ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပမည်

မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်အတွင်းရှိ  ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို (၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ )၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက် မှ (၁၃၈၅ခုနှစ် ကဆုန်လပြည့်နေ့ ) ၂၀၂၃ ခုနှစ် မေ ၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော် ကာလတစ်လျှောက်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ဘုရားလာရောက်ဖူးမြော်သူများအား အခမဲ့တည်းခိုနိုင်ရန် ပြည့်စုံဓမ္မာရုံနှင့်ဆီမီး ၉၀၀၀ ဓမ္မာရုံကိုစီစဉ်ထားရှိပြီး မိမိဆန္ဒအရ အခပေးတည်းခိုနိုင်ရန် ဟိုတယ်များ၊တည်းခိုဆောင်များကိုလည်း စီစဉ်ထားရှိသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ၂၀၁၉/၂၀၂၀ ကာလတွင် ရောဂါပိုးပျံ့နှံ့ကူးစက်မှု မဖြစ်ပေါ်စေရေး ကျိုက်ထီးရိုးစေတီတော်ဖူးမြော်ခွင့် ပိတ်ထားခဲ့ရပြီး ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း၊ ၂၀၂၁^၂၀၂၂ ခုနှစ်တွင် ဗုဒ္ဓပူဇနိယပွဲတော်ကိုကျင်းပခဲ့ပြီး  စေတီတော်ဖူးမြော်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်သူ လေးသိန်းကျော်ခန့်ရှိကြောင်း သိရသည်။ 

ယခုနှစ်      ဘုရားပွဲတော်ကျင်းပရာတွင် လာရောက်ဖူးမြော်သူများအားကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ Mask များတပ်ဆင်သွားလာနိုင်ရန်Maskများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် စစ်ဆေးပြီးမှ သာ  ဘုရားရင်ပြင်တော်သို့တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး  ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ပါက ရင်ပြင်တော်တွင်  ဖွင့်လှစ်ထားသည့် ကျန်းမာရေးဌာန(ခွဲ) မှ လိုအပ်သလို ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း  ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

                          ဝင်းမောင်(ကျိုက်ထို)