အကြိမ်(၂၀)မြောက် သတင်းစာ ရှင်းလင်းပွဲ အမေး၊ အဖြေများ

အကြိမ်(၂၀)မြောက် သတင်းစာ ရှင်းလင်းပွဲ အမေး၊ အဖြေများ

ယမန်နေ့မှအဆက်

Myanmar National Postမှ သတင်း ထောက် ဦးငွေထွန်းက တပ်မတော်သားများ နှင့်ပတ်သက်သည့်  မေးခွန်းမေးမြန်းလိုကြောင်း၊   ပြန်တမ်းဝင် အရာရှိဖြစ်ခွင့်၊ မဖြစ်ခွင့်နှင့် ပတ်သက်၍ အသက်အပိုင်းအခြား ခွဲခြားထားမှု အခြေအနေကို သိလိုကြောင်း၊ တပ်မတော်တွင် အရာခံဗိုလ်ရာထူး အနေဖြင့် A groupç B groupç C group များရှိကြောင်း၊ စစ်သက်၊ လုပ်သက်နှင့် တွက်ချက်ပြီး ၁/၉၆ တွင် သတ်မှတ်ထား သည့် သတ်မှတ်ချက်နှင့် အဆင်ပြေနေကြောင်း၊ ယခုနောက်ပိုင်း ၂/၂၀၁၃ နောက်ပိုင်း သတ်မှတ်ချက်အရ အရာခံဗိုလ်သက်နှင့် လုပ်သက်များအနက် အသက်ကို အဓိက ထားသည့်အတွက်   တစ်ပတ်စဉ်တည်း ကျောင်းဆင်းလာသည့်   သူငယ်ချင်း အချင်းချင်း ပြန်တမ်းဝင် အရာရှိဖြစ်သူနှင့် အသက်(၁၈)နှစ်ကတည်းက တပ်ထဲဝင်လာသူက ကျန်ခဲ့ပြီး နောက်ထပ် အသက်ထပ်တိုးသည့်အခါ ၎င်းတို့မှာ အရာရှိအတူမဖြစ်ဘဲ ဂျူနီယာကျသူများထက်ပင် နောက်ကျကျန်ခဲ့ကြောင်း၊ မဖြစ်သေးသူများလည်း ရှိကြောင်း၊ ၂၀၂၂ တွင် သတ်မှတ်ခဲ့သည့်  အရာခံဗိုလ်လုပ်သက် ၅၅ နှစ် စသည်တို့နှင့် ပတ်သက်ပြီး ပြင်ဆင်ပေးရန် ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် မိမိအနေဖြင့် အသေး စိတ်ကို သက်ဆိုင်ရာသို့ မေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားလိုကြောင်း ပြောကြားသည်။

တဲ့ပြောမီဒီယာမှ   အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ကော်သူးလေ ARMYအဖွဲ့ကို ခေါင်းဆောင်သူမှာ နယ်ဒါးမြဖြစ်ကြောင်း၊ ၎င်း၏ဖခင်မှာ KNU မှ ဗိုလ်ချုပ်ကြီးမြဖြစ်ကြောင်း၊ နယ်ဒါးမြမှာ ထိုင်းနိုင်ငံတွင် မွေးပြီး ထိုင်းနိုင်ငံသားဖြစ်နေကြောင်း၊ မိမိတို့နိုင်ငံတွင် ကော်သူးလေARMY ဆိုပြီးဖွဲ့စည်းခဲ့ပြီး မိမိတို့နိုင်ငံကို ပျက်လိုရာ ပျက်စီးကြောင်းနှင့် ကုန်စည်စီးဆင်းမှုများကိုလည်း နှောင့်နှေးအောင် လုပ်ဆောင်နေကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်နေသော   လမ်းလုပ်သားများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ မြဝတီနှင့် ကော့ကရိတ်ဆက်သွယ်ထားသော လျှပ်စစ်တာဝါတိုင်များကိုလည်း  မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ မိမိတို့နိုင်ငံအား နိုင်ငံခြားသားမှ ကျူးကျော်ရန်ပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံစေလိုကြောင်း၊ ယခုဆိုလျှင် နယ်ဒါးမြ အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတကာတွင် အလှူခံစားနေသော အဖွဲ့များနှင့် တွေ့ဆုံ၍ နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်း စီမံကိန်းများ ရေးဆွဲနေကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် ကော်သူးလေ  ARMY အဖွဲ့အစည်းကို မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးမှ မိမိကိုဖုန်းဆက်၍ အကူအညီ တောင်းပြီး မေးခွန်းမေးမြန်း ခိုင်းထားမှုရှိကြောင်း၊ မြဝတီအာရှ လမ်းပိုင်းလမ်းများ ပျက်စီးနေကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ပြုပြင်ပေးရန် ရှိ၊ မရှိနှင့် ဆောင်ရွက်မှုရှိပါက လုံခြုံရေးပါ ဆောင်ရွက်ပေးမည်ဟု   တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးမှ ပြောကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်ဒါးမြနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ပြောလိုသည်မှာ ၎င်းတို့အနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အတွက် လမ်းပန်းဆက်သွယ်ရေး လုပ်ကိုင်နေသူများအား  သတ်ဖြတ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် KNU ၊ KNDO အဖွဲ့မှ ခွဲထွက်၍ ကော်သူးလေ ARMY ကိုဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ KNU? KNDO အဖွဲ့များမှ ကန့်ကွက်ခဲ့ကြောင်း၊ နယ်ဒါးမြ အနေဖြင့် လက်နက်ကိုင်အဖွဲ့များ  ထပ်မံဖွဲ့စည်းနေကြောင်း၊ အခြားလက်နက်ကိုင် အဖွဲ့များနှင့်ပူးပေါင်း၍ နယ်စပ်ဒေသများတွင် တိုက်ခိုက်မှုများ ရှိကြောင်း၊ မိမိတို့တပ်မတော် အနေဖြင့် KNU အဖွဲ့ကို ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ နယ်ဒါးမြအဖွဲ့ကိုတော့ စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြဝတီအာရှကားလမ်းပိုင်း  အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆက်လက်သတင်းပေးပို့ သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

