တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၂၅

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရန်နှင့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

အဆိုပါ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်သို့ လည်းကောင်း၊  ရှမ်းပြည်တိုးတက်ရေး ပါတီ  (SSPP)  ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည်မွန်းလွဲပိုင်းနှင့် “ဝ”ပြည်  သွေးစည်းညီညွတ်ရေး ပါတီ (UWSP)   ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည်   ညနေပိုင်းတွင် လည်းကောင်း   နေပြည်တော်ရှိ Horizon Lake View Resort  သို့  ရောက်ရှိကြရာ  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရ ငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေ စည်းလုံးမှ   ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့်  တိုင်းရင်းသား ဘာသာနှင့်  မြန်မာဘာသာ စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း   ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။