေါင်းငွေကျပ်သိန်းပေါင်း ကိုးထောင်(၉၀၃၆၀၀၁၆၈ ကျပ်) ကျော် ထောက်ပံ့ပေးခဲ့သည်ကို တွေ့ရကြောင်း ပြောကြားသည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ  IDP စခန်းများမှ အိမ်ထောင်စု ၇၆၉ စု၊ လူဦးရေ ၄၅၄၅ ဦးအတွက် ငွေကျပ်သိန်းပေါင်း တစ်ထောင့်ခုနစ်ရာ (၁၇၆၃၄၂၉၉၂ ကျပ်)ကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများမှ နေရပ်ပြန်သူအိမ်ထောင်စု ၂၅၉၁ စု၊ လူဦးရေ ၁၁၆၀၉ ဦးအတွက် ငွေကျပ်သိန်းပေါင်းသုံးထောင့်ရှစ်ရာ (၃၈၄၀၅၈၆၈၄ ကျပ်) ကျော်ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသာမက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှု အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို၊ ချီဖွေမြို့နယ်တို့ရှိ တိုက်ပွဲရှောင်ကျေးရွာများတွင် နေအိမ် ၆၈၃ လုံး တည်ဆောက်ရန်ငွေကျပ်သန်းပေါင်း သုံးထောင့်တစ်ရာ(၃၁၉၆.၉၅၇ သန်း)ကျော်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသတွင် ငွေကျပ်သန်းပေါင်း နှစ်ရာ့လေးဆယ် (၂၄၁.၁၄၉ သန်း)ကျော်၊ ချင်းပြည်နယ်၊ ပလက်ဝဒေသတွင်   ငွေကျပ်သန်းပေါင်း ခြောက်ရာ့ငါးဆယ်(၆၅၅.၉၁၄ သန်း)ကျော်၊ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ စသည့်မြို့နယ်များအတွက် ငွေကျပ်သန်းပေါင်း လေးထောင်(၄၀၁၉.၅၀၁ သန်း)ကျော်၊ ရှမ်းပြည်နယ်၊ နမ္မတူ၊ မန်တုံမြို့နယ်များအတွက် ငွေကျပ်သန်းပေါင်း ခုနစ်ရာ့ကိုးဆယ်(၇၉၈.၅၀၁ သန်း) ကျော်၊ စုစုပေါင်း ထောက်ပံ့ပေးငွေကျပ်သန်းပေါင်း ရှစ်ထောင်(၈၉၁၂.၀၁၈ သန်း)ကျော်ကို ထောက်ပံ့ပေးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အခြေအနေများကို တင်ပြလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံအတော်များများတွင်  တစ်ကျော့ပြန် ပြန်လည်ကူးစက်မှုများရှိနေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါကူးစက်မှုရာခိုင်နှုန်းအနေဖြင့် သုည ဒသမ နောက်ဘက်တွင် ရှိသည့်အခြေအနေအထိ ရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အတည်ပြုလူနာသစ် ၂၆၂ ဦး (၂ ဒသမ ၄၃ ရာခိုင်နှုန်း)ရှိခဲ့ကြောင်း၊  စက်တင်ဘာလ ၁၃ ရက်နေ့တွင် အတည်ပြုလူနာသစ် ၂၉၉ ဦး (၂ ဒသမ ၆၇ ရာခိုင်နှုန်း) ဖြစ်ခဲ့ကြောင်း၊  စက်တင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာသစ် ၃၈၄ ဦး(၃ ဒသမ ၁၇ ရာခိုင်နှုန်း)ဖြစ်ပေါ်ခဲ့ကြောင်း၊  စက်တင်ဘာလ ၁၉ ရက်နေ့တွင်မူ  လူနာသစ် ၂၆၉ ဦး(၂ ဒသမ ၆၃ ရာခိုင်နှုန်း)တွေ့ရှိခဲ့ရကြောင်း၊  ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပိုးတွေ့ရှိမှုနှုန်းများပြားလာသည်ကို မိဘပြည်သူများအနေဖြင့် သတိထားစေလိုကြောင်း၊ ၁၅-၉-၂၀၂၂ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ၊ ဒေသ ၂၃၀ တို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် ၆၁၅ ဒသမ ၅ သန်း(၆၁၅၅၅၃၄၂၄ ဦး) ကျော် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ အထိ အိုမီခရွန်မျိုးကွဲသစ် BA.4 နှင့် BA.5 တို့သည် နိုင်ငံပေါင်း ၉၂ နိုင်ငံတွင် ကူးစက် ပြန့်ပွားလျက်ရှိသည်ကို တွေ့ရကြောင်း၊  မိမိတို့၏ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံ များဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှားနှင့် စင်ကာပူစသည့် နိုင်ငံများ၌ အဆိုပါမျိုးကွဲသစ်များ ကူးစက်ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရကြောင်း၊  နိုင်ငံတကာမှ လေ့လာတွေ့ရှိချက်များအရ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲသစ်ရောဂါပိုး BA.4 နှင့် BA.5 တို့သည် ယခင်ကရှိခဲ့သည့် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1နှင့် BA.2 တို့ထက် ကူးစက်မှုပိုမိုမြန်ဆန်ပြီး ကာကွယ်ဆေး၏ အာနိသင်ကိုလည်း လျော့ကျစေနိုင်သည်ကို   တွေ့ရကြောင်း ပြောကြားသည်။

လူတိုင်းသည် ကိုဗစ်-၁၉ ၏ မျိုးရိုးဗီဇကွဲဖြစ်သည့်  အိုမီခရွန်ကူးစက်ခံရနိုင်ခြေရှိပါကြောင်း၊  ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ကြောင်း၊  မပြင်းထန်သည့် ကိုဗစ်-၁၉ အခြေအနေမှ ပြင်းထန်သည့်ဖျားနာခြင်းများ ဖြစ်စေနိုင်ကြောင်း၊  အသက်အရွယ် ကြီးသူများ၊ ရောဂါအခံရှိသူများနှင့် ကာကွယ်