Myanmar Public Press သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းနိုင်က ကျေးလက်ဒေသ တော်တော်များများတွင် ယခင်အစိုးရလက်ထက်ကတည်းက စရိတ် ကောက်ခံပြီး မီးလင်းရေး၊ ကျေးရွာဖွံ့ဖြိုးရေးများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တချို့ မီးလင်းရေး အဖွဲ့အစည်းများက တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စာရင်းရှင်းခြင်း ပြည်သူများအရှေ့တွင် ပွင့်လင်းမြင်သာစွာ ရှင်းပြသော်လည်း တချို့မီးလင်းရေး ကော်မတီများက ယခုအစိုးရလက်ထက်ထိ မရှင်းပေးကြောင်း၊ ယင်းအပေါ်တွင် ကျေနပ်မှုမရှိသည့် ပြည်သူများက အဆင့်ဆင့်တိုင်ကြားခြင်း၊  တစ်ဦးနှင့်တစ်ဦး တရားစွဲခြင်းများ အချို့ဒေသများ၌ ရှိသည့်အတွက် ယင်းကိစ္စအား အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ စိစစ်အရေးယူပေးခြင်း အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျေးလက်မီးလင်းရေး ကော်မတီကို စဖွဲ့ကတည်းက ကျေးရွာသူ၊ ကျေးရွာသားများက ၎င်းတို့၏ ဆန္ဒသဘောထားအတိုင်း ရွေးချယ် တင်မြှောက် ဖွဲ့စည်းကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသား များက ယင်းတို့သဘောဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ကြောင်း၊  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်  ကျေးရွာမီးလင်းရေး ကော်မတီလိုက်နာ ဆောင်ရွက်ရမည့် ဝန်ခံ ကတိပြုချက် ၁၂ ချက်ကို ထုတ်ပြန်ထားရှိ၍ လိုက်နာဆောင်ရွက်စေပြီး လိုအပ် သည့်   နည်းပညာ အကူအညီများပေးကြောင်း၊ ယင်းနှင့်ပတ်သက်၍ ကျေးရွာမီးလင်းရေး၊    ငွေအလွဲသုံးစားပြုမှု၊ အငြင်းပွားမှု၊ မသမာမှုများဖြစ်လာလျှင် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့များအား တင်ပြ၍ အရေးယူဆောင်ရွက်နိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးစိုးဝင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားဟောင်းထိပ် သိမ်ဇရပ်မြို့၌ရှိသည့် စစ်တောင်းစက္ကူစက်ရုံတွင် ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီက ၁-၉-၂၀၁၁ ရက်နေ့က   ရော်ဘာတာယာစက်ရုံ တည်ဆောက်ရန်အတွက် အစိုးရထံမှ တစ်နှစ်လျှင်ငွေကျပ်သန်း ၁၂၆ သန်းဖြင့်  ၁၀ နှစ်စာချုပ်ချုပ်၍ ငှားရမ်းခဲ့ပါကြောင်း၊ သို့သော် မအောင်မြင်ခဲ့သဖြင့် ယင်းကုမ္ပဏီမှ ၁၀-၁-၂၀၁၇  တွင် ပြည်နယ်အစိုးရအား ပြန်လည်အပ်နှံခဲ့ကြောင်း၊ သို့သော် ယင်း စက်ရုံသည် ယနေ့အချိန်ထိ အသုံးပြုခြင်း မရှိကြောင်း၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်အတွက်  ၎င်းနေရာအား အခြားစက်ရုံများ တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် ယင်းစက်ရုံအတွင်း မြေဧကပေါင်း ၉၆၃၀ ဧက စက်မှုကုန်ကြမ်း စိုက်ပျိုးမြေများရှိကြောင်း၊ ယင်းမြေနေရာများကို   ဒေသခံတောင်သူများအား ကောက်ပဲသီးနှံများ စိုက်ပျိုးခွင့် ပြု၊ မပြု သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းထောက်ကြီး ပြောသွားသည့် သတင်းအချက်အလက်များကို သေချာစိစစ်ကာ  သက်ဆိုင်ရာဝန်ကြီး ဌာနသို့မေးမြန်း၍ ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။

နေပြည်တော်အွန်လိုင်း သတင်းအေဂျင်စီမှ လက်ထောက်အယ်ဒီတာ ဦးဝင်းနိုင်က ကုန်ဈေးနှုန်း ကြီးမြင့်လာသည့်အပေါ်တွင် ပြည်သူများ ဝင်ငွေနှင့်ထွက်ငွေ မမျှတ သည့်အတွက်ကြောင့်   စားဝတ်နေရေး အဆင်မပြေမှုများ၊ ကျန်းမာရေး ဂရုစိုက်မှု အားနည်းလာသည့်အတွက်ကြောင့် အခြေခံလူတန်းစား မိဘပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ရွေ့လျားဆေးခန်းများဖြင့် ဆေးကုသပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍများတွင်  ကျေးရွာရပ်ကွက်များအထိ ဆောင်ရွက်ပေးနေကြောင်း၊ အထူးဆေးကုသပေးရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်  လူ အင်အားအခက်အခဲရှိကြောင်း၊ မီဒီယာများ သိရှိသည့်အတိုင်း CDM အများစုသည် ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနတစ်ခုလုံး အနေဖြင့်  ယခုအခြေအနေထိ ဖြစ်လာအောင် ကိုဗစ်-၁၉ တတိယလှိုင်းတွင် အတော်လုပ်ယူခဲ့ရပါကြောင်း၊  ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်၊ ဆရာမများသာမက တပ်မတော်ကလည်း ကူခဲ့ရသည်များ ရှိပါကြောင်း၊ လတ်တလောတွင် ကျန်းမာရေးဝန်ကြီးဌာနက အထူးဆေးကုသရေးအဖွဲ့ စေလွှတ်ခြင်းများ ရှိပါကြောင်း၊  ယခင်က ရှမ်းပြည်နယ်ဘက်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အလွန်ဖြစ်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ သွားရောက်ပြီး အထူးဆေးကုသရေးအဖွဲ့ဖြင့် သွားရောက်ဆောင်ရွက်ခဲ့ခြင်းများ ရှိပါကြောင်း၊ ရွေ့လျားဆေးကုသရေးနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် ဆောင်ရွက်နေခြင်းများ ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားနေခြင်းများလည်း ရှိပါကြောင်း၊  လိုအပ်သည့် အချိန်တွင် တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး   ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ရုရှားခရီးစဉ်အတွင်း ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတကို မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဖိတ်ကြားခဲ့သည် ဟုသိရကြောင်း၊ ၎င်းအနေဖြင့် မည်သည့်အချိန်ခန့်တွင်  လာရောက်နိုင်မည်ကို ဖြေကြားပေးရန် အဆင်ပြေပါက ဖြေကြားပေးစေလိုကြောင်း၊   မီဒီယာတစ်ခုက မေးမြန်းခဲ့သည့် မေးခွန်းတစ်ခုတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရဘက်မှ NUG ဘက်သို့ SPY  များလွှတ်ထားပါသလား ဆိုသည့်မေးခွန်းကို ဗိုလ်ချုပ်ကလည်း ရှိကောင်းရှိနိုင်သကဲ့သို့ မရှိလျှင်လည်း မရှိနိုင်ဘူးဟု ပြန်လည်ဖြေကြားခဲ့သည်ကို တွေ့ရကြောင်း၊ အကယ်၍ ရှိခဲ့မည်ဖြစ်ပြီး ၎င်းတို့တစ်စုံတစ်ရာ နစ်နာဆုံးရှုံးခဲ့မည်ဆိုပါက ၎င်းတို့၏ မိသားစုအတွက်  မည်ကဲ့သို့သော လျှို့ဝှက်ပံ့ပိုးမှုများ လုပ်ဆောင်ပေးသွားရန် စီစဉ်ထားသည်ကိုသိလိုကြောင်း၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားပါကြောင်း၊ လက်ရှိကာလတွင် AA ကြောင့် ဖြစ်ပေါ်လာသည့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ပြဿနာများဖြစ်လာနိုင်သဖြင့် AA ကိုအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သွားရန် အစီအစဉ်ရှိ၊ မရှိသိလိုကြောင်း၊ အခြေခံပြည်သူများ  လူမှုဘဝ တည်ငြိမ်စေရန် အတွက် ယခုဈေးနှုန်းမြင့်တက်လျက်ရှိသည့် အခြေခံစားကုန်များကို GEC ကဲ့သို့သော ဆိုင်များဖွင့်လှစ်၍ ရောင်းချပေးသွားရန်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍   သတင်းစာ ရှင်းလင်းပွဲအစောပိုင်းတွင် မိမိအနေဖြင့် အကျယ်တဝင့် ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ အပြန်အလှန် သွားလာမှုများနှင့် ဆက်ဆံမှုများ ရှိနေမည်ဖြစ်သည်ဟုသာ  ပြောလို ကြောင်း၊   စုံစမ်းထောက်လှမ်းရေးနှင့် ပတ်သက်သည့်ကိစ္စကို ပြောရလျှင် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်သည့်ကိစ္စများ မည်သည့်နိုင်ငံတွင်ဖြစ်စေ သူ့အကန့်နှင့်သူ လုပ်ရကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး မေးမြန်းသည့်ကိစ္စ နှင့်ပတ်သက်၍ မိမိဖြေကြားနိုင်သည့်အဖြေမှာ “မသိပါဘူး၊ သိရင်လည်း ကျွန်တော် ဒီနေရာမှာမရှိပါဘူး”   ဟုသာ  ပြောလိုကြောင်း၊  AA  အဖွဲ့နှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းမှာ ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင်သာ  မူတည်လိမ့်မည်ဖြစ်ကြောင်း၊ အခြေခံစားကုန်များနှင့် ပတ်သက်၍ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့်လည်း တချို့နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း၊   ရန်ကုန်မြို့တွင်  ရန်ကုန်မြို့တော်  စည်ပင်သာယာရေးအဖွဲ့နှင့် နေပြည်တော်တွင်လည်း  နေပြည်တော် စည်ပင်သာယာရေးအဖွဲ့များ  စသည့် ဒေသဆိုင်ရာ အဖွဲ့များကလည်း ၎င်းတို့တတ်နိုင်သမျှ  လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားရန်   စီစဉ်ထားကြောင်း ပြန်လည်ဖြေကြားသည်။

General Lifeသတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက်က လက်ရှိအစိုးရ လက်ထက်တွင်   နိုင်ငံ့အရေး၊  နိုင်ငံရေးစသည်ဖြင့် နိုင်ငံရေးအသိပညာပေး လုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်ပေးရန် အတွက် ပြည်သူများကို  Wellness ပေးရန်၊ Participation များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုကြောင်း၊ ပြည်သူလူထုကို မည်ကဲ့သို့ သတင်းစကား ပေးလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဓိကအားဖြင့် ပညာရေးစနစ်တွင် ပါပြီးဖြစ်ကြောင်း၊ ပညာရေးစနစ်တွင် သင်ရိုးများ၊ တွဲဖက်သင်ရိုးများ ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသည့် တွဲဖက်သင်ရိုးများ ကြည့်စေလိုကြောင်း၊ တွဲဖက်သင်ရိုးများတွင် ဒီမိုကရေစီနှင့် ပတ်သက်သည်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည်များကို အခြေခံမှစ၍ သင်ကြားပေးကြောင်း၊ ၅   တန်းမှစ၍   သင်ကြားပေးကြောင်း၊ ပြည်သူများထက် မီဒီယာများကို ဦးစွာပြောလိုကြောင်း၊ ပညာရေးဝန်ကြီးဌာနက ထုတ်ထားသည့်အတွက် ကျောင်းသားများပါမကျန် သင်ကြားပေးသော တွဲဖက်သင်ရိုး စာအုပ်များထဲတွင် ဒီမိုကရေစီ၏ တန်ဖိုးများ၊   လူ့ကျင့်ဝတ်တန်ဖိုးများ၊ လူ့အခွင့်အရေးတန်ဖိုးများ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တန်ဖိုးများအကြောင်း ရေးသားထားသည်ကို ဖတ်ကြည့်စေလိုကြောင်း၊ မီဒီယာများ မသိသေးသည်များ ပါရှိသည်ကို  အာမခံကြောင်း၊   မိမိကိုယ်တိုင်ဖတ်ပြီး  မသိသေးသည်များ များစွာပါရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့၏ ကျောင်းသား  လူငယ်များ အရွယ်မှစ၍ အသိပညာဖွံ့ဖြိုးမှု၊ နိုင်ငံရေးအနေဖြင့် မည်သို့လုပ်ရမည်၊ မည်ကဲ့သို့ ရင့်ကျက်ရမည်၊ လူအချင်းချင်း မည်ကဲ့သို့ ပေါင်းစည်းနေထိုင်ရမည်ကို ယင်းစာအုပ်များထဲတွင် ပါရှိပြီးဖြစ်ကြောင်း၊ ထိုအချက်များနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေး ရုံးများသည် မြို့နယ်တိုင်းတွင် ရှိပြီးဖြစ်ကြောင်း၊  ယင်းစာအုပ်များလည်း ရှိပါကြောင်း၊  မြို့နယ်တိုင်းရှိ စာကြည့်တိုက်များတွင် နံရံကပ်စာစောင်များ ပြုလုပ်နေရကြောင်း၊ မိမိတို့အနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ အစိုးရအနေဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်နိုင်သည်များကို လုပ်ဆောင်လျက်ရှိပြီး မိမိတို့၏ချို့ယွင်း အားနည်းချက်များလည်း ရှိနိုင်ကြောင်း၊    ယခုနေရာမှနေ၍ ပြည်သူလူထုကို အသိပေးလိုကြောင်း၊ သတင်းထောက်ကြီး ပြောသကဲ့သို့ မှန်ကန်နေပြီး တချို့ကိစ္စများသည် မဖြစ်သင့်ဘဲဖြစ်နေကြောင်း၊  နိုင်ငံရေးရေချိန် အနေဖြင့် မပြည့်မီသေးကြောင်း၊   နည်းပါးသည်၊     ညံ့သည်ဟုမပြောလိုကြောင်း၊ မိမိကိုယ်တိုင်လည်း မပြည့်မီသေးကြောင်း၊ ဒီမိုကရေစီနိုင်ငံကို ထူထောင်ရာတွင် ပညာရေးစနစ်မြင့်မားသည့်၊  အသိပညာမြင့်မားသည့်၊ နိုင်ငံရေးအရ ရင့်ကျက်မှုရှိသည့်  အဖွဲ့အစည်းများ ပေါ်ပေါက်ရန်လိုကြောင်း၊ ယင်းအဖွဲ့အစည်းများ ပေါ်ပေါက်ရန် တစ်ဦးချင်း စိတ်ဓာတ်ကောင်းများ၊ ခံယူချက်ကောင်းများလည်း ရှိရန်လိုကြောင်း၊ ယင်းစိတ်ဓာတ်နှင့် ခံယူချက်များသည် ဖတ်ခြင်း၊  မှတ်ခြင်း၊ နားထောင်ခြင်း၊ လေ့လာသင်ယူခြင်းများ ပြုလုပ်ခြင်းဖြင့်  ရရှိမည်ဖြစ်ကြောင်း၊ ယင်းအချက်များကို လုပ်ဆောင်ရန် မိမိတို့တွင်ရှိသင့်သည့် အရင်းအမြစ်များ ရှိပြီးဖြစ်ကြောင်း၊ ယင်းအရင်းအမြစ်များကို ပြည်သူလူထုအနေဖြင့် အသုံးချကြစေလိုကြောင်း၊ လက်ဆင့်ကမ်းကြရန် မိမိအနေဖြင့် ပြောကြားလိုကြောင်း ပြန်လည် ဖြေကြားသည်။

97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ မိသားစုသို့ လွှဲငွေများကို တရားဝင်ဘဏ်များမှ လွှဲနိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရှိရပါကြောင်း၊ အစည်းအဝေးပြုလုပ်သည်ကိုလည်း သိရှိရကြောင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေ အနေများကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ပြည်ပအလုပ် သမားအေဂျင်စီများမှ တစ်ဆင့် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်ကြသူများကို နိုင်ငံခြားသို့မပို့မီ စည်းရုံး၍ တစ်ဦးချင်း ဘဏ်အကောင့်များ ဖွင့်ပေးရန် စီစဉ်ထားကြောင်း၊  ပူးပေါင်းဆောင်ရွက်နေသည့် အေဂျင်စီများလည်း ရှိကြောင်း၊ မိမိတို့အနေဖြင့် အာမခံချက်ရှိပြီး လုံခြုံစိတ်ချရသော ငွေလွှဲပြောင်းမှုမျိုး ဖြစ်စေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ အေဂျင်စီများကလည်း ပူးပေါင်းဆောင်ရွက်ရန် ပြောလိုကြောင်း၊ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် ကန့်သတ်ထားခြင်းမျိုး မရှိကြောင်း၊ ဘဏ်၌မဖြစ်မနေ လဲရမည်ဟု မဆိုလိုကြောင်း၊ ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူကို လွှဲပြောင်းပေးခြင်း၊ ဘဏ်ကိုရောင်းချခြင်းများ ရှိကြောင်း၊ ဘဏ်သို့ ရောင်းချရာတွင် မကွာသောဈေးနှုန်းဖြင့် ရောင်းချပေးရမည် ဆိုသည်မှာ  