တိုက်စစ်ကစားသမား မက်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း ပီအက်စ်ဂျီအသင်းဝင်ငွေ သိသိသာသာတိုးမြင့်လာပြီး စတာလင်ပေါင် သန်း ၆၁၀ အထိရရှိထား

ပီအက်စ်ဂျီအသင်းသို့ တိုက်စစ်ကစားသမားမက်ဆီရောက်ရှိလာပြီး နောက်ပိုင်းတွင်   အသင်းဝင်ငွေမှာ သိသိသာသာတိုးမြင့်လာပြီး  စတာလင်ပေါင်  သန်း ၆၁၀ အထိ ရရှိထားကြောင်း သိရသည်။

အသက်  ၃၆  နှစ်အရွယ်  မက်ဆီသည်  ၂၀၂၁ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက   ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်  ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး  အသင်းနှင့်   ပြီးခဲ့သည့်ဘောလုံးရာသီက ၁၀ ဂိုးသာသွင်းယူနိုင်ခဲ့ကာ ရုန်းကန်ခဲ့ရသော်လည်း ပီအက်စ်ဂျီ အသင်းအနေဖြင့်  မက်ဆီ၏ပုံရိပ်ကြောင့်  အသင်းဝင်ငွေသိသိသာသာ မြင့်တက်ခဲ့သည်။

ပီအက်စ်ဂျီအသင်း၏     စပွန်ဆာတန်ကြေးမှာ စတာလင်ပေါင် ၃ ဒသမ ၆ သန်းမှ ၆ ဒသမ ၉ သန်းအထိ တိုးမြင့်လာပြီး   ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းဝင်ငွေမှာ စတာလင်ပေါင် သန်း ၆၁၀ အထိ တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသို့ မက်ဆီ ပြောင်းရွှေ့ကစားခဲ့ ပြီးနောက် ပီအက်စ်ဂျီအသင်းအနေဖြင့်  စပွန်ဆာ ကုမ္ပဏီအများစုထံမှ   စပွန်ဆာစာချုပ်များရရှိခဲ့ သည့်အပြင် ၎င်းအမည်ပါ ဂျာစီရောင်းချရမှုမှာလည်း အသင်းသမိုင်း တစ်လျှောက် စံချိန်တင်ရောင်းချခဲ့ရပြီး ပီအက်စ်ဂျီအသင်းက   ဂျာစီရောင်းချရမှုမှ  ၆၀ ရာခိုင်နှုန်းမှာ မက်ဆီအမည်ပါဂျာစီများကို ရောင်းချခဲ့ရခြင်းဖြစ်ကာ ဂျာစီရောင်းချရမှုမှလည်း ဝင်ငွေသိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။

ပီအက်စ်ဂျီအသင်းသို့ မက်ဆီပြောင်းရွှေ့လာခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်း၏ လူမှုကွန်ရက်စာမျက်နှာ တွင်လည်း ပရိသတ်စိတ်ဝင်စားမှုများစွာ မြင့်တက်လာပြီး ပရိသတ်ဦးရေ ၁၅ သန်းအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယခုဘောလုံးရာသီတွင် မက်ဆီအနေဖြင့်  ပုံစံကောင်းပြန်လည်ပြသလျက်ရှိပြီး   ရှစ်ပွဲကစားရာ   လေးဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

Ref;L'Equipe