တောင်ကိုရီးယား၌ တစ်ခါသုံးခွက်များအသုံးမပြုရေး အကောင်အထည်ဖော်မှုကို ဒီဇင်ဘာလတွင် စတင်စမ်းသပ်မည်

တောင်ကိုရီးယားနိုင်ငံ၌ တစ်ခါသုံးခွက်များ အသုံးမပြုရေး အကောင်အထည်ဖော်မှုကို ဒီဇင်ဘာလတွင် စတင်စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စမ်းသပ်အကောင်အထည်ဖော်မှုကို ခရီးသွားများ အများဆုံးလာရောက်လေ့ရှိသော  ဂျယ်ဂျူးနှင့် ဆယ်ဂျွန်းကျွန်းတို့၌ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကပ်ရောဂါကာလအတွင်း တစ်ခါသုံးခွက်များအသုံးပြုမှု ပမာဏသည် စံချိန်တင်မြင့်တက်လာကြောင်း၊  ကော်ဖီဆိုင် ၁၄ ဆိုင်နှင့်   နာမည်ကျော်အသင့်စားဆိုင်လေးဆိုင်တို့က ပြီးခဲ့သည့်နှစ်အတွင်းအသုံးပြုသည့်   တစ်ခါသုံးပလတ်စတစ်ခွက်နှင့် စက္ကူခွက်များအရေအတွက်သည် ၁ ဒသမ ၀၂ ဘီလီယံအထိရှိကာ   ၂၀၁၉ ခုနှစ်ကထက် ခွက်ရေသန်းပေါင်း ၇၇၀ တိုးမြင့်လာကြောင်း တွေ့ရသည်ဟု သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဂျယ်ဂျူးနှင့်ဆယ်ဂျွန်းကျွန်းတို့၌  တစ်ခါသုံးခွက်များအသုံးမပြုရေး စမ်းသပ်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ဂျယ်ဂျူးကျွန်းသည် ခရီးသွားများအများဆုံး လာရောက်သည့်နေရာ ဖြစ်သည့်အတွက် ၎င်းင်းတို့ချန်ခဲ့သော ပလတ်စတစ်အမှိုက်များကို ရှင်းလင်းနေရပြီး ဆယ်ဂျွန်းကျွန်းသည်  အစိုးရရုံးများ စိုက်ရာဒေသ ဖြစ်သည့်အတွက်   အဆိုပါ ကျွန်းနှစ်ကျွန်းကို ရှေ့ပြေးနေရာများအဖြစ်  ရွေးချယ်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကျွန်းများရှိ   ကော်ဖီဆိုင်များ၊ အသင့်စားဆိုင်များနှင့်   ကိတ်မုန့်ဆိုင်များ အနေဖြင့် ဒီဇင်ဘာ ၂ ရက်မှစ၍ တစ်ခါ သုံးခွက်တစ်ခွက်အတွက်   အာမခံငွေဝမ် ၃၀၀ ကို စားသုံးသူများထံမှ ကောက်ခံသွားရမည်ဖြစ်သည်။ ထို့နောက် စားသုံးသူများအနေဖြင့်  အသုံးပြုပြီးသားခွက်များကို ဆိုင်များသို့ ပြန်သွင်းရမည်ဖြစ်ကြောင်း သိရသည်။                     

Ref: TST