ကမ္ဘာလုံးဆိုင်ရာ အစားအစာဖူလုံရေးအတွက် အရေးတယူကြိုးပမ်းဖြေရှင်းကြရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

ကမ္ဘာလုံးဆိုင်ရာ အစားအစာဖူလုံရေးအတွက် အရေးတယူကြိုးပမ်းဖြေရှင်းကြရန် ကမ္ဘာ့ခေါင်းဆောင်များက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တောင်းဆိုလိုက်သည်။ ကမ္ဘာ့နိုင်ငံတချို့၌ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမှုကြောင့် လာမည့် ကောက်ပဲသီးနှံရိတ်သိမ်းချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အစားအစာရှားပါးမှုကို  အရေးတယူဖြေရှင်းကြရန်  ဥရောပသမဂ္ဂ၊ အမေရိကန်၊ အာဖရိကသမဂ္ဂနှင့် စပိန်နိုင်ငံတို့မှ ဝန်ကြီးများက ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဘေးပန်းဆွေးနွေးပွဲတစ်ခု၌  တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံတချို့၌   ဖြစ်ပွားနေသည့် တည်ငြိမ်မှုပျက်ပြားခြင်းနှင့် ပဋိပက္ခများသည် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံရေးအတွက် အဟန့်အတားဖြစ်စေသည့်  အစားအစာရှားပါးမှုကိုဖြစ်ပေါ်စေသော    အဓိကအကြောင်းရင်း တစ်ရပ်အဖြစ်  ကမ္ဘာ့နိုင်ငံများက ရှုမြင်လျက်ရှိသည်။

အစားအစာရှားပါးမှုကို   ကိုင်တွယ်ဖြေရှင်းရန်   စက်မှုဖွံ့ဖြိုးပြီးခုနစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ထောက်ပံ့ပေးမည်ဟု  ဂျာမနီနိုင်ငံ၌  ယခုနှစ် ဇွန်လအတွင်းကကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတွင် ကတိကဝတ်ပြုထားသည်။ သို့ရာတွင် အစားအစာဖူလုံရေးအတွက် အရေးတယူလုပ်ဆောင်ကြရန် လိုအပ်နေဆဲဖြစ်သည်ဟု ဂျာမနီနိုင်ငံကဆိုသည်။ လက်နက်ကိုင်ပဋိပက္ခများသည်   အစားအစာရှားပါးမှုကို ဖြစ်ပေါ်စေပြီး   စားနပ်ရိက္ခာဖူလုံရေးအတွက် အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိသည်။

ထို့ကြောင့်     အမေရိကန်အနေဖြင့် အစားအစာဖူလုံရေးအတွက် အကူအညီပေးအပ်မည့်     အစီအစဉ် အသစ်များကို သမ္မတဂျိုးဘိုင်ဒင်က မကြာမီထုတ်ပြန်မည်ဖြစ်သည်။ ထို့ပြင် အစားအစာရှားပါးမှုကို ဆိုးရွားစွာ ရင်ဆိုင်နေရသည့် အာဖရိကတိုက်ရှိ ဒေသများသို့ ဂျုံတင်ပို့နိုင်ရေးအတွက် ပြင်သစ်နိုင်ငံက ငွေကြေးထောက်ပံ့မည် ဖြစ်သည်။ အထူးသဖြင့် ဆိုမာလီယာနိုင်ငံသည် ဂျုံပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည်။

နိုင်ငံအတွက် လိုအပ်နေသည့်ဂျုံကို လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့်နိုင်ငံတချို့မှ အဓိက တင်သွင်းနေရခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံသည်     ကမ္ဘာပေါ်၌ ဂျုံအများဆုံးတင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့်   ဂျုံဈေးနှုန်း  အဆမတန်မြင့်တက်လာသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသည့် ဓာတ်မြေသြဇာထောက်ပံ့မှုရပ်ဆိုင်းခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ကောက်ပဲသီးနှံ စိုက်ပျိုးရေးအတွက် ဆိုးရွားစွာသက်ရောက်လာနိုင်ကြောင်း    ကျွမ်းကျင်သူများက သတိပေး ထားသည်။  နိုင်ငံတချို့၌  ဖြစ်ပွားနေသည့်ပဋိပက္ခများသည် အစားအစာတင်ပို့မှုနှင့်ထောက်ပံ့မှုကို   ရပ်ဆိုင်း စေခဲ့သည့်အပြင်  လာမည့်နှစ်အတွက် စိုက်ပျိုးရေးကဏ္ဍအပေါ် ဆိုးရွားစွာ သက်ရောက်စေခဲ့ကြောင်း၊ အဆိုပါ သက်ရောက်မှုများသည်    နိုင်ငံအများအပြား၌   ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့်   ဖြစ်ပွားခဲ့သည့် အကျိုးဆက်ထက်    ပိုမိုဆိုးရွားလာနိုင်ကြောင်း  နိုင်ငံတကာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်မည့် အယ်လ်ဗာရိုလာ ရီယိုက သတိပေးထားသည်။

