မော်လမြိုင်ကျွန်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာဧက ၃၀၀ ခန့် စိုက်ပျိုးရန်လျာထား

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်မော်လမြိုင်ကျွန်းမြို့နယ်၌ လာမည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် နေကြာဧက ၃၀၀ ခန့်  စိုက်ပျိုးရန်လျာထားကြောင်း  မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လာမယ့်ဆောင်းသီးနှံစိုက်ပျိုးရာ သီမှာနေကြာဧက ၃၀၀ ကို  စီမံချက်ချမှတ်စိုက်ပျိုးမှာ ဖြစ်ပါတယ်။ ဒေသတွင်းစားသုံးဆီဖူလုံစေဖို့နဲ့ နိုင်ငံတော်ရဲ့ ဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ဆီထွက်သီးနှံနေကြာကို စိုက်ပျိုးမှာ ဖြစ်ပါတယ်။   နေကြာကို  ပထမအကြိမ်   စိုက်ပျိုးမှာ ဖြစ်တဲ့အတွက် အဲဒီလိုစိုက်ပျိုးဖို့ကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကလည်း  လိုအပ်တာတွေ  ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကတော့ လိုအပ်တဲ့နည်းပညာတွေ ကို ပံ့ပိုးပေးမှာဖြစ်ပါတယ်ဟု မော်လမြိုင် ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဦးမောင်မောင်ကျော်က ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး စိုက်နည်းစနစ်နှင့် တခြားနည်းပညာများကိုလည်း သင်ကြားပို့ချပေးမည် ဖြစ်သည်။   နေကြာစိုက်ပျိုးရာတွင် အနည်းဆုံးနှစ်ကြိမ်  ရေသွင်းပေးရသဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ  စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။               

  သုတကျော်