မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင် ကျင်းပမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဧပြီလတွင် စတင် ကျင်းပမည်

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း  ဝင်ရောက်ယှဉ်ပြိုင်မည့်    ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ     ခြေစစ်ပွဲစဉ်များကို ၂၀၂၃  ခုနှစ် ဧပြီလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အိုလံပစ်ပြိုင်ပွဲကို    ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားပြီး   အမျိုးသမီးဘောလုံး ပြိုင်ပွဲဝင်ခွင့်ကို အဆင့် သုံးဆင့်ခွဲကာ ကျင်းပမည်ဖြစ်သည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲစဉ်များကို  ၂၀၂၃  ခုနှစ် ဧပြီ ၃ ရက်မှ ၁၃ ရက်အထိ၊ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို   အောက်တိုဘာ   ၂၃ ရက်မှ ၃၁ ရက်အထိ၊ နောက်ဆုံးအဆင့် ခြေစစ်ပွဲစဉ်များကို  နိုဝင်ဘာ  ၂၇ ရက်မှ ဒီဇင်ဘာ ၆  ရက်အထိ အသီးသီး ကျင်းပ မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  ၂၀၂၀  တိုကျိုအိုလံပစ် ပြိုင်ပွဲတွင်လည်း   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး     ပထမ အဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲအောင် မြင်ခဲ့သော်လည်း နောက်ဆုံးအဆင့် ခြေစစ်ပွဲတွင် တောင်ကိုရီးယား အသင်း၊ ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ပြီး    နောက်ဆုံးအဆင့် ခြေစစ်ပွဲနှင့်ပင် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်  ယခုနှစ်တွင်  နိုင်ငံတကာပြိုင်ပွဲများ ကစားရန်မရှိဘဲ ၂၀၂၃ ခုနှစ်တွင် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ၊ (၃၂) ကြိမ်မြောက်    အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ    အမျိုးသမီးဘောလုံး ပြိုင်ပွဲနှင့်  ၂၀၂၃   အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ တို့ကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်က  ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ခြေစစ်ပွဲကာလ များကို ထုတ်ပြန်ထားပြီး ပြိုင်ပွဲဝင်အသင်း အရေအတွက်နှင့်    ပြိုင်ပွဲကျင်းပမည့် ပုံစံများကို ထုတ်ပြန်ခြင်း မရှိသေးဘဲ မကြာမီ အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲ၊ ၂၀၀၈  ပေကျင်းအိုလံပစ်ပြိုင်ပွဲ၊  ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲ ၊ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ နှင့်  ၂၀၂၀  တိုကျိုအိုလံပစ် ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  အမြင့်ဆုံး အောင်မြင်မှုအဖြစ်  နောက်ဆုံးအဆင့်  ခြေစစ်ပွဲအထိသာ ယှဉ်ပြိုင်ခဲ့ရကြောင်း သိရသည်။                      

STA