(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပမည့်မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံအား ကြည့်ရှုစစ်ဆေး

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပမည့်မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံအား ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၉

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ နေပြည်တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ၌ ကျင်းပရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ  ၁  နာရီတွင် ပဒေသာကပွဲ ကျင်းပမည့် နေပြည်တော်မြို့တော်ခန်းမ  လဟာပြင်ကဇာတ်ရုံကို  ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည်   မြို့တော် ခန်းမလဟာပြင် ကဇာတ်ရုံအနီးရှိ အစည်းအဝေးခန်းမ၌   ရုပ်ရှင်ဒါရိုက်တာများ၊ အနုပညာရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ အနုပညာရှင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ်    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးပြောကြားရာ တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ပဒေသာကပွဲကြီးကို နေပြည်တော်၌  ငါးရက်ကြာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါ

ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျင်းပမည့်နေရာကို  ယနေ့တွင် မြေပြင်ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များ  တိုင်ပင်ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ ပဒေသာကပွဲကို တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက်  ကျင်းပခြင်း မဟုတ်ဘဲ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့်   ပြည်သူများ အားလုံးအတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊ ပြည်သူ များအားလုံးက လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သောအားဖြင့်  နားလည်မှု၊ စေတနာအရင်းခံတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း။

ပဒေသာကပွဲတွင် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ၊ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး တစ်နေ့လျှင် ၄ နာရီခန့်ကြာမြင့်မည်ဟု လျာထားကြောင်း၊   ယခုပဒေသာကပွဲကို ထူးခြားသည့် တင်ဆက်မှုများဖြင့် ကပြဖျော် ဖြေနိုင်ရန်   စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ် - ၁၉ ကြောင့် ရပ်နားထားရ သည့်နောက်ပိုင်း အနုပညာရှင်များပြန်လည် စုစည်းဖျော်ဖြေ တင်ဆက်သည့် ပထမဆုံးပွဲ တစ်ပွဲလည်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စိတ်ညစ်ညူးနေသည့် ပြည်သူများကို အနုပညာရှင်များက  လေးနက်သည့် အနှစ်သာရများဖြင့် စိတ်အပန်းပြေစေရန် ၊ စိတ်ရွှင်လန်းတက်ကြွစေရန် ဆောင်ရွက်နိုင်သည့်ပွဲဟုလည်း ဆိုချင်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။