ထို့ကြောင့်    အစားအစာဖူလုံရေးကို ရေတိုအစီအစဉ်ဖြင့်  လုပ်ဆောင်၍မရနိုင်သောကြောင့် ကမ္ဘာ့နိုင်ငံများ အနေဖြင့် ရေရှည်စီမံကိန်းများချမှတ်၍ လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက်    အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ   လိုအပ်မည်ဖြစ်သည်။ သို့မှသာ အစားအစာထောက်ပံ့ရေး ကွင်းဆက်၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး ပြောင်းလဲလာသည့် ရာသီဥတုနှင့်လည်း ကိုက်ညီအောင် အလိုက်သင့်ပြောင်းလဲနိုင်မည်ဖြစ်သည်။  ကမ္ဘာ့နိုင်ငံများသည်  အစားအစာဖူလုံရေးအတွက် မည်သို့မည်ပုံကိုင်တွယ် ရမည်ကို နားလည် သဘောပေါက်ထားပြီး   လုပ်ဆောင်နိုင်သည့် အဖွဲ့အစည်းများ ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ငွေကြေးအကုန်အကျခံသုံးစွဲမှုနှင့်စပ်လျဉ်း၍ နိုင်ငံအများအပြားက လုပ်ဆောင်ရန်    နိုင်ငံရေးဆန္ဒမရှိဘဲ တွန့်ဆုတ်နေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အစားအစာရှားပါးမှုနှင့်  ရင်ဆိုင်နေရသည့်လူဦးရေမှာ ၂၀၂၁ ခုနှစ်အတွင်းမှာပင်  သန်း  ၈၀၀  ခန့်ရှိပြီး   ယင်းပမာဏသည် ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု   ယူနီဆက်ဖ်အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများက ယခုနှစ်ဇူလိုင်လအတွင်း     ထုတ်ပြန်ထားသည်။

အစားအစာရှားပါးမှုနှင့်  ရင်ဆိုင်နေရသူဦးရေသည်  ၂၀၂၀  ပြည့်နှစ်ကဦးရေနှင့်နှိုင်းယှဉ်ပါက  ၄၆  သန်း  ပိုမိုမြင့်တက်လာခဲ့သည်ဟုဆိုနိုင်သည်။

ရာသီဥတုပြောင်းလဲလာမှု၊ ပဋိပက္ခများ ဖြစ်ပွားမှု၊  စီးပွားရေးကျဆင်းမှုနှင့် အစားအစာဈေးနှုန်း   မြင့်တက်လာမှုတို့သည် ကမ္ဘာ့နိုင်ငံအများအပြား၊   အထူးသဖြင့်    အာဖရိကဒေသရှိ  နိုင်ငံအများအပြားတွင် အစားအစာရှားပါးမှုကို  ဖြစ်ပေါ်စေသည့် အကြောင်းရင်းများဖြစ်လာသည်။  ထို့ပြင်   အစားအစာဈေးနှုန်းများ  မြင့်တက်လာခြင်းသည် အရှေ့အာဖရိကဒေသရှိ သန်းပေါင်းများစွာသောပြည်သူများအား   ငတ်မွတ်မှုနှင့် ရင်ဆိုင်ရစေရန်  တွန်းပို့လျက်ရှိသည်။ အလားတူ တစ်ကျော့ပြန်ဖြစ်ပွားလာသည့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ ကာလရှည်ကြာမိုးခေါင်မှုတို့သည် လက်ရှိအစားအစာရှားပါးမှုနှင့် ရင်ဆိုင်နေရသောနိုင်ငံများအား    ပိုမိုဆိုးရွားသည့်အခြေအနေများနှင့် တွေ့ကြုံစေနိုင်သောကြောင့် စားနပ်ရိက္ခာဖူလုံရေးအတွက်    ကြိုးပမ်းလုပ်ဆောင်ကြရန် ကမ္ဘာ့ခေါင်းဆောင်များက  တိုက်တွန်းနေခြင်းဖြစ်ကြောင်း  ရေးသား တင်ပြလိုက်ရပါသည်။

 Ref: Reliefweb, ST