ဒေသထွက် အုန်းသီးဈေးကောင်းရ၍ အုန်းခြံ စိုက်ပျိုးထားသူများအဆင်ပြေ

ဒေသထွက် အုန်းသီးဈေးကောင်းရ၍ အုန်းခြံ စိုက်ပျိုးထားသူများအဆင်ပြေ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ဒေသထွက် အုန်းသီးများ ယခုအခါတွင် ရောင်းအားကောင်းနေပြီး ဈေးကောင်းရရှိနေ၍ အုန်းခြံစိုက်ပျိုးထားသူများ ဝင်ငွေကောင်းကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

“ဒီနှစ်က နှစ်ရှည်သီးနှံမျိုးစုံနဲ့   ရာသီပေါ်အသီး/အရွက် အကုန်ဈေးကောင်းရနေတော့ ယခင်မလုပ်ဘဲ ပစ်ထားတဲ့အုန်းခြံတွေကို ပိုပြီးဂရုတစိုက် ပြန်လုပ်နေရပါတယ်။ 

ဟိုအရင်နှစ်တွေကဆို ဒီဘက်ဒေသတွေမှာ အုန်းသီးကို သွားရောင်းတာတောင် ဝယ်ယူမယ့်သူမရှိကြဘူး။ မုန့်လုပ်ရောင်းတဲ့သူ အနည်းငယ်သာ ဝယ်ယူကြပြီး အခုတော့ဝယ်ယူသူတွေများလာကာ ရောင်းအားကောင်းလာပါတယ်။ ဒါကြောင့်ခြံပိုင်ရှင် အတော်များများက အုန်းသီးခြံကို ပြန်လည်စိုက်ပျိုးသူ များလာတယ်။ အခုဆိုရင် အုန်းသီးတစ်လုံးကို ငွေကျပ် ၅၀၀ လောက်ရလာတော့ အရင်က စိုက်ပျိုးထားတဲ့   ခြံပိုင်ရှင်တွေကလည်း အကုန်ပြန်စိုက်လာကြတယ်။ ဈေးကောင်းရနေလို့ ခြံပိုင်ရှင်တွေအနေနဲ့ အဆင်ပြေနေပါတယ်”ဟု    အုန်းခြံစိုက်ပျိုးထားသူ တစ်ဦးကပြောသည်။

ကလိန်အောင်မြို့ရှိ   ဒေသခံအများစု စိုက်ပျိုးထားသည့် အုန်းအမျိုးအစားများမှာ အမြင့်မျိုး(အုန်းထရံ)၊ အပုမျိုး(ဝက်မလွတ်)နှင့် လိမ္မော်ရောင်မျိုး(အုန်းပနီ)တို့ဖြစ်ပြီး အိမ်ပတ်ဝန်းကျင်နှင့်   ဥယျာဉ်ခြံများတွင် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။