နှစ်နိုင်ငံဆက်ဆံရေးအတွက် အပြုသဘောဆောင်သည့် ရလဒ်များကို ထွက်ပေါ်စေသော အမေရိကန်-တရုတ်တွေ့ဆုံပွဲ

အမေရိကန်    နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့နှစ်ဦးသည် နယူးယောက်မြို့၌ စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးကြသည်။   ၎င်းတို့နှစ်ဦးသည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဘေးပန်းတွေ့ဆုံပွဲ၌ တွေ့ဆုံကြခြင်း ဖြစ်သည်။

အထူးသဖြင့် အမေရိကန်နှင့် တရုတ်တို့ကြား တရုတ်(တိုင်ပေ)အရေးနှင့် စပ်လျဉ်း၍ ဆက်ဆံရေးတင်းမာနေစဉ် ထွက်ပေါ်လာသည့်     နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ တွေ့ဆုံပွဲကို  နိုင်ငံအများအပြားက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။   အဘယ်ကြောင့်ဆိုသော်   အမေရိကန်အနေဖြင့် တရုတ်(တိုင်ပေ)ကို   အကာအကွယ်ပေးမည်ဟု သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် ဖြစ်သည်။

အမေရိကန်နှင့် တရုတ်တို့၏ဆက်ဆံရေးသည် လက်ရှိတွင် ကြီးမားသောခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရပြီး အမေရိကန်အစိုးရအနေဖြင့် သင်ယူစရာသင်ခန်းစာများရှိနေသေးကြောင်း ဝမ်ယီက ဘလင်ကန်နှင့်တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်(တိုင်ပေ) အရေးသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားဖြစ်ပြီး တရုတ်နှင့်အမေရိကန်တို့ကြား ပူးတွဲချမှတ်ထားသော    သဘောထားကြေညာချက်သုံးရပ်ရှိသည့်အပြင် လက်ရှိ အမေရိကန်အစိုးရအနေဖြင့် တရုတ်(တိုင်ပေ) ခွဲထွက်ရေးကို ထောက်ခံခြင်းမရှိဟု အကြိမ်ကြိမ်ဖော်ပြထားပြီးဖြစ်ကြောင်း     ဝမ်ယီကဆက်လက်ပြောကြားသည်။   ထို့ကြောင့်  လက်ရှိ အမေရိကန်က လုပ်ဆောင်နေသည့်  ဆောင်ရွက်ချက်များသည် လမ်းကြောင်း လွဲနေသည်ဟု တရုတ်က ရှုမြင်နေသည်။

ထို့ပြင် အမေရိကန်အစိုးရသည် တရုတ်(တိုင်ပေ)အရေးကိုအကြောင်းပြု၍ တရုတ်နိုင်ငံကို ထိန်းချုပ်ခြင်း နည်းလမ်းဖြင့် တရုတ်နိုင်ငံ၏   အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပေါင်းစည်းမှုကို    လျော့ပါးစေရန်  ကြိုးပမ်းလျက်ရှိရာ  အမေရိကန်၏လုပ်ဆောင်ချက်များသည်   မှားယွင်းနေပြီး အန္တရာယ်ဖြစ်ပေါ် စေလျက်ရှိသည်ဟု     တရုတ်က ယုံကြည်နေသည်။

ထို့ကြောင့်    အမေရိကန်အစိုးရအနေဖြင့်  တရုတ်နှင့်  ပူးတွဲချမှတ်ထားသည့် ကြေညာချက်များနှင့်   တရုတ်တစ်နိုင်ငံည်းမူဝါဒကိုလိုက်နာပြီး တရုတ်(တိုင်ပေ)၏ ခွဲထွက်ရေးလှုပ်ရှားမှုများကို ဆန့်ကျင်သင့်သည်ဟု တရုတ်ကဆိုသည်။

အလားတူပင်     အမေရိကန်-တရုတ်ဆက်ဆံရေးသည် လတ်တလော ခက်ခဲသည့်ကာလနှင့်   ရင်ဆိုင်နေရပြီး  နှစ်နိုင်ငံဆက်ဆံရေး နေရာမှန်သို့ ပြန်လည်ရောက်ရှိရေးသည် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံစလုံး၏     အကျိုးစီးပွားပင်ဖြစ်ကြောင်း ဘလင်ကန်က    တုံ့ပြန်ပြောကြားထားသည်။ 

ထို့ပြင်  အမေရိကန်အစိုးရအနေဖြင့် စစ်အေးတိုက်ပွဲသစ်တစ်ရပ်ကို   မလိုလားကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ပြောင်းလဲပစ်ခြင်းမရှိဘဲ တရုတ်(တိုင်ပေ)ခွဲထွက်ရေးကို ထောက်ခံခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်နှင့် တရုတ်တို့ကြား ယခုကျင်းပသည့်တွေ့ဆုံပွဲသည် အင်ဒိုနီးရှားနိုင်ငံ၌  ယခုနှစ်  ဇူလိုင်လတွင် တွေ့ဆုံပြီးနောက်  ပြန်လည်တွေ့ဆုံခြင်းလည်းဖြစ်သည်။ သြဂုတ်လအတွင်း အမေရိကန်အောက် လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုဆီ၏  တရုတ်(တိုင်ပေ)ခရီးစဉ် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည့်အပြင် ယင်းခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက   တရုတ်(တိုင်ပေ)အပေါ်  ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ 

ထို့ပြင်  တရုတ်(တိုင်ပေ)အနီး၌လည်း စစ်ရေးလေ့ကျင့်မှုများကိုပါ  လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

သို့သော် ဘလင်ကန်နှင့် ဝမ်ယီတို့နှစ်ဦးကြား ယခုကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌ အမေရိကန် အစိုးရအနေဖြင့် တရုတ်နှင့်   အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။   ဘလင်ကန်သည် အမေရိကန် အစိုးရအဆက်ဆက်က  အသိအမှတ်ပြုထားသည့်အချက်ကို ထပ်လောင်းအတည်ပြုခဲ့သဖြင့် နန်စီပီလိုဆီ၏ ခရီးစဉ်ကြောင့် တင်းမာခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ယခုကျင်းပသော တွေ့ဆုံပွဲသည် အပြုသဘောဆောင်သည့် ရလဒ်များကို ထွက်ပေါ်စေသည်ဟု ဆိုနိုင်သည်။

Ref: Cgtn, ST