ဆေးမထိုးနှံသူများတွင် ရောဂါဖြစ်ပွားရန် လွယ်ကူပြီး ကုသရန်ခက်ခဲသဖြင့် အသက်သေဆုံးနိုင်ကြောင်း၊ ထို့ကြောင့် အိုမီခရွန်သည် မပြင်းထန်လျှင်ပင် ကိုယ်ခံအားနည်းသူများ၊ ကာကွယ်ဆေးမထိုးနှံသူများနှင့် ရောဂါအခံရှိသူများအတွက် ပေါ့ဆ၍ မရကြောင်း၊  မိမိတို့၏ နိုင်ငံပိုင်သတင်းမီဒီယာများမှလည်း ထုတ်ပြန်ချက်များ ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်းမီဒီယာများအနေဖြင့်လည်း ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတိရှိကြရန်အတွက် ထပ်မံအသိပေး စေလိုကြောင်း မေတ္တာရပ်ခံပြောကြားသည်။

လက်ရှိမျိုးကွဲသစ်ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် အများအားဖြင့် အကြိမ်ပြည့်ထပ်ဆောင်း ထိုးနှံထားခြင်းသာ ခံနိုင်ရည်ရှိမည်ဖြစ်ကြောင်း၊ ကူးစက်မှုကိုလျော့နည်းစေမည်ဖြစ်ပြီး အသက်သေဆုံးမှု နည်းပါးစေမည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ဦးတည်အုပ်စုများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ၁၃-၉-၂၀၂၂ ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက်  လူဦးရေ စုစုပေါင်း သန်းသုံးဆယ်(၃၀၄၆၁၀၆၃ ဦး)ကျော်နှင့်  အသက် (၁၈)နှစ် အောက် လူဦးရေ စုစုပေါင်း ၆ ဒသမ ၅ သန်း(၆၅၁၅၅၂၂ ဦး)ကျော်တို့အား ထိုးနှံထားရှိပြီးဖြစ်ကြောင်းပြောကြားသည်။

မြန်မာနိုင်ငံ၌ ၂၈-၁-၂၀၂၂ ရက်နေ့မှ ၇-၉-၂၀၂၂ ရက်နေ့အထိ တွေ့ရှိရသည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှုအခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာ  ကာကွယ်ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများဖြစ်ကြကြောင်း၊ ၁၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားသူများဖြစ်ကြကြောင်း၊ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူများဖြစ်ကြောင်း၊ သုည ဒသမ ၁ ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားသူများဖြစ်ကြောင်း ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူများ၏ ကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ရာ၌ ရောဂါဖြစ်ပွားသူများ၏ ၈၄ ဒသမ ၁ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး လုံးဝထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများဖြစ်ကြကြောင်း၊ ၁၄ ဒသမ ၄ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူများဖြစ်ကြကြောင်း၊ ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားသူများ ဖြစ်ကြကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံ ထားသူများမှာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများကို လျှော့ချနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးမထိုးရသေးသူများက အမြန်ဆုံးထိုးနှံကြရန် လိုအပ်သလို  နှစ်ကြိမ်ပြည့်ထိုးနှံပြီးဖြစ်သူများကလည်း ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံကြပါဟု မိဘပြည်သူများကို တိုက်တွန်းလိုကြောင်း ပြောကြားသည်။

လာမည့်ဆောင်းရာသီကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာရှိနေဦးမည် ဖြစ်သည့်အတွက် ရောဂါကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုနှင့် အားဖြည့်ကာကွယ်ဆေး ထိုးနှံမှုများ တိုးမြှင့်ဆောင်ရွက်သွားရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများနှင့် အများပြည်သူသွားလာသည့် ယာဉ်များအပေါ် စီးနင်းရာ၌ တပ်ဆင်ရန်၊ သက်ဆိုင်ရာဌာန အသီးသီးကလည်း ကျန်းမာရေးသတ်မှတ်ချက်များနှင့် ကိုက်ညီအောင်နေထိုင်ကြရန်၊ ပညာပေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်ကြရန် စီမံဆောင်ရွက်ရန်တို့ကို လိုက်နာလုပ်ဆောင်ရန်လိုအပ်ကြောင်း၊ သို့မှသာ ရောဂါကူးစက်နိုင်မှုများ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ မီဒီယာများ အနေဖြင့်လည်း ပြည်သူလူထုကို ပညာပေးလှုံ့ဆော်မှုများလုပ်ဆောင်ကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

နောက်ဆုံးအချက်အနေဖြင့် အကြမ်းဖက် NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများနှင့် အကြမ်းဖက်အားပေးမှုများမဖြစ်စေရန် ပြည်သူလူထုသို့ အသိပေးချက်အခြေအနေများကို ဆက်လက်ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း၊ ယင်းအကြမ်းဖက် အဖွဲ့အစည်းများ၏ ပထမဆုံးသောလှုပ်ရှားမှုအနေဖြင့် နွေဦးတော်လှန်ရေးဆိုပြီး လုပ်ဆောင်ကြောင်း၊ ထိုသို့မလုပ်ဆောင်မီ CDM လုပ်ကြပါဟု အော်ကြောင်း၊ ယင်းမှာ အများသတိထားမိသည့် အကြောင်းအရာများဖြစ်ကြောင်း၊ Project ဆိုသည့် ခေါင်းစဉ်ပေါင်းမနည်းသလို Operation ဆိုတာလည်းမနည်းပါကြောင်း၊ Campaign ဆိုသည်များလည်း အတော်များကြောင်း၊ အလှူခံသည့်ခေါင်းစဉ်ပေါင်းလည်း မနည်းပါကြောင်း၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည်များကို ဇယားနှင့်ပြလိုကြောင်း  ပြောကြား၍ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဇယား၊ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးစသည့်ဇယားများ ကိုပြသသည်။