ဘဏ်အလိုက်ရှိကြောင်း၊ ယုံကြည်စိတ်ချနိုင်ကြောင်း၊ အေဂျင်စီများအနေဖြင့် မိမိနိုင်ငံသားများဖြစ်သောကြောင့် အကျိုးဆောင်ပေးကြရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်ဟစ်တိုင်  သတင်းစုံ CEO ဦးသက်နိုင်ထွန်းက ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲ အပြီးနှင့် ယခုသတင်းစာ ရှင်းလင်းပွဲကြားတွင် ငွေစက္ကူအတုပြဿနာနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည်ကို   စုံစမ်းသိရှိရကြောင်း၊ ငွေစက္ကူအတုရောင်းဝယ်ခြင်းပြုလုပ်သူများကို တိတိကျကျ ဖော်ထုတ်ဖြိုခွင်းခြင်း မပြုနိုင်ပါက ယင်းငွေစက္ကူ အတုများသည် ပြည်သူလူထုကြားသို့ ရောက်ရှိပြီး မရှိဆင်းရဲသားများ၊ တိုင်းရင်းသားဒေသများရှိ ပြည်သူလူထုများသည် အတုမှန်းအစစ်မှန်းမသိဘဲ    Wave Money ဆိုင်၊ မိသားစုအချင်းချင်း ဘဏ်တွင် ငွေသွားလွှဲခြင်း၊ ဈေးဆိုင်တွင် ဈေးဝယ်ရန် သုံးစွဲမိသည့်အခါမှ အတုမှန်းသိသဖြင့် အဖမ်းခံရနိုင်ကြောင်း၊ ထို့ကြောင့် ငွေစက္ကူအတုရောင်းဝယ်ခြင်းကိစ္စများ ပိုမို၍တွင်ကျယ်မှု မရှိလာစေရန်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် အထူးကြပ်မတ်၍ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငွေစက္ကူ အတုကိစ္စနှင့် ပတ်သက်၍ ယခင်သတင်းစာ ရှင်းလင်းပွဲများတွင် ပြောပြီးဖြစ်ကြောင်း၊ အများအားဖြင့်  လိမ်ညာမှုများဖြစ်ပြီး အမှန်တကယ် ၎င်းတို့တွင် ဘာမှမရှိကြောင်း၊ Online ပေါ်မှငွေလိမ်ညာစားခြင်းဖြစ် ကြောင်း၊ ငွေစက္ကူအတုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မည်ဆိုလျှင် စာရင်း ဇယားများအရ Online ပေါ်တွင် ပျံ့နှံ့နေသည့် နေရာများသည် ၆ ခုခန့်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့များ လိုက်လံစုံစမ်းသော အချိန် တွင် ၅ ခုခန့်သည် အကောင့်အတုများ ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နှင့် ဆက်သွယ်သောအချိန်တွင် Online မှ ငွေမည်မျှလွှဲပေးရန် ပြောပြီး လွှဲပြီးပါက ပြန်လည်ရရှိရန် အကြောင်းမရှိကြောင်း၊ ဗဟိုဘဏ်မှထုတ်သည့် နိုင်ငံတော်လုံခြုံ ရေးဆိုက်အရ ထုတ်သည့်ငွေစက္ကူကို အတုပြုလုပ်ခြင်းသည် အင်မတန် ခဲယဉ်းသော ကိစ္စဖြစ်ကြောင်း၊  ငွေစက္ကူအတုသည် လုံခြုံရေးအရ သိသာကြောင်း၊ ငွေစက္ကူအတု နှင့် ပတ်သက်ပြီးပျံ့နှံ့မှုတွင် ဖမ်းဆီးရမိသော အချိန်၌ အထုပ်အထည်ဖြင့် ဖမ်းဆီးရမိ မှုမရှိကြောင်း၊ အဓိကအားဖြင့် ရောညှပ်သုံးစွဲခြင်း၊ ဘဏ်အပ်ငွေ အထုပ်များထဲတွင် နှစ်ရွက်၊ သုံးရွက် စသည်ဖြင့်တွေ့နိုင်ကြောင်း၊ ပြည်သူလူထုနစ်နာသည်ကို မိမိတို့တွေ့ရကြောင်း၊ ပြည်သူလူထုအနေဖြင့် Online ပေါ်တွင် လုပ်နေခြင်းများသည် အစစ်အမှန် မရှိသည်များသာဖြစ်သည်ကို အသိပေးလိုကြောင်း ပြန်လည်ဖြေကြားသည်။

Queen For Peace News Angency မှ အယ်ဒီတာချုပ် ဒေါ်မျိုးပပဖြိုးဝေလွင် က ကမ်းရိုးတန်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိ မြို့နယ်အတွင်းရှိ ပြည်သူများမှာ ပင်လယ်ရေလုပ်ငန်းနှင့် ဥယျာဉ်တောင်ယာလုပ်ငန်း များလုပ်ကိုင်ကြပြီး အများစုမှာဥယျာဉ်တောင်ယာ လုပ်ငန်း လုပ်ကိုင်ကြသူများဖြစ် ကြောင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ဆီအုန်း၊  ရော်ဘာ၊ ကွမ်းသီး စသည့်သီးနှံများကို အများဆုံး စိုက်ပျိုးကြသူများဖြစ်ကြောင်း၊ အဆိုပါ တောင်သူများ မှာ ရိုးသားစွာကြိုးစား လုပ်ကိုင်နေကြသူများဖြစ်ကြပြီး မိမိတို့မိဘများ၏ အမွေသော် လည်းကောင်း၊ မိမိ၏မြေယာသော်လည်းကောင်း၊  မြေလွတ်မြေရိုင်းများပေါ်၌ လည်းကောင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြသူများဖြစ်ကြောင်း၊ သို့သော် အဆိုပါ ဥယျာဉ်ခြံစိုက်တောင်သူများမှာ ယနေ့အချိန်အထိ ၎င်းတို့၏ပိုင်ဆိုင်မှု အထောက် အထားအနေဖြင့် မြေဂရန်များ လုံးဝရရှိခြင်း မရှိသေးကြောင်း၊ ရရှိသူများမှာလည်း လူနည်းစုသာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများကို တင်ပြလျှောက်ထားသော်လည်း ထူးခြားမှု မရှိသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် မြေဂရန်မရရှိသေးသဖြင့် အခက်အခဲများ တွေ့ကြုံနေရ သည့် ပြည်သူများအတွက် မည်ကဲ့သို့ကူညီ ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုမေးမြန်းသည့်  မေးခွန်းနှင့်ပတ်သက်၍  ယခုသတင်းစာ ရှင်းလင်းပွဲတွင်  မိမိဖြေကြားနိုင်သည့်  