ကမ္ဘာ့စင်မြင့်ထက်မှာ အဆင်ပြေစေဖို့ အမေရိကန်က တရုတ်အပေါ်ထားရှိသည့် သဘောထား ပြောင်းလဲရမည်ဟုဆို

ကမ္ဘာ့စင်မြင့်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက် အဆင်ပြေစေရေးအတွက် အမေရိကန်နိုင်ငံအနေဖြင့်   တရုတ်နိုင်ငံအပေါ် ထားရှိသည့် သဘောထားကို ပြောင်းလဲရမည်ဖြစ်ကြောင်း   တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောသည်။

လက်ရှိနှစ်နိုင်ငံဆက်ဆံရေးသည် အရေးကြီးသော လမ်းဆုံလမ်းခွသို့ ရောက်နေပြီ ဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးက စိတ်ချယုံကြည်ရသော သဘောထားကို    ကမ္ဘာကြီးသို့ပြသနိုင်ရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံဆက်ဆံရေး  အဆင်ပြေစေရန် မှန်ကန်သော လမ်းကြောင်းတစ်ခုကို အရေးတကြီး ထူထောင်ရမည်ဖြစ်ကြောင်း  ဝမ်ယီကပြောသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကုလသမဂ္ဂ၌ တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခြင်း ဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်ကျွန်းကို ကာကွယ်မည်ဟူသော အမေရိကန်နိုင်ငံ၏ ကတိပြုမှုသည် တရုတ်နိုင်ငံ၏   အချုပ်အခြာအာဏာကို ထိပါးနေပြီး အလွန်မှားယွင်းပြီး အန္တရာယ်ကြီးသည့် အချက်ပြမှုဖြစ်ကြောင်း ဝမ်ယီက ဆက်ပြောသည်။

အလားတူ  ထိုင်ဝမ်ကျွန်းအရေးသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ထိုပြည်တွင်းရေးကို ပြေလည်စေရေးအတွက် မည်သည့်နည်းလမ်းများ အသုံးပြုသင့်သည်ဟူသော  ကြားဝင်စွက်ဖက်ပိုင်ခွင့် မရှိကြောင်း   ဝမ်ယီကပြောသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝမ်ယီနှင့်အန်တိုနီဘလင်ကန်တို့သည် ကုလသမဂ္ဂ၌ဘေးပန်းတွေ့ဆုံမှုအဖြစ် မိနစ် ၉၀ ကြာတွေ့ဆုံစဉ်  ထိုင်ဝမ်ကျွန်းအရေးကိုသာ ဦးစားပေးဆွေးနွေးပြောဆိုသွားခြင်းဖြစ်သည်။

ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ပိုင်နက်နယ်မြေတစ်ခုဖြစ်ပြီး အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံထားသည်ဟု ဆိုသော်လည်း    အခြားတစ်ဖက်တွင် ထိုင်ဝမ်ကျွန်းနှင့်ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ကာ   စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။            

Ref:RT