မိမိ ယခုတင်ပြခဲ့သည့်အချက်များထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စာရင်းများ မပါသေးကြောင်း၊ ရဟန်းသံဃာများ၊ဝန်ထမ်းများ၊  ပြည်သူများဖြစ်ကြောင်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့်      ထိုသို့ လုပ်ဆောင်နေသည်ကို  သိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့ပြောသည့် ဒီမိုကရေစီ ဆိုသည်မှာ ထိုသို့လူသတ်နေသည့်ဝါဒလားဟုမေးလိုကြောင်း၊ ဖြည့်စွက်တင်ပြလိုသည် များရှိပါသေးကြောင်း၊ အထက်ပါတင်ပြချက်များသာမက PDF ဆိုသည့် အကြမ်းဖက်အဖွဲ့အချင်းချင်း ပစ်ခတ်သတ်ဖြတ်ကြခြင်းများ၊ ၎င်းတို့အဖွဲ့အတွင်း၌ အချင်းချင်း အမျိုးမျိုးစွပ်စွဲပြီး နည်းမျိုးစုံနှင့် သတ်ဖြတ်ခြင်းများ၊ တချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက PDF က လူငယ်များကို သတ်ဖြတ်မှုများမပါသေးပါကြောင်း၊ ထိုကဲ့သို့အသတ်ခံရသည့်စာရင်း၌လည်း မိမိတို့စုံစမ်းသိရှိရသလောက် ရာနှင့်ချီသည့်သူများသေဆုံးခဲ့ရသည်ဟု သိရှိထားကြောင်း၊  အများလည်းသိရှိပြီးဖြစ်သည့် ကိစ္စတချို့၏ သက်သေအချို့ကို မိမိပြလိုကြောင်းပြောကြား၍ ဗိုလ်သံမဏိတို့အဖွဲ့ သတ်ဖြတ်မှုကိစ္စ၊ ဆရာစံ PDF အဖွဲ့သတ်ဖြတ်မှုကိစ္စများ၊ ဗိုလ်ကျားကြီးသတ်ဖြတ်မှုကိစ္စများကို Screen shots ဖြင့် ပြသသည်။

ယခုတင်ပြခဲ့သည်မှာ Screen shots များသာရှိပါသေးကြောင်း၊ သတ်ဖြတ်နေသည့် Video ဖိုင်များစွာကိုလည်း အားလုံးတွေ့မြင်ကြပြီးဖြစ်ကြောင်း ပြောကြားသည်။

NUG အဖွဲ့၏   ကွပ်ကဲမှုအောက်၌ရှိသည့် PDF ဆိုသည်များ၊ LPDF ဆိုသည် များမှာ အင်အားတိုးချဲ့မှုများကိုလည်း နည်းမျိုးစုံနှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အင်အားတောင့်တင်းလာချိန်၌ မိမိတင်ပြသွားသည့်ကိစ္စကဲ့သို့ အချင်းချင်းအာဏာ လုခြင်းများ၊ အားပြိုင်မှုများ၊ နယ်မြေသတ်မှတ်ပြီး ဆက်ကြေးကောက်ခြင်းများကို အပြိုင်အဆိုင်လုပ်ဆောင်ကြကြောင်း၊ ၎င်းတို့၏ အဖွဲ့အသီးသီးကို အင်အားတောင့်တင်းအောင် မည်သို့လုပ်ဆောင်သည်ဆိုသည်ကို သိသာအောင် မိမိ Video File အချို့ကို ပြလိုကြောင်း ပြောကြား၍ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီးနှစ်ဦး၏ Video file အား ပြသသည်။

ယခုပြသခဲ့သည်မှာ တပ်မတော်၏ အကူအညီဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှ EAOs အဖွဲ့များနှင့် PDF အဖွဲ့များထံက ထွက်ပြေးလွတ်မြောက်လာသူအချို့၏ ထွက်ဆိုချက်ဖြစ်ကြောင်း၊ ၎င်းတို့၏ ပြောကြားချက်များအရ PDF များအနေဖြင့် ရွာများ၌ ခြိမ်းခြောက်ပြီး လူငယ်လူရွယ်များ ကိုမဖြစ်မနေ အကျပ်ကိုင်ပြီး စည်းရုံးခြင်း များရှိကြောင်းကို ထင်ရှားစွာတွေ့မြင်ရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စိတ်ခံစားချက်ကြောင့် လမ်းမှားရောက်နေသည့် လူငယ်လူရွယ်များကို လမ်းမှန်သို့ရောက်အောင် ဖိတ်ခေါ်မှုများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်တွေ့လည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အတွက် လမ်းမှန်ကိုပြန်လည်ရောက်ရှိ လာသူများအနေဖြင့် နိုင်ငံတော်နှင့်လုံခြုံရေး တပ်ဖွဲ့ဝင်များထံ ၅၀၅ ဖြင့် တရားစွဲခံရပြီး  ပြန်လည်ဆက်သွယ်သတင်းပို့လာသူ ၁၈-၉-၂၀၂၂ ရက်နေ့အထိ ၁၁၁၁ ဦး၊   PDF   များအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး  လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်း များက ပြန်လည်ဆက်သွယ်သတင်းပို့လာသူ ၂၇၃ ဦးနှင့် CDM ဝန်ထမ်း ၅ ဦး၊ စုစုပေါင်း ၁၃၈၉ ဦးရှိကြောင်း၊ မိမိအနေ ဖြင့် ပြောကြားလိုသည်မှာ စိတ်ခံစားချက် ကြောင့်ဖြစ်စေ၊   နိုင်ငံရေးသမားများ၏ အသုံးချမှုကိုခံရ၍ ဖြစ်စေ၊ ခြိမ်းခြောက်ခံရ၍ဖြစ်စေ တရားမဝင် အဖွဲ့အစည်းအသီးသီး၊ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးတွင် ရောက်ရှိနေသည့်   လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူ များအနေဖြင့် လမ်းမှန်ကို ပြန်လည် ရောက်ရှိနိုင်ရေး ရဲရဲဝံ့ဝံ့ပြန်လည်လျှောက်လှမ်းခဲ့ကြ ရန်နှင့် မိမိတို့အနေဖြင့် ကြိုဆိုနေကြောင်း ပြောကြားသည်။ အချို့သောကိစ္စရပ်များကို မီဒီယာများမှတစ်ဆင့် ပြည်သူများသိရှိ အောင်မပြသ နိုင်သေးကြောင်း၊ အဘယ့် ကြောင့်ဆိုသော် အချို့ပြန်လည်ဝင်ရောက် လာသူများထဲတွင်   ၎င်းတို့၏စိတ်ခံစား ချက်အတိုင်း ပြောကြားချက်များရှိကြောင်း၊ သို့သော် ၎င်းင်းတို့၏မိသားစုများနှင့် ၎င်းတို့၏ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှု အန္တရာယ်များကြောင့် မပြသနိုင်သည်များရှိ ပါကြောင်း၊ ကာယကံရှင်သာမက မိသားစုကိုပါ ခြိမ်းခြောက်နေသည့်ဖြစ်စဉ်များရှိကြောင်း ပြောကြားသည်။       

အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဓားဖြင့်၊ သေနတ်ဖြင့် လူမဆန်စွာသတ်ဖြတ် ခဲ့သည်များကို  သတင်းများထုတ်ပြန်ခဲ့ ကြောင်း၊  ပါဝါပွိုင့်၌ မိမိတို့ထုတ်နုတ်ချက် အချို့ကိုပြသထားပါကြောင်း၊ ယခုထုတ်နုတ်ချက်အချို့ထဲ၌ လူတစ်ဦးတစ်ယောက်ကို ဓားနှင့်   ခုနစ်ချက်ထိုးသည့်ဖြစ်စဉ်များ၊ သေနတ်နှင့် ငါးချက် ခြောက်ချက်၊ ၁၁ ချက် အထိ ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်များရှိကြောင်း၊ ထိုထက်မက  လူမဆန်စွာဖြင့် ဓားဖြင့်၊ သေနတ်ဖြင့် ရည်ရွယ်ချက်ရှိရှိ မသေမချင်း သတ်ဖြတ်သည့် အကြောင်းအချက်များရှိပါ သေးကြောင်း၊ ယင်းသို့ ရက်ရက်စက်စက် လူကိုသတ်ခဲ့သည့် အကြမ်းဖက်သမားများကို ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်များ ပေးရလိမ့်မည်ဖြစ်ကြောင်း၊ ခံစားရသည့် သူများဘက်၊ နစ်နာသူများဘက်၊ ပြည်သူ လူထု၏ ဥပဒေစိုးမိုးရေး၊ နိုင်ငံတော်၏တရား ဥပဒေစိုးမိုးရေးမျက်နှာကိုသာ မိမိတို့ကြည့် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အကြမ်းဖက်ကိစ္စရပ်များကို ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်း၊ သွယ်ဝိုက် အားပေးထောက်ခံခြင်း စသည့်ကိစ္စရပ်များ နှင့်ပတ်သက်ပြီး ပြည်သူလူထုသတိထားမိ အောင် ရှင်းလင်းတင်ပြလိုကြောင်း ပြောကြား၍ အကြမ်းဖက်များနှင့် ဆက်စပ်မိလျှင် မည်သည့်ဥပဒေများနှင့်ငြိစွန်းပြီး မည်သည့်ပြစ်ဒဏ်များကျခံရနိုင်သည်ကို ဖော်ပြထားသည့် ပြစ်မှုပြစ်ဒဏ်ဇယားအား ပြသသည်။

အချိန်ကန့်သတ်ချက်အရ အကျယ်တဝင့် မပြောတော့ကြောင်း၊ သတိလေးတစ်ချက် လွတ်သွားလို့ပါ ဆိုသည်ဖြစ်စေ၊ ဘာဖြစ် သွားမှန်းမသိပါဘူး   ဆိုသည်ဖြစ်စေ၊ ဒီအတိုင်းလေးပဲကြည့်လိုက်တာ ဆိုသည်ဖြစ်စေ ဥပဒေကလက်ပိုက်ကြည့်နေမည် မဟုတ်သည်ကို ပြောကြားလိုကြောင်း၊ လူသုံးအများဆုံးဖြစ်နေသည့်  Facebook မှ ဖြစ်လာနိုင်သည်ကို ဥပမာအနည်းငယ်နှင့် ပြောကြားလိုကြောင်း၊ အကြမ်းဖက်အဖွဲ့ များဖြစ်သည့် NUG, CRPH, PDF စသည့် အဖွဲ့များ၏ စာများ၊ ပုံများ၊ ဗီဒီယိုများ၊ ၎င်းတို့ကို အားပေးထောက်ခံသည့်သူများ၏ စာများ၊ ပုံများ၊ ဗီဒီယိုများကို Like တစ်ခု ပေးလိုက်သည်ဖြစ်စေ၊  Share လုပ်လိုက်သည်ဖြစ်စေ လုပ်လိုက်ပါက ယခုပြသထား သည့်ဇယား၌ မြင်ရသည့်အတိုင်း ရာဇသတ်ကြီးပုဒ်မ ၁၂၄(ခ)နှင့်ငြိစွန်းကြောင်း၊ အနည်း ဆုံးထောင် ၃ နှစ်မှ ၁၀ နှစ်အထိချမှတ်နိုင်ကြောင်း၊ ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည် ဆိုသည်ကို အသိပေးလိုကြောင်း ပြောကြားသည်။

ထို့ပြင် ယခုတစ်လောပြန်ပြီး အသံထွက် လာသည့် CDM လုပ်ကြပါတို့၊ ထွက်ခဲ့ကြပါတို့  အပါအဝင် ဝန်ထမ်းများ၏ စည်းကမ်းသေဝပ်မှုကို ထိခိုက်စေသည့် အကြောင်းအရာများ၊   တာဝန်ဝတ္တရားကို  ထိခိုက်စေသည့် အကြောင်းအရာများ၊ အနှောင့်အယှက်ပေးနိုင်သည့် စာများ၊ ပုံများကို ကိုယ်တိုင်ရေးသား တင်ပြခြင်း၊ Share လုပ်ခြင်းများ   စသည့်ကိစ္စရပ်များကို လုပ်ဆောင်မိခဲ့ပါက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နှင့် ငြိစွန်းကြောင်း၊ ထောင် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ထို့ပြင် အကြမ်းဖက် အဖွဲ့အစည်းများကို ငွေကြေးအပါအဝင် ပစ္စည်းထောက်ပံ့ခြင်းများ၊  အားပေးကူညီခြင်းများကို လုပ်ဆောင်ခဲ့ပါက ပိုမိုကြီးမားသည့်အပြစ်ကို ကျူးလွန်ခြင်းဖြစ်ပြီး ပိုမို ကြီးလေးသည့် ပြစ်ဒဏ်ကိုခံရနိုင်သည် ဆိုသည်ကိုလည်း   ထည့်သွင်းပြောကြားလိုကြောင်း ပြောကြားသည်။

ဗဟိုဘဏ်၏ စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာ ချက်ကို တင်ပြလိုကြောင်း ပြောကြား၍ ဗဟို ဘဏ်၏ ထုတ်ပြန်ကြေညာချက်ကိုပြသသည်။  ဗဟိုဘဏ်၏ထုတ်ပြန်ကြေညာ ချက်အပေါ် တစ်ဖက်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေနှင့်  အမျိုးမျိုးသော အပျက် သဘောဆောင်ပြောကြားချက်များ ရှိကြောင်း၊ သတင်းအမှားများနှင့် Agent များပိတ်သွားပြီ စသည်ဖြင့် ရေးသားပြောဆိုနေသည်များကိုလည်း တွေ့မြင်ရကြောင်း၊ ဗဟိုဘဏ်၏ကြေညာချက် အဘယ့်ကြောင့်ထုတ်ပြန်ရသလဲဆိုလျှင် ပြည်သူလူထုနှင့် Agent များ အသုံးချခံဖြစ်မည်စိုးသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊  ဥပမာတစ်ခုအနေနှင့် ပြောလိုကြောင်း၊  ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်နေသည့်  Agent တစ်ယောက်သည် ဝန်ဆောင်ခရလျှင် ငွေလွှဲပေးမည်သာ ဖြစ်ကြောင်း၊ ယခင်က စည်းကမ်းအရတင်းကျပ်မထားသည့်အတွက် လာလွှဲသည့်သူကလည်း ၎င်း၏အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကိုမပြောဘဲ အလွယ်တကူလွှဲလိုက်နိုင်သကဲ့သို့ ထုတ်ယူသည့်ဘက်ကလည်း Password ပြောရုံနှင့် ထုတ်ယူ၍ရသည့်အနေအထားဖြစ်ကြောင်း၊  လာလွှဲသည့် သူက အကြမ်းဖက်သမားများကို ထောက်ပံ့ရန်လွှဲပြီး အကြမ်းဖက်သမားကထုတ်ပြီး အကြမ်းဖက်လုပ်ငန်းများ၌ သုံးသည့်ဖြစ်စဉ် များဖြစ်လာကြောင်း၊ Agent နှင့် အသုံးချခံရသူမှာ အကြမ်းဖက်ထောက်ပံ့ခြင်းလား၊ အကြမ်းဖက်သမားက လာရောက်ထုတ်ယူ သည်လားဆိုသည်ကိုမသိသလို ၎င်းတို့ထံက မည်သည့်အချက်အလက်မှလည်းမရ လိုက်ကြောင်း၊ ငွေလွှဲခဆိုသည့် ငွေအနည်းငယ်သာ ရလိုက်ကြောင်း၊ မိမိတို့လုံခြုံရေး အဖွဲ့များက  အကြမ်းဖက်သမားများကို ဖမ်းဆီးရမိပြီး ၎င်းတို့ကို မည်သူထောက်ပံ့ သည်ဟု စစ်ဆေးချိန်၌ ဒီဖုန်းနံပါတ်ကနေ လွှဲပါတယ်၊ ငွေရပါတယ် ဆိုပြီး Agent ၏ လုပ်ငန်းသုံးဖုန်းနံပါတ်ကိုပေးကြောင်း၊  အသုံးချခံရသည့် ဗါနညအ များကို ထပ်မံ စစ်ဆေးသည့်အချိန်၌ လုပ်ငန်းအရသာ လွှဲပေးလိုက်သည်ဟူ၍သာ အစစ်ဆေးခံရ ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာချိန်၌ ဥပဒေကြောင်းအရ လွှဲပေးသည့် Agent ၏ဖုန်း နံပါတ်၊ လုပ်ငန်းလိုင်စင်၊ လွှဲခဲ့သည့်ပမာဏ၊ လွှဲခဲ့သည့်အချိန် စသည့်အထောက်အထား များအရ Agent ၌ တာဝန်ရှိလာကြောင်း၊ ယင်းနှင့်ပတ်သက်၍  မိမိတို့အနေဖြင့် ဥပဒေအရ အကာအကွယ်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လှူသည် ဆိုသည့်ပုံစံမျိုးနှင့် ငွေလွှဲပေးသည့်သူများ၊ အသုံးချခံလိုက်ရသည့် ကိုယ်စားလှယ်များ၊ Agent များနှင့်ပတ်သက်၍ ငွေလွှဲသည့် သူရော ဇယားအမှတ်စဉ်(၁)၌  ပြထားသကဲ့သို့ Online မှ ငွေကြေးထောက်ပံ့ခြင်း ဖြစ်သည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၃(ခ)အရ ငြိစွန်းကြောင်း၊ တစ်ရာလှူသည်ဖြစ်စေ၊ သိန်းနှင့်ချီပြီးလှူသည်ဖြစ်စေ၊ နောက်ဆုံး လိုက်ပြီးကူရုံပါဟု ဆိုသည်ဖြစ်စေ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၂ အရ ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ မိမိ ကပို့လိုက်သည့်ပိုက်ဆံကို လက်ခံသည့်သူ က လူသတ်ခြင်း၊ အကြမ်းဖက်မှုကျူးလွန်ခြင်း၊ အပြင်းအထန်နာကျင်စေမှုဖြစ်ခဲ့ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ အရ ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ သေဒဏ်အထိချမှတ်နိုင်ကြောင်း၊ တစ်ကျပ် တစ်ပြားလေးလှူတာကို ထောင် ၁၀ နှစ် ကျတယ်တို့၊ သေဒဏ်ကျတယ်တို့ဖြစ်လာ လျှင် ပုဒ်မ ၅၄ နှင့်ငြိစွန်း၍သာ ဖြစ်သည် ဟုသဘောပေါက်ရန်လိုကြောင်း၊ ဥပဒေကို မသိနားမလည်ဟုဆိုကာမျှဖြင့် ဥပဒေကသင့်အား ခွင့်လွှတ်လိမ့်မည်မဟုတ်ပါကြောင်း၊  ယင်းသို့သော ဖြစ်စဉ်အချို့ကို စိစစ်တွေ့ရှိရသည့်အတွက် အပြစ်မရှိသည့် ပြည်သူများအသုံးချခံမဖြစ်စေရန်၊ မနစ်နာ ရအောင် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊  ထို့ပြင် မိမိအနေဖြင့် သတင်းစာရှင်းလင်း ပွဲတွင်  အကျယ်တဝင့် ပြောရခြင်းဖြစ်ပြီး တင်ပြပါဇယားကိုလည်း မီဒီယာများကို ဖြန့်ဝေလိုက်မည်ဖြစ်ကြောင်း၊ တက်ရောက် လာကြသည့် မီဒီယာများ အနေဖြင့်လည်း ပြည်သူလူထုကို အကြမ်းဖက်သမားများ၏ အသုံးချခံမဖြစ်အောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးကြေညာပေးကြရန် မေတ္တာရပ်ခံလို ပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ယခုလဆန်းပိုင်းတွင်း၌ AA နှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်းပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်၌ တိုက်ပွဲများဖန်တီးခဲ့ကြောင်း၊ သြဂုတ်လ ၃၁ ရက်နေ့က နယ်ခြားမှတ်တိုင်အမှတ် BP40 စခန်းကို သာလွန်အင်အားနှင့် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့ည ၇ နာရီခွဲ၌ BP 31 အနီး လုံခြုံရေးဆောင်ရွက်နေသည့် တောင်ပြိုဝဲ ရဲကင်းစခန်းအား  ပါဝါပွိုင့်ပါနေရာမှ လက်နက်ကြီး၊  လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ  ရဲကင်းစခန်းနှင့် နယ်စပ် ခြံစည်းရိုးကို ကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် ၃ လုံးကျရောက်ခဲ့ကြောင်း၊ ၎င်းနေ့ ည ၈ နာရီ ၁၀ မိနစ်နှင့် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်စောစောပိုင်း၌ BP 34  အနီး တောင်ပြိုယာရဲကင်းစခန်းကို ယခင် ပစ်ခတ်သည့်နေရာမှ လက်နက်ကြီးနှင့်ထပ်မံပစ်ခဲ့ကာ ရဲကင်းစခန်းနှင့်နယ်စပ်  ခြံစည်းရိုးကိုကျော်လွန်ပြီး ပါဝါပွိုင့်၌ဖော်ပြ ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နေရာ ၄ နေရာသို့ လက်နက်ကြီးကျည် ၉ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့ ရည်ရွယ်ချက်ရှိရှိ   လုပ်ဆောင်ခြင်းမှာ နှစ်နိုင်ငံကြားချစ်ကြည်ရေးပျက်ပြားစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ နယ်စပ်၌ရှိသည့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရကြောင်းသိရှိရကြောင်း၊ AA,ARSA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့်   နှစ်နိုင်ငံကြားပြဿနာ ဖြစ်ပွားအောင် မီးမွှေးပေးနေသည်ကို မိမိ တို့အနေဖြင့် တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတို့မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့စ်ဘဇားရှိ အမှတ် ၃၄ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သို့ အကြောင်းကြား စာများ ပေးပို့ထားရှိပြီးဖြစ်ကြောင်း၊ ၁၉-၉-၂၀၂၂ ရက်နေ့ကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူများက မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး ဖြစ်စဉ်အခြေအနေ အမှန်ကို ရှင်းလင်းဖော်ပြထားသည့် စာလွှာကို ပေးအပ်ခဲ့ကြောင်း ဖြည့်စွက်ပြောကြား လိုကြောင်း၊ ထပ်မံဖြည့်စွက်ပြောကြားလိုသည်မှာ ဘူးသီးတောင်၊ မောင်တောဘက် အခြမ်းသည် ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်သည့်အချိန်တွင် နှစ်စဉ်နှစ်တိုင်း အမြဲ တမ်းပြဿနာဖြစ်နိုင်သည်ကို   တွေ့ရှိရ ကြောင်း၊ ယခုနှစ်တွင် AA,ARSA ပူးပေါင်းပြီး နှစ်နိုင်ငံကြား ပြဿနာဖြစ်အောင်ဖန်တီး လာခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသူ၊ နိုင်ငံ သားများအနေဖြင့်လည်း စည်းလုံးညီညွတ်စွာနေထိုင်ကြရန်နှင့် မီဒီယာများအနေဖြင့် လည်း မိမိတို့၏ပြည်သူလူထုကို အသိပေး၊ သတိပေးသင့်သည်များကို အသိပေး၊ သတိပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက ရှင်းလင်းတင်ပြရာ (က) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ များကို စစ်ဆေးဆောင်ရွက်မှုအခြေအနေ၊ ( ခ ) မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် ရေးအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက်အရ  ပြုစုပြီးသည့်     လူဦးရေစာရင်းအပေါ် စိစစ်ဆောင်ရွက်မှုအခြေအနေအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို စစ်ဆေးဆောင် ရွက်မှုအခြေအနေများကို ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင်  မှတ်ပုံတင်ထားသည့်  တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိပြီး နိုင်ငံ ရေးအယူဝါဒအရ ဖြစ်ပေါ်လာသောနိုင်ငံရေးပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ် အလိုက်ဖြစ်ပေါ်လာသော နိုင်ငံရေးပါတီ ၁၉ ပါတီနှင့် ဒေသအလိုက်ဖြစ်ပေါ်လာ သော နိုင်ငံရေးပါတီ ၃၀ ပါတီ တို့ပါရှိကြကြောင်း၊  ယင်းတို့အနက် ပြည်ထောင်စု တစ်ဝန်းလုံး၌စည်းရုံးမည့်ပါတီ ၇၄ ပါတီ နှင့်  တိုင်းဒေသကြီး/ပြည်နယ်တစ်ခု အတွင်း၌ စည်းရုံးမည့်ပါတီ ၁၈ ပါတီ ရှိပါကြောင်း ပြောကြားသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၏စာရင်းများကို စစ်ဆေးရာတွင်   နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း  ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများစစ်ဆေးခြင်း လုပ်ငန်းစဉ်ကို  ၂၀၂၁ ခုနှစ် သြဂုတ်လ စတုတ္ထပတ်မှစတင်ဆောင်ရွက်ခဲ့ရာ တည်ဆဲနိုင်ငံရေးပါတီ  ၉၂ ပါတီအနက် ယနေ့အထိစစ်ဆေးပြီး ၈၅ ပါတီနှင့် စစ်ဆေးရန် ကျန်သည့် ၇ ပါတီဖြစ်ကြောင်း၊ စစ်ဆေးရာတွင်  အများစုတွေ့ရှိသည့်စာရင်းဇယားများ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ပြုစုထားရှိမှုအားနည်းခြင်း ၊ ငွေစာရင်းများ စနစ်တကျရေးဆွဲပြုစုခြင်းနှင့်  ဘဏ္ဍာရေးဆိုင်ရာ   လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး၊ အတည်ပြုထားရှိရန်လိုအပ်ခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ပါတီတွင်းစာရင်းစစ်ကော်မတီထားရှိခြင်း၊ တတ်ကျွမ်းသည့် ရုံးအဖွဲ့ထားရှိခြင်းနှင့် ငွေစာရင်းအပါအဝင် မှတ်တမ်းစာအုပ်များ စနစ်တကျထားရှိခြင်းများ ပြုလုပ်ရန်   အားနည်းပျက်ကွက်ခြင်းတို့ဖြစ်ပြီး အမြန်ပြုပြင်လိုက်နာ ဆောင်ရွက်ရန်နှင့်  ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့  ပြန်လည်တင်ပြရန်အကြောင်း ကြားပြီးဖြစ်ကြောင်း ပြောကြားသည်။  