မြေလွတ်မြေရိုင်းနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို ဖြေကြားပေးမည်ဖြစ်ကြောင်း၊  တချို့သောနေရာများတွင် လုပ်ထုံးလုပ်နည်းများအရ မှန်ကန်သော်လည်း မြေပြင်တွင် အခက်အခဲများ  ကြုံတွေ့နေရသည့် အခြေအနေများရှိသည်ကို တွေ့ရကြောင်း၊ ၎င်းတို့တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများထံ တစ်ပါတည်း တင်ပြပေးလိုက်စေလိုကြောင်း၊  ၂၀၁၈  ခုနှစ်၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ပုဒ်မ ၂၂၊  ပုဒ်မခွဲ(ခ)အရ ရယူလုပ်ကိုင် အသုံးပြုလျက်ရှိသည့် မြေလွတ်မြေရိုင်းဧရိယာနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍  မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို  ပြင်ဆင်ပြဋ္ဌာန်းသည့်နေ့မှ စ၍  သတ်မှတ်ချက်များနှင့်အညီ  ဗဟိုကော်မတီထံ  သက်ဆိုင်ရာ ကော်မတီများမှတစ်ဆင့် လျှောက်ထားရမည် ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မြေစာရင်းဦးစီးဌာန၏ ပြောပြချက်များအရ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် လုပ်ပိုင်ခွင့်လျှောက်လွှာပုံစံ(၁) ၄၈၅  စောင်ကို အခမဲ့ဖြန့်ဝေပေးထားသည်ဟု သိရကြောင်း၊ အဆိုပါလျှောက်လွှာပုံစံ(၁)ဖြင့် တိုင်းဒေသကြီး မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးကော်မတီထံ လျှောက်ထားသူ ၄၈၅  ဦး ရှိသည်ဟုသိရကြောင်း၊ မြေဧရိယာအနေဖြင့် ၁၂၆၃၂  ဧကရှိသည်ဟုလည်း သိရ ကြောင်း၊ တောင်သူ ၄၀ ဦး၏ မြေဧရိယာ ၃၉၇ ဒသမ ၄၅  ဧကကို မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ပြုသည်ဟု သိရကြောင်း၊ ကျန်ရှိသည့်ပုံစံ(၁)ဖြင့် လျှောက်ထားသူ ၄၄၅  ဦး၊ မြေဧရိယာ ၁၂၂၃၅  ဧကနှင့် ပတ်သက်၍ ကန့်ကွက်လွှာခေါ်ယူခြင်း၊ လျှောက်ထား သည့်နေရာများကို မြေပြင်ကွင်းဆင်း စိစစ်ခြင်းနှင့် မြေပုံရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည်ဟု သိရကြောင်း၊ ထပ်မံလျှောက်ထားလာသည့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့် မြေဧရိယာဧက ၃၀၀ နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့် မြေ ဧရိယာ ဧက ၅၀ တို့ကိုလည်း စနစ်တကျ စိစစ်ခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေး နေသည်ဟုလည်း   ပြောထားကြောင်း၊ မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများ၏ လုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း နှစ်ရှည်ပင် စိုက်ပျိုးမြေဖြစ်ပါက ၇ နှစ်၊ ဥယျာဉ်သီးနှံစိုက်ပျိုးမြေဖြစ်ပါက ၅ နှစ်၊ ရာသီသီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံ ဖြစ်ပါက ၄ နှစ်ဟုသတ်မှတ်ပေးထားကြောင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူများ အတွက်လည်း ကုန်ကျစရိတ်များကိုလည်း သတ်မှတ်ပေးထားသည်ဟု သိရကြောင်း၊ မိမိအနေဖြင့် ယခုပြန်လည်ဖြေကြားခဲ့သည့် အချက်အလက်များကို အယ်ဒီတာချုပ်ကြီး မေးခွန်းကြိုတင် မေးမြန်းစဉ်ကပင် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနထံမှ တောင်းယူထားသည့် အချက်အလက်များဖြစ်ကြောင်း၊ မြေပြင်အခြေအနေများနှင့် ကွဲလွဲလျှင်လည်း ကွဲလွဲနိုင်ကြောင်း၊ မိမိဖြေကြားခဲ့သည့် အချက်အလက်များနှင့် မြေပြင်အခြေအနေ ကွဲလွဲသည့်အချက်များ ရှိပါက ယခု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူထံ ပေးခဲ့စေလိုကြောင်း၊ ၎င်းတို့ကဆက်လက် ဆောင်ရွက်ပေးလိမ့်မည် ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မရှင်းလင်းသည့် အချက်များရှိပါက သက်ဆိုင်ရာမြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနထံ မေးမြန်းနိုင်သည်ဟုလည်း ပြောထားကြောင်း၊ ပုံစံ(၁)ဖြင့်   လျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း  မြေလွတ်မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေများနှင့်အညီ ဆက်လက်စိစစ်ဆောင်ရွက် ပေးသွားမည်ဟု ပြောထားကြောင်း၊ အမှန်တကယ်မြေပြင်တွင်ဖြစ်နေသည့်  အခြေအနေများကို တိုက်ဆိုင်စစ်ဆေးနိုင်ရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ ပေးခဲ့စေလိုကြောင်း ပြန်လည်ဖြေကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာ ဦးကိုကိုကြီးက ကယားပြည်နယ်၊ မိုးဗြဲဒေသ၌  ကရင်နီလက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF များပူးပေါင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေး တာဝါတိုင်များကို