နွားထိုးကြီးမြို့နယ်ရှိ သဘင် အစည်းအရုံး အဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ဖွယ်များ ပေးအပ်

နေပြည်တော်၊ သြဂုတ် - ၈

Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် မန္တလေး တိုင်းဒေသကြီး၊ နွားထိုး ကြီးမြို့ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ပဲ စသည့် စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ မိတ္ထီလာ တပ်နယ်မှ ဗိုလ်ချုပ် ထင်လင်းနှင့် အဖွဲ့ဝင်များ၊ သဘင် အစည်းအရုံး ဥက္ကဋ္ဌနှင့် သဘင်ပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နွားထိုးကြီးမြို့နယ်ရှိ သဘင် အစည်းအရုံးအဖွဲ့ဝင် ၁၇၀ ဦးအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန် ၃၈ အိတ်၊ ဆီ ၆၇ ပိဿာ၊ ဆား ၅၉ ပိဿာ၊ ပဲ ၁၀၁ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် သဘင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇာနည်အောင်က  လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယနေ့လှူဒါန်းမှု အပါအဝင် တိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေးမြို့၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်များရှိ သဘင် အစည်းအရုံး အဖွဲ့ဝင်စုစုပေါင်း ၂၅၂၈ ဦးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီးကြောင်း သတင်းရရှိသည်။