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  နိုင်ငံရေးပါတီများကို   စစ်ဆေးခဲ့မှုများအပေါ် မူတည်ပြီး ခြုံငုံသုံးသပ်တွေ့ရှိခြင်းသည် ပါတီအင်အား တစ်သိန်းအထက်  စည်းရုံးနိုင်သည့်ပါတီ ၄ ပါတီ၊ တစ်သောင်းအထက်စည်းရုံးနိုင်သည့် ပါတီ ၄ ပါတီ၊  ငါးထောင်မှ တစ်သောင်းအတွင်း စည်းရုံးနိုင်သည့်ပါတီ ၆ ပါတီ၊  တစ်ထောင်မှငါးထောင်အတွင်း စည်းရုံးနိုင်သည့်ပါတီ ၇၀ ပါတီနှင့် ငါးရာမှ တစ်ထောင်ကြား  စည်းရုံးနိုင်သည့်ပါတီ ၈ ပါတီရှိသည်ကို   တွေ့ရှိရကြောင်း ပြောကြားသည်။

    အလားတူ ပါတီစည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပါတီရုံးခန်း ၁၀၀ နှင့်အထက် ဖွင့်လှစ်နိုင်သည့်ပါတီ ၄ ပါတီ၊ ရုံးခန်း ၅၀ နှင့် ၁၀၀ အကြား ဖွင့်လှစ်နိုင်သည့်ပါတီ ၃ ပါတီ၊ ရုံးခန်း ၂၀ နှင့် ၅၀ ကြား ဖွင့်လှစ်နိုင်သည့် ပါတီ ၁၂ ပါတီ၊ ရုံးခန်း ၁၀ မှ ၂၀ ကြား ဖွင့်လှစ်နိုင်သည့် ပါတီ ၁၄ ပါတီ၊ ရုံးခန်း ၂ ခန်းမှ ၁၀ အကြား ဖွင့်လှစ်နိုင်သည့်ပါတီ ၄၄ ပါတီနှင့်ရုံးခန်း ၁ ခန်းသာ ဖွင့်လှစ်နိုင်သည့်ပါတီ ၁၅ ပါတီ စိစစ်တွေ့ရှိရကြောင်း၊ အထက်ပါစာရင်းများကိုတင်ပြရာတွင်  စစ်ဆေးရန်ကျန်ပါတီများ၏ စာရင်းများနှင့် စပ်လျဉ်းပြီး မိမိတို့ထံတွင် ယခင်ရရှိထားသည့်စာရင်းများအပေါ် မူတည်ပြီး ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ်ပါကြောင်း   (Power Point) ဖြင့် ပြောကြားသည်။  

     ထို့အတူ ပါတီပိုင်ရန်ပုံငွေအနေဖြင့် သိန်းထောင်ဂဏန်းအထက်ရှိသည့် ပါတီ ၂၁ ပါတီ၊ သိန်းရာဂဏန်းနှင့် အထက်ရှိသည့်ပါတီ ၃၀ ပါတီ၊ သိန်းရာဂဏန်းအောက် ၂၀  ပါတီ၊ ရန်ပုံငွေလက်ကျန်မရှိသည့်ပါတီ ၁၄ ပါတီရှိပြီး ပိုင်ဆိုင်မှုစစ်ဆေးအတည်ပြုရန်ကျန်သည့်ပါတီ ၇ ပါတီဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲများတွင်   ပါဝင်ယှဉ်ပြိုင်နိုင်မှုကို  လေ့လာခြင်းအားဖြင့်  ကိုယ်စားလှယ်ဦးရေ ၅၀၀ ကျော်ယှဉ်ပြိုင်နိုင်သည့် ပါတီ ၃ ပါတီ၊  ၁၀၀ ကျော်ယှဉ်ပြိုင်နိုင်သော  ပါတီ ၇ ပါတီ၊ ၅၀ နှင့် ၁၀၀ ကြားယှဉ်ပြိုင်နိုင်သည့်ပါတီ ၄ ပါတီ၊ ၁၀ ဦးနှင့် ၅၀ ကြား ယှဉ်ပြိုင်နိုင်သည့်ပါတီ ၂၈ ပါတီနှင့် ၁၀ ဦးအောက်ယှဉ်ပြိုင်နိုင်သည့် ပါတီ ၄၅ ပါတီ စိစစ်တွေ့ရှိ ရပါကြောင်း ပြောကြားသည်။ ထို့ကြောင့် ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များအနေဖြင့်   ယခင်ရွေးကောက်ပွဲတွင် သုံးစွဲခွင့်ပြုထားသည့်  ရွေးကောက်ပွဲ အသုံးစရိတ် ငွေကျပ်သိန်း ၁၀၀ အပေါ် သုံးစွဲခဲ့မှုအခြေအနေကို  စိစစ်တွေ့ရှိရခြင်းသည်  ၇၅ သိန်းမှ သိန်း ၁၀၀ အထိ သုံးစွဲသူ ၁၄ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ ၇၅ သိန်းကြား သုံးစွဲသူ ၃၀ ရာခိုင်နှုန်း၊ ၁၀ သိန်းမှ သိန်း ၅၀ ကြားသုံးစွဲသူ ၄၉ ရာခိုင်နှုန်းနှင့်  ငွေကျပ် ၁၀ သိန်းအောက်  သုံးစွဲသူ ၇ ရာခိုင်နှုန်း တွေ့ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

   ထိုနေရာတွင်   အလေးထားတင်ပြလိုခြင်းမှာ မြန်မာနိုင်ငံသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပါကြောင်း၊  ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်သည်  ရွေးကောက်ပွဲများဖြစ်ပြီး ရွေးကောက်ပွဲတွင် အဓိကပါဝင် ယှဉ်ပြိုင်ကြခြင်းသည် နိုင်ငံရေးပါတီများ ဖြစ်ကြောင်း၊  ထို့အတူ ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့်  နိုင်ငံရေးပါတီများကို ကြီးကြပ်ခြင်းတို့သည်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်တွေ ဖြစ်တာကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့်  ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများဖြစ်ပေါ်လာရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက် ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။    