ဖျက်ဆီး ခြင်းများ လုပ်ဆောင်နေသည်ဟု ကြားသိနေရကြောင်း၊ အဆိုပါသောင်းကျန်းသူများ၏ ပစ်ခတ်မှုများကြောင့် ရှေးဟောင်းဘုရားများနှင့်   နေအိမ်များ ပျက်စီးခြင်းများ ဖြစ်ပွားနေသည်ဟုလည်း မီဒီယာများက ဖော်ပြနေသည်ကိုတွေ့ရကြောင်း၊ မိုးဗြဲဒေသ၏ တည်ငြိမ်အေးချမ်းမှု အခြေအနေကို သိလိုကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အကြမ်းဖက်သောင်းကျန်းသူများက Drone များကို အသုံးပြု၍ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းများကိုလည်း တိုက်ခိုက်နေကြသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့  Drone ဖြင့် တိုက်ခိုက်နေမှုများကို မည်ကဲ့သို့ကာကွယ်ပေးမည်ကို သိလိုကြောင်း၊ ထို့ပြင် Drone များ သယ်ဆောင်လာသူများကို ထိရောက်စွာ ဟန့်တားနိုင်မည့် ပြစ်ဒဏ်များချမှတ်ရန် လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ အခြားမေးခွန်းတစ်ခု အနေဖြင့် M-Tubeကို  မည်သည့်အချိန်တွင် စတင် အသုံးပြုမည်ကို သိလိုကြောင်း၊ ၁၉-၉-၂၀၂၂ ရက်နေ့က နိုင်ငံပိုင် သတင်းစာများတွင်  MTube ၏ Trademark ကိုကြေညာထားသည်ကို တွေ့ရကြောင်း၊  ထို့ကြောင့်  မည်သည့်အဆင့်အထိ ရောက်နေပြီနှင့် မည်သည့်အချိန်တွင် စတင်အသုံးပြုနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကယားပြည်နယ် အတွင်းရှိ  မိုးဗြဲဒေသနှင့် အောက်ဘက်မှ ဖယ်ခုံဒေသများအပါအဝင် ဒေသအချို့၌ ငြိမ်းချမ်းမှုမရှိသေးကြောင်း၊ လွိုင်ကော်ဒေသမှာမူ ယခင်ကမြို့ပေါ်တွင်ပင်လျှင် လူမရှိသည့် အခြေအနေမှ ယခုနောက်ပိုင်းတွင်ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီဖြစ်ကြောင်း၊ သို့သော် အောက်ပိုင်းတွင်ရှိနေသည့် ဖယ်ခုံကဲ့သို့သော နေရာများတွင်မူ လာရောက်ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ KNPP နှင့်ပတ်သက်ပါက ထိုအဖွဲ့အစည်းအနေဖြင့် ယခင်ကတည်းကပင် မြို့ပေါ်မှထွက်ပြေး တိမ်းရှောင်သွားသည့် လူငယ်၊ လူရွယ်များကို လက်ခံ၍ အကြမ်းဖက်လုပ်ရပ်များကို  သင်ကြားပေးနေသည့် အဓိကအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် လိုအပ်သည့်လုံခြုံရေး ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု ပြောလိုကြောင်း၊ Drone များနှင့် ပတ်သက်ပါက  မိမိတို့အနေဖြင့် သက်ဆိုင်ရာ အရေးကြီးသည့်နေရာများနှင့် လူနေအဆောက်အအုံများကို Anti-Drone Gun များ တပ်ဆင်ပေးလျက်ရှိကြောင်း၊  အားလုံးအပြည့်အစုံ တပ်ဆင်နိုင်ခြင်း မရှိသေးကြောင်း၊ Drone များမှာလည်း ရိုးရိုးပစ်ချ၍ရသည့် Drone များမဟုတ်ဘဲ Anti Drone Gun နှင့်သာပစ်ချနိုင်သည့် Drone များဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုကိစ္စများကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်ဟုသာ  ပြောလိုကြောင်း၊ M-Tube ကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက လုပ်ဆောင်နေဆဲ လုပ်ငန်းတစ်ခုအဆင့်တွင်သာ ရှိသေးကြောင်း၊  မှတ်ပုံတင်ထားပြီး လုပ်ငန်းစဉ်များစွာ  ကျန်ရှိနေသေးကြောင်း၊ တိုးချဲ့လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် လက်တွေ့အသုံးပြုရမည့် လုပ်ငန်းများရှိသေးကြောင်း၊ လက်တွေ့အသုံးပြုနေသည့် လူမှုကွန်ရက် စာမျက်နှာများနှင့်  Website များပင်လျှင် အသုံးပြုနေရင်းဖြင့် ၎င်းတို့၏လိုအပ်ချက်များကို ထပ်မံဖြည့်စွက်နေရကြောင်း၊ M-Tube ၏ လက်ရှိအခြေအနေ စမ်းသပ်ဆဲအဆင့်တွင် သာရှိသေးသည်ဟု ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

နေပြည်တော်အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာချုပ် ဦးမင်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ပြည်တွင်းမီဒီယာများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အစီအစဉ်ဆွဲ၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နှစ်ကြိမ်အထိ ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ဆက်လက်ထိုးနှံပေးခြင်း မရှိသဖြင့်  ဆက်လက်ထိုးနှံပေးရန်  အစီအစဉ်ရှိ၊ မရှိသိလိုကြောင်းနှင့်  ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင်သတင်း ထုတ်ပြန်ချက်များအရ  စက်တင်ဘာလ ဒုတိယပတ်တွင်   ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ ထိုကဲ့သို့   မြင့်တက်လာမှုအပေါ်  ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် အစိုးရအနေဖြင့် ကာကွယ်ဆေးများ လုံလောက်စွာကြိုတင် ပြင်ဆင်ပြီးဖြစ်၊ မဖြစ်သိလိုကြောင်း၊ မည်သည့်အတိုင်းအတာအထိ  ပြင်ဆင်ပြီးဖြစ်သည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍  ကာကွယ်ဆေး ဝယ်ယူခြင်းနှင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေသည့် အခြေအနေများကို ယခင်သတင်းစာရှင်းလင်းပွဲများတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်  တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန်အတွက် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ Myancopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လစဉ်တွက်ချက်၍ ထုတ်လုပ်လျက်ရှိကြောင်း၊  ဝယ်ယူထားပြီးရောက်ရှိရန်ကျန်နေသည့် ကာကွယ်ဆေးများလည်း ရှိပါကြောင်း၊ ကာကွယ်ဆေးလုံလောက်မှု ရှိသည်ဟု ပြောလိုကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေနှင့် ကာကွယ်ဆေး လုံလောက်မှု အခြေအနေ အသေးစိတ်ကို  ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးက ရှင်းလင်း ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ  ဒေါက်တာ သန်းနိုင်စိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိမှု အခြေအနေဖြင့် ဝန်ကြီးဌာနအနေ ဖြင့် ရရှိမှု ၈၁ ဒသမ ၄၉ သန်းကျော် ရရှိပြီးဖြစ်ကြောင်း၊  တစ်နိုင်ငံလုံးအနေဖြင့် တပ်မတော်နှင့် ပုဂ္ဂလိကကဏ္ဍမှ ကာကွယ်ဆေးများကိုပါ ထည့်တွက်မည်ဆိုပါက စုစုပေါင်း ၈၃ ဒသမ ၁၂ သန်းကျော်   Dose   ရရှိပြီးဖြစ်ကြောင်း၊  ထိုကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း၊ ထိုသို့ထိုးနှံပေးရာတွင် အသက် ၅ နှစ်မှ ၁၈ နှစ်အရွယ်အထိ  အကျုံးဝင်သူများ အားလုံးကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးလျက်ရှိကြောင်း၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ်အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး၍ ၆ လပြည့်ပြီးချိန်တွင်  ထပ်ဆောင်းကာကွယ် ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း၊ ထို့ပြင်  အသက်  ၁၈  နှစ်ပြည့်ပြီးသူ အားလုံးကိုလည်း အကြိမ်ပြည့် ထိုးပေးလျက်ရှိသည့်အပြင် အကြိမ်ပြည့်ထိုးနှံပြီးစီး၍ ၆ လပြည့်သည့်အချိန်တွင် ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးသည့်အပြင် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီး၍ နောက်ထပ် ၆ လပြည့်သည့်အချိန်တွင်လည်း အပိုထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံပေးလျက်ရှိကြောင်း၊ မိမိတို့တွင် ကာကွယ်ဆေးလက်ကျန်ပမာဏ သန်းနှင့်ချီ၍ ကျန်ရှိနေသေးကြောင်း၊  မကြာမီရောက်ရှိလာမည့်  ကာကွယ်ဆေးအရေအတွက်မှာ လည်း သန်းပေါင်းများစွာရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံမှုအပေါ်  စိတ်ပူရန်မလိုဘဲ လာရောက်ထိုးနှံကြရန် အလွန်အရေးကြီးပါကြောင်း၊ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသည့်အုပ်စုများတွင်သာ ရောဂါဖြစ်ပွားမှုနှင့် ရောဂါပြင်းထန်မှုကို တွေ့မြင်နေရကြောင်း၊ ကာကွယ်ဆေးထိုးနှံထားသည့် အုပ်စုများနှင့် Booster ဆေးထိုးနှံထားသည့် အုပ်စုများတွင်  ရောဂါဖြစ်ပွားမှု နည်းပါးသကဲ့သို့  ရောဂါပြင်းထန်ခြင်းနှင့် သေဆုံးမှုအခြေအနေ  အင်မတန်နည်းပါးကြောင်းကိုလည်း  တင်ပြအသိပေးပြီးဖြစ် ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံကြရန်နှင့်   ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုများကိုလည်း မဖြစ်မနေ ထိုးနှံကြရန်  အလွန်အရေးကြီးပါကြောင်း၊ ထို့အတွက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဒေသန္တရကျန်းမာရေးဌာနများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများကို အခြေပြု၍ ကာကွယ်ဆေးထိုး စုရပ်များဖွင့်လှစ်ထားပါကြောင်း၊ ထို့ပြင် လူစုလူဝေးရှိသည့် ဘိုးဘွားရိပ်သာများ၊ လူအများစုဝေးမှုရှိသည့် နေရာများနှင့် အားကစားသမားများ လေ့ကျင့်သည့် နေရာများတွင် ရွေ့လျားကာကွယ်ဆေး ထိုးစုရပ်များအဖြစ်  လိုက်လံထိုးနှံပေးလျက် ရှိ ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးထိုးစုရပ်များ၊  နီးစပ်ရာကျန်းမာရေး ဌာနများအပြင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို  မပျက်မကွက်ခံယူကြရန်   ထပ်မံပြောကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။    ။

မြဝတီ