မောင်းသူမဲ့လေယာဉ်နည်းပညာမှာ တစ်ခေတ်ဆန်းသစ်လာတဲ့ တရုတ်လေတပ်

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်လေတပ်က လက်နက်ပါကင်းထောက် မောင်းသူမဲ့လေယာဉ် အမျိုးအစားတစ်မျိုးကို နိုင်ငံအနောက်မြောက်ပိုင်းမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

အခုထုတ်ဖော်ပြသလိုက်တဲ့ မောင်းသူမဲ့လေယာဉ်အမျိုးအစားက နယ်စပ်ကာကွယ်ရေးနဲ့ သောင်းကျန်းသူချေမှုန်းရေး လုပ်ငန်းများမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

အဲဒီ  မောင်းသူမဲ့လေယာဉ်အနေနဲ့ လေတပ်စခန်းတစ်ခုကနေထွက်ခွာပြီး   နိုင်ငံအနောက်မြောက်ပိုင်း   သဲကန္တာရထဲမှာ လေ့ကျင့်ခန်းလုပ်ဆောင်ခဲ့တာပါ။

ဒီလို   လေ့ကျင့်ခန်းလုပ်ဆောင်စဉ် မောင်းသူမဲ့လေယာဉ်ဟာ   ကီလိုမီတာ ၁၀၀၀ ကျော်ပျံသန်းပြီး  ခရီးရှည် ပျံသန်း ကင်းထောက်မှုနဲ့တိုက်ခိုက်မှုတို့ကိုလည်း လေ့ကျင့်ခဲ့တယ်လို့ CCTV သတင်းဌာနက  ဖော်ပြထားပါတယ်။

မောင်းသူမဲ့လေယာဉ်ရဲ့   ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ ခရီးဝေးပျံသန်းနိုင်ခြင်းဖြစ်တဲ့အပြင် စစ်မြေပြင် အခြေအနေတွေကို   အချိန်နဲ့တစ်ပြေးညီရရှိအောင် ဆောင်ရွက်ပေးနိုင်စွမ်းဖြစ်ပါတယ်။

ဒါ့အပြင် စစ်မြေပြင်အခြေအနေအမျိုးမျိုး၊ ပစ်မှတ်အမျိုးမျိုးတို့နဲ့  လိုက်လျောညီထွေရှိစွာ ပြောင်းလွယ်ပြင်လွယ် နိုင်စွမ်းရှိခြင်းနဲ့ ပစ်မှတ်များကိုတွေ့ရှိရာနေရာမှာပင် ပစ်ခတ်ချေမှုန်းနိုင်စွမ်းရှိခြင်း တို့ကလည်း  သူ့ရဲ့စွမ်းဆောင်ရည်တွေထဲမှာ ပါဝင်ပါတယ်။

ဒါတင်မကသေးပါဘူး။   မောင်းသူမဲ့လေယာဉ်ရဲ့   စက်လည်ပတ်မှုစနစ်ကို အဆင့်မြှင့်တင်မှုများ ပုံမှန်လုပ်ဆောင် ထားခြင်းကြောင့် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်များကိုလည်း ပိုမိုသာလွန်ကောင်းမွန်စေမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တရုတ်လေတပ်ရဲ့ မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့က   မောင်းသူမဲ့လေယာဉ်များကို အဆင့်မြှင့်တင်မှုများ   ပုံမှန်ပြုလုပ်လာရုံသာမကဘဲ တိုက်လေယာဉ်များ၊ ကြိုတင်သတိပေးလေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တခြားမောင်းသူမဲ့ လေယာဉ်များနဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကိုလည်း လုပ်ဆောင်ထားပါသေးတယ်။

အခုထုတ်ဖော်ပြသလိုက်တဲ့ မောင်းသူမဲ့လေယာဉ်အမျိုးအစားကတော့  GJ-2 အမျိုးအစားဖြစ်ပြီး လေဆာပဲ့ထိန်းဗုံးများကိုပင် ပစ်လွှတ်နိုင်တဲ့ တာဝေးကင်းထောက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းကန္တာရဒေသမှာ အသုံးပြုနေတဲ့ ဒီမောင်းသူမဲ့လေယာဉ်များဟာ နယ်စပ်ကင်းလှည့်မှုနဲ့ သောင်းကျန်းသူချေမှုန်းရေးအပါအဝင် စစ်ဆင်ရေးများစွာကို သာမန်လေယာဉ်များထက်  ကုန်ကျစရိတ်များစွာ သက်သာပြီး များစွာအကျိုးရှိစေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မောင်းသူမဲ့လေယာဉ်အမျိုးအစားအများအပြားကို နိုင်ငံတစ်ဝန်းရှိအခြားသော စစ်ဆင်ရေးနယ်မြေများမှာလည်း အသုံးပြုလျက်ရှိပါတယ်။

အဲဒီမောင်းသူမဲ့လေယာဉ်တွေထဲကမှ CH-4၊ WZ-7၊ BZK-007၊ BZK-005၊ KVD-001 နဲ့ TB-001 အမျိုးအစားတို့ကို မကြာသေးမီက လုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်ခန်းမှာ ထည့်သွင်း အသုံးပြုခဲ့တာကိုလည်း တွေ့ရပါတယ်။

မောင်းသူမဲ့စစ်လက်နက်ပစ္စည်းများက အနာဂတ်စစ်ပွဲများ   ဆင့်ကဲပြောင်းလဲမှုအတွက် အဓိကကျတဲ့ အရာတွေဖြစ်လာပါပြီ။

ဒီအချိန်မှာ တရုတ်နိုင်ငံရဲ့မောင်းသူမဲ့လေယာဉ်ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့အဆင့်အတန်းမီလာပါပြီ။ ဒါ့အပြင် တရုတ်နိုင်ငံက အဆင့်မြင့်ရုံသာမကဘဲ အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာစေတဲ့ မောင်းသူမဲ့ လေယာဉ်များကို ထုတ်လုပ်သွားမှာဖြစ်တဲ့အတွက်   တရုတ်နိုင်ငံဟာ  မောင်းသူမဲ့လေယာဉ်နည်းပညာမှာ တစ်ခေတ်ဆန်းသစ်လာပြီလို့ ပြောလို့ရပါတယ်။

Ref: Global Times