ယာဉ်မောင်းမလိုတဲ့ လမ်းကြမ်းမောင်းတိုက်ယာဉ်များ စမ်းသပ်နေတဲ့ DARPA

အမေရိကန်ကာကွယ်ရေး အဆင့်မြင့်သုတေသနစီမံကိန်းများအေဂျင်စီ(DARPA)က ယာဉ်မောင်းမလိုတဲ့ လမ်းကြမ်းမောင်းတိုက်ယာဉ်များကိုထုတ်လုပ်နိုင်ရေးအတွက် လက်တွေ့စမ်းသပ်မှုတွေကို စက်တင်ဘာ ၁၅ ရက်ကနေ ၂၇ ရက်အထိ လုပ်ဆောင်နေပါတယ်။

အခုဆိုရင် ယာဉ်မောင်းမလိုတဲ့လမ်းကြမ်းမောင်းတိုက်ယာဉ်များအတွက် ပထမဆုံးလက်တွေ့စမ်းသပ်မှုကတော့ အောင်မြင်စွာပြီးဆုံးသွားပါပြီ။

နောက်တစ်ဆင့်အနေနဲ့ ပိုမိုခက်ခဲတဲ့လမ်းကြမ်းနေရာတွေမှာ စမ်းသပ်မှုတွေကို လုပ်ဆောင်သွားမှာ  ဖြစ်တယ်လို့လည်း DARPA အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး  ယာဉ်မောင်းမလိုတဲ့ လမ်းကြမ်းမောင်းတိုက်ယာဉ်များကို  စမ်းသပ်ရတဲ့ ရည်ရွယ်ချက်က တကယ့်စစ်မြေပြင် အခြေအနေမှာ ရှေ့ကဦးဆောင်သွားတဲ့ လူမောင်းတိုက်ယာဉ်များနောက်ကနေ   ထက်ကြပ်မကွာ လိုက်နိုင်ရေးအတွက်   ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလမ်းကြမ်းမောင်းတိုက်ယာဉ်ရဲ့ ယာဉ်မောင်းမလိုတဲ့ စနစ်အတွက် ဆော့ဝဲများကိုတော့   ခါနီဂီးမယ်လွန်တက္ကသိုလ်၊ NASA ရဲ့ဂျက်တွန်းကန်အား  လက်တွေ့စမ်းသပ်ခန်းနဲ့ ဝါရှင်တန်တက္ကသိုလ်တို့က ရေးဆွဲပေးထားတာပါ။

ယာဉ်မောင်းမလိုတဲ့ လမ်းကြမ်းမောင်းတိုက်ယာဉ်များကို ပထမဆုံးစမ်းသပ်မှုက မတ်လနဲ့ဧပြီလအတွင်း လုပ်ဆောင်ခဲ့တာပါ။

ဒီစမ်းသပ်မှုမှာ   ယာဉ်မောင်းမလိုတဲ့မောင်းနှင်မှုကို အကြိမ် ၄၀ ကျော်လုပ်ဆောင်ခဲ့တာဖြစ်ပြီး တစ်ကြိမ်ကို ၂ မိုင်စီနဲ့သွားခဲ့တာဖြစ်ပါတယ်။   အမြန်နှုန်းကတော့ တစ်နာရီကို  မိုင် ၂၀ အောက်နှုန်းနဲ့ပါ။

ဒီလိုပထမအကြိမ် စမ်းသပ်မှုလုပ်စဉ်မှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုများကတော့ တိုက်ယာဉ်က  အရှိန်နှုန်းမြင့်နဲ့ သွားနေချိန်မှာ အတားအဆီးတွေကို ရှာဖွေတွေ့ရှိ ခွဲခြားကျော်လွှားမှုစွမ်းရည်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်   ပထမအကြိမ်စမ်းသပ်မှု လုပ်ဆောင်တဲ့နေရာက  ကျောက်ခဲတွေ၊ ချုံပုတ်တွေ၊ မြောင်းတွေများစွာ ရှိတဲ့အတွက် ယာဉ်ကိုပျက်စီးစေတဲ့အထိဖြစ်တဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရတယ်လို့  DARPA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ ဒုတိယအကြိမ်စမ်းသပ်မှုကိုတော့ ကန္တာရပတ်ဝန်းကျင် အခြေအနေများနဲ့ ထပ်တူကျတဲ့ အခြေအနေမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကြီးမားပြီး မတ်စောက်တဲ့ တောင်ကုန်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုစမ်းသပ်မှုမှာပါ အောင်မြင်သွားပြီဆိုရင် တခြားသော ယာဉ်မောင်းမလိုတဲ့ယာဉ်များ ထုတ်လုပ်နေသူများ ကာလရှည်ကြာရင်ဆိုင်နေရတဲ့ အခက်အခဲများကို ကျော်လွှားသွားနိုင်မှာဖြစ်တယ်လို့ DARPA ကထုတ်ပြန်ထားပါတယ်။

ဒီအတွက် နောင်တစ်ချိန်မှာယာဉ်မောင်းမလိုတဲ့   လမ်းကြမ်းမောင်းတိုက်ယာဉ်များဟာ လမ်းကြောင်းမှာ တွေ့ကြုံရတဲ့ အတားအဆီး အခက်အခဲများကို  ကျော်လွှားပြီး လူမောင်းတဲ့ယာဉ်များတန်းတူ စစ်မြေပြင်မှာ အသုံးပြုနိုင်တော့မယ့် အလားအလာရှိနေပါတယ်။                        

Ref:IE