   ယခုဆက်လက်ပြီး  မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်းစီမံချက်အရပြုစုပြီးသည့် လူဦးရေစာရင်းအပေါ်  Initial Voter List Scrutinizer Software ( IVLS ) ဖြင့် စိစစ်ဆောင်ရွက်မှုအခြေအနေများကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲတွင်  အသုံးပြုမည့်  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြုစုထားသည့်  အိမ်ထောင်စုလူဦးရေစာရင်းပုံစံ( ၆၆/၆ )များကို  ရယူအခြေခံပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ထားသည့် မဲစာရင်းများကို ပြင်ဆင်ပြုစုခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်   စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊   ထို့နောက်အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များကိုအခြေခံ၍  ပြုစုထားသည့်စာရင်းများကို   ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက  ပြုစုထားသည့်  မြေပြင်လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေ့ပြေး လုပ်ငန်း စီမံချက်ကို ၁၄- ၂-၂၀၂၂ ရက်နေ့တွင်  ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ်၌ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ အဆိုပါမြို့နယ်အပါအဝင်  နေပြည်တော်ကောင်စီနယ်မြေမြို့နယ် ၈ မြို့နယ်မှ စိစစ်တွေ့ရှိချက် များအပေါ် သုံးသပ်အခြေခံပြီး  တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်  ရှေ့ပြေးလုပ်ငန်းစီမံချက်ကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းပြောကြားသည်။

    ဆက်လက်ပြီး   တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များအလိုက် ရှေ့ ပြေးလုပ်ငန်းစီမံချက်အရ ပြုစုပြီးသည့် လူဦးရေစာရင်းများအနက် အခြေခံမဲစာရင်း တွင်  ဥပဒေအရ  မထည့်သွင်းရမည့် လူဦးရေစာရင်းများဖြစ်သည့်  လဝကပုံစံ ( ၆၆/၆ )ရှိသော်လည်း မြေပြင်နေထိုင်မှုမရှိသူများ၊  သေဆုံးသူများ၊ အခြားမြို့နယ်၏ လဝကပုံစံ(၆၆/၆)ဖြင့်နေထိုင်သူများ၊ လဝကပုံစံ(၆၆^၆)မရှိဘဲ မြေပြင်တွင် နေထိုင်သူများကို နုတ်ပယ်ပြီး ကျန်ရှိသည့် လူဦးရေစာရင်းများကို   အခြေခံမဲစာရင်းပြုစုနိုင်ရန် ကနဦးမဲဆန္ဒရှင် စိစစ်ခြင်းစနစ် (IVLS)ဖြင့်စိစစ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ် အားလုံးကို ၁၉-၈-၂၀၂၂ ရက်နေ့တွင်စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုအထဲမှ နယ်မြေလုံခြုံရေး အခြေအနေအရ  မစိစစ်နိုင်သေးသည့် မြို့နယ်အချို့ကျန်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။  ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပပြုလုပ်ရမည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် အခြေခံရမည့်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရန်အတွက်  ယခုစိစစ်ရာတွင်တွေ့ရှိရသည့် သေဆုံးသူများနှင့် လဝကပုံစံ (၆၆^၆)ရှိပြီး မြေပြင်တွင် နေထိုင်မှုမရှိသူများကို စိစစ်ပယ်ဖျက်နိုင်ရေးနှင့် လဝကပုံစံ(၆၆^၆)မရှိဘဲ နေထိုင်သူများနှင့် အခြားမြို့နယ်၏လဝကပုံစံ(၆၆/၆)ဖြင့် နေထိုင်သူများကို လက်ရှိနေထိုင်ရာ ဒေသ မဲစာရင်းတွင်ပါဝင်လာနိုင်ရေး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (IVLS)နှင့်စိစစ်ထားသည့် စာရင်းဇယား များကို  သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူ များအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပန်ကြားအပ်ပါ ကြောင်း ပြောကြားသည်။        

    ဆက်လက်ပြီး  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို  တင်ပြမည်ဖြစ်ကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များဖြစ်သည့်   ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးနှင့်နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် Update ပြုလုပ်နိုင်ရေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ ဖြည့်တင်းခြင်းနှင့်  လေ့ကျင့်သင်တန်းပေးခြင်း၊   ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဲရုံများစုဖွဲ့ခြင်းနှင့် မဲရုံသုံးပစ္စည်းစာရင်းများ ပြုစုပြင်ဆင်ခြင်း၊ အခြေခံအဆောက်အဦများ ဖြစ်သည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတည်ဆောက်ခြင်းနှင့်   တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် စစ်ဆေးခြင်းများ   ရှင်းလင်းပြောကြားသည်။  

        ယင်းနေရာတွင် အလေးထားတင်ပြလိုခြင်းသည် ပြည်သူလူထုနှင့်မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် အချိုးကျကိုယ်စားပြုစနစ်(PR)နှင့် ဥပဒေမူဘောင်အပါအဝင် သိသင့်သိထိုက်သည့် အကြောင်းအရာများကို မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်သတင်းစာများကနေပြီး  နိုင်ငံတကာရွေးကောက်ပွဲ စနစ်များအပါအဝင် ရွေးကောက်ပွဲဆိုင်ရာဆောင်းပါး ၄၆ ပုဒ်ကို ရေးသားဖော်ပြခဲ့ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာအုပ် ၄ အုပ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး PR စနစ်နှင့်ပတ်သက်ပြီး မဲဆန္ဒရှင် အသိပညာပေးရုပ်/သံအစီအစဉ် ၂ ခုကို ရိုက်ကူးခဲ့ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားအစီအစဉ်များတွင်  ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာသီချင်း  ၃ ပုဒ်ကိုလည်း ရိုက်ကူးထားပြီဖြစ်ကြောင်း၊ ထို့အတူ မဲဆန္ဒရှင်များ  မဲရုံတွင် စနစ်တကျမဲပေးနိုင်ရေး  မဲရုံသရုပ်ပြအစီအစဉ်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ရိုက်ကူးလျက်ရှိကြောင်း၊ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနေဖြင့်  မိမိကွပ်ကဲမှုနယ်မြေ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့်ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်က   ဝန်ထမ်းများကို အချိုးကျကိုယ်စားပြုစနစ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနှင့်စပ်လျဉ်းပြီး    ကိုယ်တိုင်သွားရောက်၍ လည်းကောင်း၊ Online မှတစ်ဆင့်လည်းကောင်း ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

      နိဂုံးချုပ်အနေဖြင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ်(၁) ပါလုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း  ပြောကြားသည်။           

 

ဆက်လက်ဖော်ပြပါမည်။