အင်္ဂလန်အသင်း ပရိသတ်များက နည်းပြဆောက်ဂိတ်ကို ထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်း နည်းပြဟောင်းတူချယ်လ်ကို ခန့်အပ်ရန် တောင်းဆိုမှုများ ပြုလုပ်

အင်္ဂလန်အသင်း ပရိသတ်များက နည်းပြဆောက်ဂိတ်ကို ထုတ်ပယ်ပြီး ချယ်လ်ဆီးအသင်း နည်းပြဟောင်းတူချယ်လ်ကို ခန့်အပ်ရန် တောင်းဆိုမှုများ ပြုလုပ်

အင်္ဂလန်အသင်း ပရိသတ်များက ဥရောပနေးရှင်း လိဂ်ပွဲစဉ်အဖြစ်    အီတလီအသင်းနှင့် ကစားသည့်  ပွဲစဉ်တွင် ရှုံးနိမ့်ပြီး တန်းဆင်းခဲ့ရပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ  နည်းပြ ဆောက်ဂိတ်ကို ထုတ်ပယ်၍ ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် နည်းပြ တူချယ်လ်ကို   ခန့်အပ်ပေးရန်   တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ်  နည်းပြ ဆောက်ဂိတ်သည် အင်္ဂလန်အသင်း နည်းပြအဖြစ် ၂၀၁၆ ခုနှစ်က စတင်ခန့်အပ် ခံခဲ့ရပြီး အသင်းကို ၂၀၂၀ ယူရိုပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ရန် စွမ်းဆောင်နိုင်ခဲ့သော်လည်း  နောက်ပိုင်းပွဲစဉ်များတွင်  ရလဒ်များ ဆက်တိုက် ဆိုးရွားနေခြင်းဖြစ်သည်။

နည်းပြ ဆောက်ဂိတ်သည် အီတလီအသင်းနှင့် ပွဲစဉ်မတိုင်မီ   ကစားသမားရွေးချယ်မှု အပိုင်းတွင်လည်း ပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့  ယခုအခါ  အီတလီအသင်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ ငါးပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့သည့်အတွက် အသင်းပရိသတ်များက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရလဒ်ဆိုးများ တွေ့ကြုံလာနိုင်သည့် အခြေအနေကြောင့် နည်းပြအပြောင်းအလဲ ပြုလုပ်ပေးရန် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း နည်းပြဟောင်း  တူချယ်လ်သည်  ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲခဲ့သော်လည်း လက်ရှိအချိန်ထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ နေထိုင်လျက်ရှိပြီး ၎င်း၏ချစ်သူမှာလည်း လန်ဒန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့်အတွက် ၎င်းကိုခန့်အပ်ပေးရန် ပရိသတ်များက  တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင်    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နည်းပြ အပြောင်းအလဲအတွက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း   နည်းပြသစ်အဖြစ် တူချယ်လ်အပြင် စပါးအသင်းနှင့် ဆောက်သမ်တန် အသင်းနည်းပြဟောင်း ပိုချက်တီနိုလည်း ရေပန်းစားလျက် ရှိကြောင်း သိရသည်။