၀န်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၂၃ ရက်က စမ်းချောင်းမြို့နယ် ပဒုမ္မာဝူရှူးလေ့ကျင့်ရေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊အားကစားနှင့်   ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊  ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့်  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်   အမျိုးသားချန်းချွမ်(အလွတ်တန်း)ပြိုင်ပွဲ၊ အမျိုးသမီးကျန့်စု (အလွတ်တန်း)ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီးနန်းချွမ် ၁၂ နှစ်အောက် (လူသစ်တန်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးပညာရေးမှူးတို့ကလည်းကောင်း၊အမျိုးသမီးထိုက်ချိချွမ် ၁၂ နှစ်အထက်(လူသစ်တန်း)ပြိုင်ပွဲ၊ အမျိုးသားလှံရှည်(လူဟောင်းတန်း)ပြိုင်ပွဲနှင့်  အမျိုးသားချန်းချွမ်(အလွတ်တန်း)  ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား  ရန်ကုန်တိုင်းဒေသကြီး   အားကစားနှင့်  ကာယပညာကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးဥပဒေချုပ်  ဦးဌေးအောင်၊  ရန်ကုန်မြို့တော်ဝန်  ဦးဗိုလ်ဌေး၊   လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်တို့ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသမီးကျန့်စု(အလွတ်တန်း)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပြိုင်ပွဲများတွင် ရွှေ ၁၁ ခု၊ ငွေ ၁၀ ခု၊ ကြေး ၉ ခုဆွတ်ခူးရရှိသော မရမ်းကုန်းမြို့နယ်    အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုကိုနှင့် အားကစားသမားများအား    တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြိုင်ပွဲဝင်အားကစားသမားများနှင့်  ကြည့်ရှုအားပေးကြသည့် ကျောင်းသား၊  ကျောင်းသူများအတွက်  ငွေကျပ်တစ်ဆယ့်ခြောက်သိန်းငါးသောင်း ပေးအပ်ကာ အသက် အငယ်ဆုံး အားကစားသမားဖြစ်သော မရမ်းကုန်းမြို့နယ်မှ မသက်ထားစံအား    ဂုဏ်ပြုငွေထပ်ဆောင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။            

ဝန်းရံခ